ကျောက်ဖြူ မဒေးကျွန်းတွင် ရေနံတိုင်ကီများ စတင် တည်ဆောက်ပြီ

ကျောက်ဖြူ မဒေးကျွန်းတွင် ရေနံတိုင်ကီများ စတင် တည်ဆောက်ပြီ
by -
ခိုင်သဇင်

တရုတ်မှ တည်ဆောက်နေသော ကျောက်ဖြူမြို့နယ် မဒေးကျွန်း ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ရေနံ စိမ်းများ သိုလှောင်ရန် အတွက် ဆီတိုင်ကီ ( Oil Tanks ) များကို စတင် တည်ဆောက်နေပြီ ဖြစ်သည်။

အဆိုပါ ကျွန်းပေါ်မှ အငယ်တန်း အင်ဂျင်နီယာာ တစ်ဦးက ရေနံတိုင်ကီများနှင့် အဆောက်အအုံများဆောက် လုပ်နေကြောင်းကို ယခုလို ပြောသည်။
Madae-island-construction

" ဟုတ်ပါတယ် ဆီတိုင်ကီ တွေကို စတင်ဘာလက စပြီးတော့ လုပ်ဆောင် နေပြီ ဖြစ်ပါတယ်။အခုလောလော စဉ်တော့ အောက်ခံ ဖောင်တည်းရှင်း ကို ဦးစွာ ပထမ ပြူလုပ်နေတယ် ၊ အခုတော့ မြေတွေကို စက်တွေနဲ့ တူးဖော်တဲ့ အဆင့်လောက်ပဲရှိသေးတယ်။ ဒါပေမယ့် တဘက်မှာ ကွန်ကရက် ကန်တွေ ဖေါင်းဒေရှင်းကို စလုပ်နေပြီ ဖြစ်ပါတယ်" ဟု ပြောသည်။

ရေနံတင် ဆိပ်ကမ်းနှင့် ရေနံစိမ်းတိုင်ကီများကို လာမည့်နှစ် နှစ်လည်ပိုင်းတွင် အပြီးသတ်ရန်ရည်ရွယ်ထား ကြောင်း သူက ပြောသည်။

" အဲဒီ ရေနံတင်ကီတွေက အာဖရိကနဲ့ အရှေ့ အလယ်ပိုင်းက လာတဲ့ ရေနံစိမ်းတွေကို သိုလှောင်မှာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ တရုတ်ကို စတင် ပို့လွှတ်မှာ ဖြစ်ပါတယ်။ အခုတော့ နေ့ဆိုင်း ညဆိုင်း အသုံးပြုပြီး တည်ဆောက်နေတာ ဖြစ်ပါတယ်။ တည်ဆောက်တာကတော့ တရုတ်အင်ဂျင်နီယာတွေ ဦးဆောင် တည်ဆောက်နေတာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

တရုတ်များသည် အဆိုပါ ရေနံစိမ်းများ သိုလှောင်ရန် အတွက် တိုင်ကီများ၊ အဆောက်အအုံများဆောက် လုပ်ရာတွင် မြန်မာနိုင်ငံမှ ဘိလပ်မြေများကို အသုံးပြုခြင်း မရှိဟု သူက ပြောသည်။

" ကျနော်တို့ ဒီလုပ်ငန်းခွင်မှာ မြန်မာပြည်က ပစ္စည်းတွေကို အသုံးပြုတာ နည်းပါတယ်။ အကုန်လုံး တရုတ်က လာတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ ဘိလပ်မြေတွေ ဆိုရင်လည်း မြန်မာပြည်က ဟာတွေကို အသုံးမပြုပါဘူး ဘာလို့လည်းဆိုတော့ မြန်မာက ဘိလပ်မြေ စျေးတွေလည်းကြီးတယ်။ ဘိလပ်မြေ မှုန့်တွေလည်း မသန့်ဘူး။ တရုတ်တွေ ကိုယ်တိုင် နိင်ငံခြား ပညာရှင်တွေခေါ်ပြီး ဓါတုပစ္စည်းတွေနဲ့ ဖော်စပ်ပြီး ကိုယ်တိုယ်အမှုန့်ကြိတ် ပြီး သဲ ၊ ကျောက်တွေ နဲ့ ရောစပ်ပြီးတော့ ဘိလပ်မြေတွေ ထုတ်လုပ်ပါတယ်။ ဒါအတွက်လည်း တရုတ်က လိုအပ်တဲ့ စက်ကရိယာတွေကို မှာယူတင်သွင်းပါတယ်" ဟု ပြောသည်။

သို့သော်လည်း မြန်မာက ကုန်ကြမ်းပစ္စည်းများကို သုံးစွဲကြောင်းနှင့် တရုတ်က မည်သည့် ပစ္စည်းကို မဆို သင်္ဘောကြီးများဖြင့် အစစ်အဆေး မရှိ သယ်ယူ လာယူလာပြီး အဆိုပါ စီမံကိန်းတွင် အသုံးပြုကြောင်း သူကဆက်ပြောသည်။

တရုတ်သို့ တင်ပို့မည့် ရေနံပိုက်လိုင်း ကီလို မီတာ ၂,၃၈၀ ခန့် ရှည်လျားပြီး မြန်မာနိုင်ငံအတွင်း သို့ ကီလိုမီတာ ၈၀၀ ခန့် သွယ်တန်းသွားမည် ဖြစ်သည်။ တစ်နှစ် လျှင် ရေနံစိမ်းတန်ချိန် ၂၂ သန်းခန့် ပို့ဆောင်နိုင်မည် ဖြစ်သည်။

၎င်းအပြင် တရုတ်သို့ တင်ပို့မည့် ဓာတ်ငွေ့ပိုက်လိုင်းမှ တစ်ဆင့် သဘာဝဓာတ်ငွေ့ ကုဗ မီတာ ၁၂ ဘီလျံ ခန့်ကို ရခိုင် လုပ်ကွက်ရှိ A (၁) နှင့် A (၃) လုပ်ကွက်များမှ တစ်ဆင့် တင်ပို့မည် ဖြစ်သည် ။

မဒေးကျွန်းရေနက်ဆိပ်ကမ်းရှိ စီမံကိန်းထဲတွင် တန်ချိန် သုံးသိန်း ရေနံတင်ဆိပ်ကမ်း၊ ၂ ဒသမ ၉ကီလိုမီ တာရှိ ရေလမ်း ကြောင်းတစ်ခု၊ အရှည် မီတာ ၁၅၀ ရှိ တန်ချိန် ၅,၀၀၀ သင်္ဘောများ ရပ်နိုင်သည့် ဆိပ်ခံ တံတားတစ်ခု၊မီတာ ၄၈၀ ရှိ တန်ချိန် သုံးသိန်း ရေနံတင် ဆိပ်ခံ တံတား တစ်ခု၊ ကုဗမီတာ ခြောက်သိန်း ခန့်ကျယ်သော ရေလှောင်ကန်တို့ ပါ၀င်မည်ဖြစ်သည်။

အဆိုပါ ဆိပ်ကမ်းနှင့် ရေနံတင် စီမံကိန်း အတွက် မဒေးကျွန်းတွင် လယ်မြေ အများအပြားကို လျော်ကြေးငွေ အနည်းငယ်ပေးပြီး သိမ်းယူသွားသဖြင့် ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာသော ဒေသခံများမှာ လယ်မဲ့ ယာမဲ့ ဘဝသို့ ကျရောက်နေကြောင်း သိရသည်။

Most read this week