ဗဟိုမှ ကျပ် ၂၅ သန်း တောင်းခံရန် ချင်းပြည်နယ် လွှတ်တော်ဆုံးဖြတ်

ဗဟိုမှ ကျပ် ၂၅ သန်း တောင်းခံရန် ချင်းပြည်နယ် လွှတ်တော်ဆုံးဖြတ်
by -
သဲသဲ

နယူးဒေလီ(မဇ္စျိမ) ။       ။ ပြည်နယ်ဝင်ငွေဖြင့် မလုံလောက်သည့် ချင်းပြည်နယ်အတွက် ဗဟိုအစိုးရထံမှ ထောက်ပံ့ ငွေ အဖြစ် ငွေကျပ် ၂၅ သန်း တောင်းခံသွားရန်  ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးက အင်္ဂါနေ့တွင် ဆုံးဖြတ် လိုက်သည်။

ချင်းပြည်နယ်၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းတွင် လိုငွေပြနေခြင်းကြောင့် ပြည်နယ် အစိုးရအဖွဲ့က တိုးချဲ့တောင်းခံငွေအဖြစ် ဗဟိုအစိုးရထံ တင်ပြရန် အင်္ဂါနေ့ လွှတ်တော် စည်းဝေးပွဲတွင် အဆိုတင် သွင်းခဲ့ရာ လွှတ်တော်မှ အတည်ပြု ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“ရငွေနဲ့သုံးငွေ စာရင်းပြန်ကိုက်တဲ့အခါမှာ လိုတဲ့ငွေကို ပြည်ထောင်စု အစိုးရက ချပေးဖို့ အတည်ပြုတာပါ။ ပြည်နယ် အစိုးရက ရတဲ့ ငွေနဲ့ ရပ်တည်နိုင်မှု မရှိတော့ ထပ်မံပြီး တိုးချဲ့တောင်းခံငွေဆိုပြီး တောင်းပါ တယ်”ဟု ချင်းပြည်နယ် သစ်တောဝန်ကြီး ဦးကျော်ငြိမ်းက မဇ္စျိမကို ပြောသည်။
chin
ဦးကျော်ငြိမ်းမှာ  ချင်းတိုးတက်ရေးပါတီ - CPP မှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး သစ်တောနှင့် သတ္ထုတွင်း ဝန်ကြီးအဖြစ်လည်း တာဝန်ယူထားသူ ဖြစ်သည်။

ပြည်နယ်၏ ဝင်ငွေ၊ ရငွေ ပမာဏာများနှင့် ပတ်သက်၍ အသေးစိတ် ဖြေကြားခြင်း မရှိသော်လည်း ၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေးနှစ်အတွက် ချင်းပြည်နယ် အစိုးရ၏ ဘတ်ဂျတ်လိုငွေမှာ  ကျပ်သန်းပေါင်း ၆၀၀၀ ကျော် ( ၆ ဘီလီယံ ) ရှိကြောင်း သိရသည်။

“တကယ်လိုတာက ကျပ် သန်း ၆၀၀၀ လောက်ရှိတယ်။ “ချင်း"မဟုတ်ပဲ "တောင်း" ဖြစ်နေတယ်လို့ ပြောထားတော့  လိုသလောက် အကုန်မတောင်းရဲဘူး။ ရှိတာနဲ့ ကြိုးစားလုပ်သွားရမှာပဲ”ဟု ဦးကျော်ငြိမ်းက ဆိုသည်။

ပြည်နယ်လိုငွေပြမှုအား ဖြည့်ဆည်းပေးရန်အတွက် ပြည်နယ်လွှတ်တော် ဥက္ကဌမှတဆင့် ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေအဖွဲ့သို့ တင်ပြရမည် ဖြစ်သည်။

ဘတ်ဂျတ်လိုငွေအတွက်  ပြည်နယ် အစိုးရနှင့် ့ လွှတ်တော်ကိုယ်စားလှယ်များအကြား တနလာင်္နေ့ကလည်း အကြို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်ငိုင်းနှင့် ဘတ်ဂျတ်စီမံရေးရာဌာနမှူးတို့ လည်း ပါဝင်ခဲ့ကြောင်း ချင်းအမျိုးသားပါတီ - CNP ထံမှ စုံစမ်းသိရှိရသည်။

“ပြည်နယ်မှာ အစိုးရအနေနဲ့ ဝန်ကြီးချုပ်ဦးဆောင်ပြီး လိုအပ်တဲ့ ဘတ်ဂျတ်ကို ကြိုတင်ဆွဲထားတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေကို ချပြပြီးတော့ မရှင်းလင်းတာတွေ၊ မကျေလည်တာတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်” ဟု CNP ပါတီမှ ပြည်နယ်လွှတ်တော်အမတ် ဦးဇိုဇမ်က မဇ္စျိမကို ပြောသည်။

