ဗိုလ်နှုတ်ခမ်းမွှေး DKBA နှင့် အစိုးရ အပစ်ရပ် သဘောတူ

ဗိုလ်နှုတ်ခမ်းမွှေး DKBA နှင့် အစိုးရ အပစ်ရပ် သဘောတူ
by -
ကိုဝိုင်း

ချင်းမိုင် (မဇ္စျိမ) ။        ။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး DKBA အစုအဖွဲ့ကြီးတခုနှင့် အစိုးရကိုယ်စားလှယ်တို့ အကြား အပစ်ရပ်စဲရန် ကြာသပတေးနေ့က သဘောတူလိုက်ပြီဟု DKBA ခေါင်းဆောင်ကပြောသည်။

“သုံးရက်နေ့မှာ သဘောတူတယ်။ ဘားအံမြို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ရုံးမှာ လက်မှတ်ထိုး ပြီးသွားပြီ။” ဟု စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားဘွယ် (ဗိုလ်နှုတ်ခမ်းမွှေး) က ပြောသည်။  အပစ်စတင်ရပ်စဲမည့်နေ့ကို နိုဝင်ဘာခြောက်ရက်နေ့အဖြစ် သတ်မှတ်ထားသည်ဟု ဆိုသည်။

သဘောတူညီချက်အရ DKBA ဌာနချုပ်ကို ကရင်ပြည်နယ် ဒေါနတောင် အရှေ့ခြမ်း မြဝတီခရိုင်ရှိ ဆုံဆည်းမြိုင်ဒေသတွင် ပြုလုပ်ရန် သတ်မှတ်ထားပြီး ကရင်ပြည်နယ်အတွင်း ပျံ့နေသော တပ်များကို မူလအတိုင်း ဆက်ထား မည်ဟု ပြောသည်။

အင်အား တထောင်ကျော်ရှိမည်ဟု ခန့်မှန်းထားသည့် နယ်ခြားစောင့်တပ် လုပ်ရန် ငြင်းဆန်သော DKBA အဖွဲ့နှင့် ဗဟိုအစိုးရ ကိုယ်စားလှယ်တို့ ဒုတိယအကြိမ် တွေ့ဆုံအပြီး သဘောတူညီချက် ရရှိခဲ့ခြင်း ဖြစ်သည်။ DKBA ဘက်က ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်မိုရှေးက ဦးဆောင်ပြီး ဗိုလ်မှူးကြီးအီးဒို၊ ဗိုလ်မှူးကြီးစိန်ဝင်း၊ ဗိုလ်မှူးကြီးမောင်လေး အပါအဝင် ရုံးအဖွဲ့ဝင် သုံးဦးတို့ ပါဝင်ဆွေးနွေးခဲ့သည်။

သို့သော် DKBA ကိုယ်စားလှယ်အဖွဲ့ ဌာနချုပ်သို့ ပြန်မရောက်သေးဘဲ  သတင်း ရှေ့ပြေး ရောက်လာခြင်း ဖြစ်ကာ နယ်ခြားစောင့်တပ် အဖြစ် ပြောင်းရန် အစိုးရက ထည့်သွင်း တောင်းဆိုခြင်း မပြုတော့ဟု သိရသည်။ DKBA အနေ ဖြင့် ထိန်းချုပ်ရာနယ်မြေတွင် အခွန်ကောက်ခံခွင့် ရရှိနိုင်မှာဖြစ်သော်လည်း ထပ်မံ၍ နိုင်ငံရေး ဆွေးနွေးခြင်းပြုမည်၊ မပြုမည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ဖြစ်နေသည်။

တိုင်းရင်းသား လက်နက်ကိုင် တပ်များနှင့် အပစ်ရပ်ရေး အစိုးရက ပြန်လည်ကြိုးပမ်းပြီးနောက် ဝ ပြည် သွေးစည်း ညီညွတ်ရေးအဖွဲ့ (ဝ အထူးဒေသ ၂)၊ မိုင်းလား အထူးဒေသ (၄) တို့အပြီး သဘောတူညီချက် ရသွားသော တတိယမြောက် အဖွဲ့ ဖြစ်သည်။

အောက်တိုဘာ ၂၆ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့၌ နှစ်ဘက် ပထမအကြိမ် တွေ့ဆုံဆွေးနွေးစဉ်က နယ်မြေကျော် မလှုပ်ရှားရေးကို သဘောတူညီခဲ့ပြီး ကရင်ပြည်နယ်မြို့တော် ဘားအံ အပါအဝင်ကြာအင်း ဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ကျိုက်တုံ၊ ကော့ကရိတ်၊ မြဝတီမြို့ များတွင် DKBA ရုံးများ ဖွင့်လှစ်ခွင့်ပြုရန် သမ္မတထံသို့ တဆင့် တင်ပြခဲ့သည်ဟု DKBA ဒုဦးစီးချုပ် ဗိုလ်မှူးချုပ် မိုရှေးက မဇ္စျိမကို ပြောထားသည်။

နိုဝင်ဘာ ၈ ရက် ၂ဝ၁ဝ ပြည့်နှစ်ကစ၍ အစိုးရတပ်ကို ပြန်လည် တိုက်ခိုက်မှု မတိုင်ခင်က ဗိုလ်မှူးကြီး အဆင့်သာ ရှိခဲ့သော နှုတ်ခမ်းမွှေး၏ တပ်များနှင့် ကရင်အမျိုးသား အစည်းအရုံုး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး တို့လည်း ပူးပေါင်း တိုက်ခိုက်ခဲ့ကြသည်။

နယ်ခြားစောင့်တပ်ပြောင်းပြီးမှ ပြန်လည်တောခိုသော ဗိုလ်မှူးစောဘိခေါင်းဆောင်သော DKBAအဖွဲ့ငယ် တခုနောက်ဆုံးကျန်ရှိနေသေးပြီး ကရင်အမျိုးသားအစည်းအရုံးနှင့် မဟာမိတ်ဖွဲ့ထားသည်။ ၁၉၉၄ ခုတွင် ကရင် အမျိုးသား အစည်းအရုံး KNU ခွဲထွက်ခဲ့သော DKBA အနက် တပ်အများစုက ၂ဝ၁ဝ ပြည့်နှစ် သြဂုတ်လ ၁၈ ရက်တွင် နယ်ခြားစောင့်တပ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်ပြောင်းခဲ့ကြ သည်။