လက်နက်ကိုင်များနှင့် တွေ့ဆုံရန် NLD ဆန္ဒရှိသော်လည်း အခက်တွေ့

လက်နက်ကိုင်များနှင့် တွေ့ဆုံရန် NLD ဆန္ဒရှိသော်လည်း အခက်တွေ့
by -
ကိုပေါက်

နယူးဒေလီ (မဇ္ဈိမ) ။     ။ အစိုးရနှင့် လက်နက်ကိုင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် တိုင်းရင်း သား အင်အားစုများနှင့် တွေ့ဆုံရန် ဆန္ဒရှိသော်လည်း အခက်အခဲများ ရှိနေသေးကြောင်း အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် NLD က ထုတ်ဖော်ပြောကြားလိုက် သည်။

nldanww
“(တွေ့ဆုံဖို့ဆန္ဒ) သိပ်ရှိတာပေါ့ဗျာ။ တွေ့ဆုံချင်လို့ ဒုတိယ ပင်လုံညီလာခံ ပြောပြီးတဲ့ နောက်ပိုင်းမှာ ပြည်ထောင်စု စိတ်ဓါတ် ညီလာခံ ဆိုတာတွေလည်း လုပ်ကိုင်နေ၊ သွားနေတာတွေ ရှိတယ်။ သို့သော်လည်း NLD ကိုယ်စားလှယ်တွေက သွားပြီး ကြားထဲမှာ စေ့စပ်တာ၊ ညှိနှိုင်းတာ လုပ်ကိုင်ပေးနိုင်မယ့် အနေအထား ကတော့ ခုချိန်မှာ မရှိသေး ဘူးဗျ” ဟု NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက မဇ္စျိမကို ပြောသည်။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB ၏ ကြေညာချက်ပါ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အား တိုင်းရင်းသားခေါင်းဆောင် အားလုံးနှင့် တွေ့ဆုံ ဆွေးနွေးရန်အကြံ ပြုချက်အား တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

တပြည်လုံး အတိုင်းအတာဖြင့် အပစ်ရပ်ရန် တောင်းဆိုလိုက်သည့် အဆိုပါ ကြေညာချက်တွင် တိုင်းရင်းသား အားလုံးနှင့် စေ့စပ်ညှိနှိုင်းနိုင်ရန် NLD ၏ စွမ်းဆောင်နိုင်ရည်အား အသိအမှတ်ပြုရန်နှင့် ကြိုးပမ်းမှုအား ပံ့ပိုးပေးရန် ဦးသိန်းစိန် အစိုးရ အား NCUB က တိုက်တွန်းထားသည်။

မြေပေါ် တိုင်းရင်းသား အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးနိုင်မှုများ ရှိခဲ့သော်လည်း လက်နက်ကိုင် အင်အားစုများ နှင့် တွေ့ဆုံနိုင်ရန်မှာ အာဏာပိုင်များနှင့် ကြိုတင် ညှိနှိုင်းရန် လိုကြောင်း  “အခြေအနေ ပေးသလောက်ပဲ လုပ်နိုင် စွမ်းရှိမယ်။ သွားမယ် ဆိုရင် အာဏာပိုင် အဖွဲ့အစည်းတွေက သူတို့နဲ့ပတ်သက် တာ ပြေပြေလည်လည် လုပ်ရမယ့် ကိစ္စ အများကြီးရှိတာပေါ့။ တခါတုန်းက ကျနော်တို့ဆီက CRPP က ဦးအေးသာအောင်တို့ တိုင်းရင်းသားခေါင်းဆောင်တွေ ကချင်ပြည်နယ်ဘက် သွားတဲ့အခါဖိတ်လို့သွား တာပဲလေ။ ဟိုရောက်တော့ အာဏာပိုင်တွေက ဖမ်းပြီး ထောင်ထဲ ထည့်ပစ်လိုက်တာလည်း ရှိတာကိုးဗျ” ဟု ဦးတင်ဦးက ပြောသည်။

ဇူလိုင်လ ၂၈ ရက်စွဲပါ ‘အိတ်ဖွင့်ပေးစာ’ တွင် ဒေါ်အောင်ဆန်းစုကြည်က “အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပံ့ပိုးရန်အတွက် ကျွန်မအနေနှင့် ကိုယ်စွမ်းရှိသမျှ ပါဝင်ကြိုးပမ်းပေးရန် အသင့်ရှိပါသည်” ဟု သမ္မတ ဦးသိန်းစိန်နှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များအား ကမ်းလှမ်းထား သည်။

NLD အနေဖြင့် ပါတီရပ်တည်ရေး ကိစ္စရပ်များ အတွက် ဗဟိုဦးစီးအဖွဲ့ဝင်များ ဆွေးနွေးရန် ရှိနေပြီး ဆုံးဖြတ်ပြီးနောက်တွင် ပါတီ၏လုပ်နိုင်ရည် ပိုရှိလာမည်ဟုလည်း ဦးတင်ဦးက “ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ တိုင်းရင်းသားအရေးကို အဓိက ဦးစားပေးထားတာ ဒီနေ့အထိ တစက်မှ မလျော့ပါဘူး ခင်ဗျ။ အခု ဦးသိန်းစိန်နဲ့ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးတဲ့ ကိစ္စရပ် အပေါ်မှာ ဆက်လက်ပြီးဆောင်ရွက် သွားနိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ထားတယ်။

အခု ပါတီကိစ္စနဲ့ ပါတ်သက်လို့ မှတ်ပုံတင်တဲ့ ကိစ္စတို့၊ ရွေးကောက်ပွဲ ဝင်မယ်/ မဝင်ဘူးဆိုတဲ့ ကိစ္စတို့ ကလည်းအခု လောလောဆယ်မှာ ဗဟိုဦးစီး အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးရမှာဖြစ်ပြီးတော့ အဲဒီအခါမှာလုပ်နိုင် ကိုင်နိုင်မှုဟာ ပိုမိုထိရောက်မှု ရှိနိုင်မယ်” ဟု ပြောသည်။

NLD က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA နှင့် တွေ့ဆုံဆွေးနွေးရန် ဆုံးဖြတ်ချက် အပြင် ပါတီတွင်း ကျယ်ပြန့်သော ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ရန်အစီအစဉ်အား NCUB က ကြိုဆို လိုက်သည်။

NCUB ကို တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများဖြင့် ဖွဲ့စည်းထားသည့် NDF ၊ ဒီမိုကရေစီ အင်အား စုများလည်း ပါဝင်သည့် DAB ၊ ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များ သမဂ္ဂ၊အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ)တို့ ပူးပေါင်း ဖွဲ့စည်းထားခြင်း ဖြစ်သည်။