လွှတ်တော်ခေါ်ယူရေးအတွက် အောက်တိုဘာလ ၂၃ ရက်နေ့တွင် အကြောင်းကြားခဲ့ပြီး  ပြည်နယ်အတွက် တင်ပြလိုသည့် အဆိုနှင့် မေးခွန်းများကို ပေးပို့ရန် ငါးရက်သာ အချိန်ရခဲ့သဖြင့် ပြင်ဆင်ချိန် မလောက်ငှဟု ပါတီများက ဝေဖန်လျက် ရှိသည်။

“အရမ်းကပ်နေပြီလေ။ အတိုက်အခံပါတီ ဘက်အနေနဲ့ ပြင်ဆင်ချိန် မရှိလောက်တဲ့ အနေအထားလောက် ကို ကပ်ပြီးခေါ်တော့ သိပ်ပြီးပုံစံမကျဘူးပေါ့” ဟု CPP ပါတီ အထွေထွေ အတွင်းရေးမှူးပူးရှိန်ထွန်းက ပြော သည်။ လွှတ်တော် လုပ်ထုံးအရ မေးခွန်းနှင့်အဆိုများကို  လွှတ်တော်မခေါ်မှီ ၁၀ ရက်ကြိုတင်၍ လွှတ်တော်ရုံး သို့  ပေးပို့ရသည်။

ချင်းပြည်နယ်အတွက် ဒုတိယအကြိမ် လွှတ်တော်ပုံမှန်အစည်းအဝေးကို အင်္ဂါနေ့တွင် စတင်ခြင်းဖြစ်ကာ  မေးခွန်း ၁၂ ခု ကို  သစ်တော၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမျိုးစုဝန်ကြီးတို့က ပြန်လည် ဖြေကြားခဲ့ကြသည်ဟု သိရသည်။

ပထမအကြိမ်ကျင်းပခဲ့သည့် လွှတ်တော်စည်းဝေးပွဲတွင် ပြည်ထောင်စုလွှတ်တော်မှ တင်ပြလာသည့် အဆိုများကို သာ ထောက်ခံခဲ့ရပြီး မည်သည့်မေးခွန်းနှင့်အဆိုများ ဆွေးနွေးနိုင်ခြင်း မရှိခဲ့ပေ။

သို့သော် ၂ဝ၁၁ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့တွင် အထူးလွှတ်တော် အစည်းအဝေးတရပ် ခေါ်ယူခဲ့ပြီး ချင်းပြည်နယ် အစိုးရအဖွဲ့အတွင်း လစ်လပ်လျက်ရှိသော ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ရာထူးအတွက် ဝါရင့် မြို့ပြအင်ဂျင်နီယာ ဦးငွန်ဆန်းအောင်ကို ခန့်အပ်ခဲ့သည်။

ချင်းပြည်နယ်လွှတ်တော်ရှိ အမတ်နေရာ ၂၄ နေရာ၌ CPP နှင့် CNP က ငါးဦးစီနှင့်တိုင်းရင်းသားလူမျိုးစု များ ဖွံ့ဖြိုးရေးပါတီ ENDP မှ တဦး၊ ကြံ့ခိုင်ရေးမှ ခုနှစ်ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ခြောက်ဦးတို့ ပါရှိသည်။

“ချင်းပြည်နယ် လွှတ်တော်တက်ရတာ အားမရပါဘူး။ ကျနော်တို့က ပါတီစုံအနေနဲ့ ဝင်ရောက်ပေမယ့် leading roll က တပါတီကပဲ နေရာယူထားတော့ လုပ်ရကိုင်ရတာ အဆင်မပြေလှပါဘူး” ဟု CNP ပါတီဥက္ကဋ္ဌလည်း ဖြစ်သည့် လွှတ်တော်အမတ် ဦးဇိုဇမ်က ပြောသည်။

ချင်းပြည်နယ် အစိုးရအဖွဲ့တွင် ဘဏ္ဍာရေးနှင့် စီမံကိန်း၊ လုံခြံုရေးနှင့် နယ်စပ်ရေးရာ၊ စီမံခန့်ခွဲရေးနှင့် စက်မှုလက်မှု၊ စွမ်းအင်၊ သတ္ထုနှင့် သစ်တော၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ ပို့ဆောင်ရေး၊ လူမှုရေး၊ စက်မှုနှင့် လျှပ်စစ်ဟူ၍ ဝန်ကြီးဌာန ကိုးခုရှိသည်။ ယင်းအနက် ဒေသခံ ချင်းပါတီများမှ ဝန်ကြီးတဦးစီသာ ပါဝင်ပြီး ကျန်ဌာနများမှ စစ်ဘက်နှင့်ကြံ့ခိုင်ရေးပါတီတို့မှ ဖြစ်သည်။