ချင်းမိုင် (မဇ္ဈိမ) ။ ။ ပေါက်ကွဲမှုများဆက် တိုက်ဖြစ်ပွားနေသော မြစ်ကြီးနားမြို့တွင်တနင်္ဂနွေ နေ့ညက မိဘမဲ့ ကလေးမျာအားစောင့်ရှောက်နေ သည့် နေအိမ်တခုထဲသို့ အပြင်မှ ဗုံး ပစ်သွင်း ဖောက်ခွဲမှုကြောင့် လူ ၁၀ ဦး သေဆုံးကာ ၂၇ ဦး ဒဏ်ရာ ပြင်းထန်ရရှိသွားသည်ဟု ဒေသခံများက ပြောသည်။
မြစ်ကြီးနားမြို့ သီတာရပ်ကွက် AG ဘုရားကျောင်းအနီးရှိ ဦးဒယောင်တန်ဂွန်း၏ နေအိမ်တွင်းသို့ ဆိုင်ကယ် စီးနင်းလာသည့် လူနှစ်ယောက်က အထုပ်တထုပ် ပစ်သွင်းသွားရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါဖြစ်ရပ်ကြောင့် ဦးဒယောင်တန်ဂွန်း၏သား ဆယ်နှစ်ကျော်အရွယ် မောင်ဆိုင်းခွမ်၊ သမီး တဦးနှင့် တနှစ်အရွယ် မြေးတဦးတို့ အပါအဝင် ၁၀ ဦး သေဆုံးသွားသည်။
“ဦးဒယောင်တန်ဂွန်းရဲ့ကလေးတွေ နေတဲ့အိမ်က အနောက်ဘက်မှာ လမ်းကြားရှိတယ်။အဲဒီလမ်းကြား ဘက် ကနေ ဗုံးပစ်လိုက်တယ်လို့ ပြောတယ်။ နောက် ဆိုင်ကယ်နဲ့လူနှစ်ယောက် အဲဒီခြံဝင်းထဲကိုအထုပ် တခု လာပို့ပေးထားတယ်။ သူတို့ထွက်ပြီးနောက် သိပ်မကြာခင်မှာပဲ ပေါက်ကွဲသံထွက်လာတယ်လို့ လည်း ပြောနေကြတယ်။” ဟု အိမ်နီးနားချင်း တဦးက ပြောသည်။
ဦးဒယောင်တန်ဂွန်မှာ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်ဝင် တဦးဖြစ်ကာ အခင်းဖြစ်ပွားချိန်တွင် ခရီးလွန်နေသည်။ သူ၏နေအိမ်တွင် သိုင်းလာသင်နေသော သင်တန်းသားများ တည်းခိုနေပြီး၊ မိဘမဲ့နှင့် စစ်ပြေးဒုက္ခသည် ကလေးများကိုစောင့်ရှောက်ထားရာ လူဦးရေ ၃၀ ကျော်နေထိုင်နေသည်ဟု ဆိုသည်။
“ကျနော်အခု ရင်ခွဲရုံမှာ သွားကြည့်နေတယ်။ အခုထိ သေတာ ၁၀ (ယောက်) ရှိတယ်။ ဂူသွင်းဖို့လုပ်နေ တယ်။ ဒဏ်ရာရအားလုံးက ၂၇ ဦးရှိတယ်။ ကျန်တဲ့လူတွေလည်း ဒဏ်ရာပြင်းတယ်။ အရေးပေါ်ခန်းမှာ ခွဲစိတ်ကုသနေ တယ်။”ဟု ဒေသခံတဦးက ပြောသည်။
လူနာများ ကုသမှုခံယူနေသည့် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း တနင်္ဂလာနေ့ နံနက် ရ နာရီက သွားရောက် ကြည့်ရှု့ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုမှ မီးလောင်ကျွမ်းရာ ဦးဒယောင်တန်ဂွန်း၏ နေအိမ် အပါအဝင် အိမ်သုံးလုံး မီးလောင်ဆုံးရှုံး သွားသည်။ အနီးရှိ အိမ်တလုံးမှာ ဓာတ်ဆီ၊ ဒီဇယ်ဆီများ သိုလှောင်ထားရာက မီးကူးစက်သွားခြဲ့ခင်း ဖြစ်သည်ဟု ဆိုသည်။
သေဆုံးသွားသူများ၏ နာရေးကို Jade Land Company ပိုင်ရှင် ဦးရွပ်ဇော်ခေါင် အပါအဝင် ဒေသခံများက စီစဉ်ပေးလျက် ရှိသည်။
