သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရို်င်ပင်လုံမြို့နယ်ခွဲ ၌ ပြုလုပ်ကျင်းပမည့် ၂၁၀၆ ခု သျှမ်းနှစ်သစ်ကူးပွဲ တော်၌ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး UNODC မှ မူးယစ်ဆေးဝါးပညာပေးပြခန်း လာရောက် ဖွင့်လှစ်၍ ပွဲတော်လာပရိသတ်များအား ပညာပေးပြသသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ပင်လုံမြို့၌ သျှမ်းနှစ်သစ်ကူးပွဲတော်ကို နိုဝင်ဘာ ၂၅ (တန်ဆောင်မုန်းလကွယ်ည) နှင့် နိုဝင်ဘာ ၂၆ ရက် (နတ်တော်လ ဆန်း ၁ ရက် နေ့/ည) ၂ ည ၁ ရက် ပြုလုပ်ကျင်းပသွားမည့်အစီစဉ်တွင် -
“မူးယစ်ဆေးဝါး ပညာပေး V 9 ပိုစတာတွေ ဓာတ်ပုံတွေနဲ့ ပြသမယ်။ လာရောက်ကြည့်ရှုတဲ့သူတွေကို မူးယစ် ဆေးဝါးနဲ့ ပတ်သက်တဲ့ အမေးအဖြေတွေ မေးမယ်ပေါ့။ အဖြေမှန်တဲ့သူတွေကို UNODC က အမှတ်တရ လက်ဆောင်ပေးမယ်လို့ UNODC က ကိုယ်စားလှယ်တွေ ပြောသွားတယ်” ဟုသျှမ်းနှစ်သစ်ကူး ပွဲတော်ဖြစ် မြောက်ရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။
သျှမ်းဘာသာနှင့် ရိုက်နှိပ်ထားသော မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ပညာပေးလက်ကမ်းစာစောင်များကို လည်း ပေးဝေ သွားမည်ဟုဆို၏။
“အခုဆို မူးယစ်ဆေးဝါးတွေလဲပေါ၊ ဆေးစွဲတဲ့သူတွေလဲ အရမ်းများတယ်။ ခေတ်ပညာတတ်လူငယ် တွေရော လူကြီးတွေ ရောဘဲ။ UNODC က ဒီလိုစီစဉ်ပေးတာ အရမ်းကောင်းတယ်။ ကောင်းကျိူးလဲရှိတယ်။ မြို့ပေါ်က လူတွေသာမက တောင်ပေါ် က လူတွေလဲ နှစ်သစ်ကူးပွဲလာကြတော့ သူတို့လဲမူးယစ်ဆေးဝါး နဲ့ပတ်သက်တဲ့ အသိပညာတွေ ရကြမှာဘဲ” ဟု ၎င်းက ဆက်ပြောပါသည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ နောက်ဆုံးအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု သည် လွန်ခဲ့သည့် ၃ နှစ်ကျော်ထက် နှစ်ဆတိုးစိုက်ပျိုးလာခဲ့ သည်ဟုဆို၏။မြန်မာနိုင်ငံဘိန်း ထွက် ရှိမှု ၉၆% မှာ သျှမ်းပြည်ကဟု အစီရင်ခံခဲ့ဖူးပါသည်။
သျှမ်းပြည်အတွင်း ဘိန်းစိုက်ပျိုးသော မြို့နယ် ၄၀ ကျော်အနက် လွိုင်လင်ခရိုင် ပင်လုံမြို့နယ်ခွဲသည်လည်း ဘိန်းအများဆုံး စိုက်ပျိုးသည့်ဒေသတွင် တစ်ခုအပါအဝင်ဖြစ် သည်ဟုသျှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့် ရေးအဖွဲ့ကဆို၏။