ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့ သတင်းစာရှင်းလင်းပွဲ ရွှေ့ဆိုင်း

ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့ သတင်းစာရှင်းလင်းပွဲ ရွှေ့ဆိုင်း
by -
ဖနိဒါ

ချင်းမိုင်(မဇ္စျိမ) ။      ။ အစိုးရနှင့် အပစ်ခတ်ရပ်ရေး ရယူခြင်းအပေါ် ရှင်းလင်းပြောကြားပွဲကိုကြာသပ တေးနေ့တွင် ပြုလုပ်ရန် လူထုမှ အချိန်မီ ရောက် မလာခဲ့သဖြင့် နောက်ရက်သို့ ရွှေ့ဆိုင်းလိုက်သည်ဟု တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားအစည်း အရုံး DKBA မှ အရာရှိတဦးက ပြောသည်။

"ရွာကလူတွေစုတာ လာတာ နောက်ကျတာပေါ့နော်။ တချို့ရွာတွေကလည်း လမ်းခရီးက သုံးနာရီ၊ လေးနာရီလောက်ကြာ လမ်းလျှောက်ရတာကိုး၊ မနက်ဖြန်မှ စမယ်။" ဟု အမည်မဖော်လိုသူ အရာရှိက ပြောသည်။

နိုဝင်ဘာ ၆ ရက်နေ့မှစတင်၍ နှစ်ဘက် အပစ်ခတ် ရပ်စဲခဲ့သည့် အကြောင်း ဗိုလ်ချုပ်စောလားဘွယ် (ဗိုလ်နှုတ်ခမ်းမွှေး) ဦးစီးသော DKBA အဖွဲ့ကွဲတခု၏ ဌာနချုပ်ရှိရာ ကရင်ပြည်နယ် မြဝတီမြို့တောင်အုပ် ကျေးရွာ တွင် ကျင်းပရန်စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ ဒေါနတောင် အရှေ့ဘက်ခြမ်း၊ ဒေါနတောင်အနောက် ခြမ်းရှိ ကျေးရွာ တရွာလျှင် အနည်းဆုံး ကိုယ်စားလှယ် နှစ်ယောက်အထိ ဖိတ်ခေါ်ထားကာ  သောကြာနေ့ နံနက် ၁ဝ နာရီ အချိန် တွင်တော့ ရှင်းလင်းပွဲ ပြုလုပ်နိုင်မည်ဟု ဆိုသည်။

နိုဝင်ဘာလ ၃ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ရုံးတွင် DKBA ဒုစစ်ဦး စီးချုပ် ဗိုလ်မှူးချုပ် မိုရှေး ဦးဆောင်သောအဖွဲ့နှင့် ဗဟိုအစိုးရ ကိုယ်စာလှယ် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး(၁) ဦးအောင်သောင်း၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဥက္ကဋ္ဌနှင့် ကြံ့ခိုင်ရေးအတွင်းရေးမှူး (၂)   ဦးသိန်းဇော်နှင့် ဗိုလ်ကြီးမောင်မောင်သိန်းတို့ဒုတိယ အကြိမ် တွေ့ဆုံပြီး သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။

နှစ်ဘက်သဘောတူညီချက်တွင် အပစ်ခတ်ရပ်ရန်၊ မြဝတီမြို့တွင် DKBA၏ ဆက်ဆံရေးရုံးဖွင့်လှစ်ခွင့်ပြုရန်၊ မိမိ၏ နယ်မြေမှကျော်ကာ လက်နက်ကိုင် သွားလာလျှင် ကြိုတင် အကြောင်းကြားရန်၊ နယ်မြေ သတ်မှတ် ပေးရန်နှင့်နှစ်ဘက်ဆွေးနွေးပြီးနောက် ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန်တို့ပါဝင် သည်။

ဒေါနတောင် အရှေ့ခြမ်း မြဝတီခရိုင်ရှိ ဆုံဆည်းမြိုင်တွင် နေရာချပေးရန် DKBA ၏ တောင်းဆိုမှုကိုအစိုးရ ဘက်က လိုက်လျောပြီး တပ်များ နောက်ဆုတ်ပေးခဲ့သည်။

ဗိုလ်နှုတ်ခမ်းမွှေး၏ DKBA များမှာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကလိုထူးပေါ၊ကော့ကရိတ်မြို့ နယ် ကလိုထူးဝါးနှင့် မြိုင်ကြီးငူ-လှိုင်းဘွဲ့-ဖာပွန်နယ်စပ်ရှိ ကလူလားဟူ၍ ဗျူဟာသုံးခုတွင်အခြေချထား သည်။

တောင်အုပ်ရွာမှ ဗိုလ်မှူးစောလုံ့လုံက “ကျနော်တို့ အကြမ်းပြောမယ်ဆိုရင် ဖိနှိပ်မှုရှိရင် အုံကြွမှုရှိမှာပဲနော်။ ကျနော် တို့ကို တွန်းပို့တယ်။ မလုပ်ချင်တာကို လုပ်ခိုင်းတယ်။ ကျနော်တို့ မလုပ်ဘူးဆိုရင်အတင်းအကြပ် ခိုင်းတယ်။ နောက်တော့ ကျနော်တို့က ပါးကိုက်တော့ နားပြန်ကိုက်သွားတာပေါ့ဗျ။ နောက်သေနတ်ပြန် ပေါက်သွားတာပါ။”ဟု ဆို သည်။

၂ဝ၁ဝ ခု နိုဝင်ဘာလ ၈ ရက်နေ့က အစိုးရတပ်ကို ပြန်လည် တိုက်ခိုက်မှု မတိုင်ခင်က ဗိုလ်မှူးကြီးအဆင့်သာ ရှိခဲ့သော နှုတ်ခမ်းမွှေး တပ်များနှင့် KNU၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့ ပူးပေါင်းတိုက်ခဲ့သည်။

၁၉၉၄ ခုနှစ်က ကရင်အမျိုးသား အစည်းအရုံး KNU ခွဲထွက်ခဲ့သော DKBA အနက် တပ်အများစုက ၂ဝ၁ဝ ပြည့်နှစ် သြဂုတ်လ ၁၈ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာနအောက် နယ်ခြားစောင့်တပ်များအဖြစ်အသွင် ပြောင်းခဲ့သည်။

လက်ရှိ နယ်ခြားစောင့်တပ်ပြောင်းပြီးမှ ပြန်လည်တောခိုသော ဗိုလ်မှူးစောဘိခေါင်းဆောင်သော DKBA အဖွဲ့ငယ် တခု နောက်ဆုံး ကျန်ရှိနေသေးပြီး ကရင်အမျိုးသား အစည်းအရုံးနှင့် မဟာမိတ်ဖွဲ့ထားသည်။

Most read this week