ဗုံးခွဲသည့် လက်သည်ကို မြို့ခံများ မှန်းဆနိုင်ခြင်း မရှိသေးဘဲ ဖြစ်နေပြီး စနေနေ့ ည ၁၀ နာရီမှ ၁၁ နာရီခွဲအတွင်း ဗုံးလေးလုံး ဆက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။ ပေါက်ကွဲမှုများနှင့်အတူ ရဲများ လမ်းပေါ်တွင် စစ်ဆေးမှုများလည်း ရှိနေသဖြင့် ည ရ နာရီကျော်သည်နှင့် မြို့ပေါ်တွင် လူခြေ တိတ်ဆိတ်လျက် ရှိသည်။
ဗုံးပေါက်ကွဲသံများကို မကြာခဏ ကြားနေခဲ့ရသော်လည်း အများအားဖြင့် လူသူကင်းဝေသောနေရာများ တွင်သာဖြစ်ပွားလေ့ရှိသဖြင့် ယခင်ရက်များက “ခြိမ်းခြောက်ရုံသာ” ဖောက်ခွဲခြင်းဟု အများစုကယုံကြည် ခဲ့ကြသည်။
အစိုးရအာဘော် တနင်္လာနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် “ မြစ်ကြီးနားမြို့၌ ချိန်ကိုက်မိုင်းတလုံးကို အချိန်မီ ရှင်းလင်းနိုင်ခဲ့ပြီး အခြားမိုင်းနှစ်လုံး ပေါက်ကွဲခဲ့သည်" ဟု ရေးသားထားသည်။
မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ မိဘမဲ့ကလေးများ စောင့်ရှောက်ရေးအိမ်သို့ တနင်္ဂနွေညက နေအိမ်ပြင်ပမှ ဗုံးပစ်သွင်းခံရပြီးနောက် နေအိမ်သုံးလုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားသွားခဲ့သည်။ ဗုံးကြောင့် လူ ၁၀ ဦးသေ ဆုံးပြီး ၂၇ ဦး ဒဏ်ရာရသွားခဲ့သည်။ ဓာတ်ပုံ-Hkra U/ မဇ္ဈိမ
ည ၉ နာရီ ၅၅ မိနစ်ခန့်တွင် သီတာရပ်ကွက် အား/ကာ ရုံးရှေ့လမ်းနှင့် ပေ ၄၀ ခန့်အကွာရှိ ချံုပုတ်အတွင်း မိုင်းတလုံး ပေါက်ကွဲမှု ဖြစ်ပွားကာ မြေပြင်၌တပေပတ်လည် အနက်ခြောက်လက်မခန့် ကျင်းတကျင်း ဖြစ်သွားကြောင်း ပါရှိသည်။
ထို့ပြင် ည ၁၀ နာရီ ၁၅ မိနစ်ခန့် တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံ(မြောက်) နယ်မြေ ဆွမ်ပရာဘွမ်လမ်းနှင့် စက်မှု လမ်းဆုံအနီး ဆီးပင် တပင်အောက်၌ မိုင်းတလုံး ထပ်မံပေါက်ကွဲမှုကြောင့် ဆီးကိုင်းအနည်းငယ် ပျက်စီးသွားပြီး အခြားထိခိုက်မှုမရှိဟု သတင်စာကဆိုသည်။
ထို့အတူ ည ၈ နာရီ ၅ မိနစ်ခန့်တွင် ဧရာရပ်ကွက် အောင်ဆန်းလမ်းမကြီးဘေး လမ်းမီးတိုင်တတိုင်အနီး မသင်္ကာ ဖွယ် အထုပ်တထုပ် တွေ့ရှိသည့် သတင်းကြောင့် သွားရောက်စစ်ဆေးရာ “ည ၉နာရီခွဲအချိန် ပေါက်ကွဲရန် ချိန်ကိုက်ထားသော ဒေသန္တရလုပ် ချိန်ကိုက်မိုင်းတလုံးကို TNT ယမ်းထည့်ထားသည့် အချင်း သုံးလက်မ၊ အမြင့်နှစ်လက်မခန့်ရှိ ပလတ်စတစ်ဘူးတဘူး တွေ့ရှိခဲ့သဖြင့် ဖောက်ခွဲရှင်းလင်းခဲ့သည်။” ဟုလည်း ရေးသား ထားသည်။