တရုတ် ဓါတ်ငွေ့ပိုက်လိုင်း အတွက် မြေလျော်ကြေးငွေများ ဖြတ်တောက်ခံနေရ

တရုတ် ဓါတ်ငွေ့ပိုက်လိုင်း အတွက် မြေလျော်ကြေးငွေများ ဖြတ်တောက်ခံနေရ
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ်တွင် စတင် ဖြတ်သန်း ဖေါက်လုပ် နေသော ဂတ်စ် ပိုက်လိုင်း အသုံံးပြု လယ်မြေများ အတွက် လျော်ကြေးများ ထုတ်ပေးနေရာတွင်သက် ဆိုင်ရာ အာဏာပိုင် များကဖြတ်တောက်ယူနေ ကြောင်း သတင်း ရရှိသည်။

Arakan-Gas-Pipeline-to-China
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ငွေဖြတ်ခံရသည်ဟူသော သတင်းများ ထွက်ပေါ်နေသော ကျောက်ဖြူမြို့ နယ် ကပိုင်ချောင်း ကျေးရွာသား တစ်ဦးအား ဖုံးမှ တဆင့် ဆက်သွယ် မေးမြန်းရာ သူက ယခုလို ပြောသည်။

ကျောက်ဖြူမြို့နယ် အတွင်း ဖြတ်သန်း ဖေါက်လုပ်နေသော ဂတ်စ်ပိုက်လိုင်း (ဓါတ်ပုံ- နိရဥ္စရာ)

"အခု ငွေလျော်ကြေးပေးတဲ့ ကိစ္စနဲ့ တော်တော်ကို ရှုပ်နေပါတယ်။ တရားရုံးကို ရောက်သူရောက်၊ မြေစာ ရင်းဦးစီးရုံးကို ရောက်သူ ရောက်နဲ့ တော်တော် ရှုပ်နေပါတယ်။ တချို့ မြေပိုင်ရှင်က ငွေမရ လိုက်ဘူး။ တချို့သူတွေက ဒီငွေတွေကို ကြားထဲ လက်မှတ်ထိုးပြီး ယူသွားတယ်။ ကြားက ဖြတ်စားထားတဲ့သူတွေ လည်း ရှိနေပါတယ်။ အခု ကျောက်ဖြူကို သွားပြီး ဖြေရှင်းနေကြပါတယ်။ ဥက္ကဌလည်းကျောက်ဖြူကို သွားပါတယ်။ ဥက္ကဌကို မေးရင်တော့ အသေးစိတ် သိရမှာ ဖြစ်ပါတယ်" ဟု ပြောသည်။

ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးတင်ဖေက သက်ဆိုင်ရာ အာဏာပိုင်များကလျော်ကြေး ငွေများကို ဖြတ်တောက် ယူနေသည်မှာ ဟုတ်မှန်ကြောင်း ယခုလို ပြောသည်။

" အဖြတ်ခံရသူများကတော့ ကပိုင်ချောင်းရွာက ဦးမောင်သန်းကြည်ဆီက သိန်း ၄၀ ရတဲ့အထဲက ၁၀ သိန်း ဖြတ်တယ်။ ဒေါ်မဝင်းနု သိန်း ၃၅ သိန်းရတယ်။ အဲဒီအထဲက ၁၅ သိန်းဖြတ်တယ်။ ဒေါ်မကျော်သိန်း ၁၅ သိန်းရတယ်၊ ၅ သိန်းဖြတ်တယ်။ ဦးကျော်သိန်း ၅၇ သိန်းရတယ်၊ ၁၅ သိန်းဖြတ်တယ်။ ဒေါ်ခင်ဝင်းတင် ၁၂ သိန်းခွဲရတယ်၊ ၄သိန်း ဖြတ်တယ်။ အိမ်သာထဲကိုတောင် ၀င်ပြေးလို့မလွတ်ဘူး။ အိတ်ကို အဓမ္မဆွဲပြီး တော့ ပုဂ္ဂိုလ်သုံးဦးက ဘုတ်ထဲမှာ ဆွဲယူသွားတယ်တဲ့" ဟု ပြောသည်။

" ဒါ့အပြင် ငွေပေးပြီး ဖြတ်တောက်တဲ့လူက ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြေစာရင်းဦးစီးဌာန လက်ထောက် ဦးစီး မှူး နဲ့ မြေတိုင်းဦးစီး စာရေးဆိုသူ တို့ဖြစ်ကြတယ်။ ရရှိငွေထဲက သူတို့ လုပ်ပေးတာာမို့ သူတို့နဲ့ ဆိုင်တယ်ဆိုပြီး ဖြတ်တောက်တာဖြစ်ပါတယ်။"

၎င်းပြင် သူက ယခုလို ဆက်ပြောသည်။

" ငွေဖြတ်တောက်ခံရသူ ကပိုင်ချောင်းမှ ၂၃ ဦးမှ ကျောက်ဖြူ မြို့နယ် ရခိုင် တိုင်းရင်းသားများ တိုးတက် ရေးပါတီ ရုံး ဥက္ကဌဆီမှာ ကိုယ်တိုင်လာရောက် လက်မှတ်ထိုးပြီး တိုင်ကြားပါတယ်။ တခြားရွာတွေမှာလည်း ရှိပါတယ်။ အဲဒီ ကပိုင်ချောင်း ရွာမှာ ၂၄ ဦးကို ပေးတယ်။ ကျန်လူတွေကို ရခိုင်ပါတီမှာ တိုင်တယ်ရင် တဝက်ဘဲ ပေးမယ်။ အကုန်လုံး မပေးဘူဆိုပြီး ခြိမ်းခြောက်တာတွေလည်း ဖြစ်နေတယ်။ ဒါကြောင့် တိုင်ကြားစာတွေ အများကြီး ရောက်ပါတယ်" ဟု ပြောသည်။

ကပိုင်ချောင်း ကျေးရွာမှာသာမက တခြားကျေးရွာများတွင်လည်း လျော်ကြေးငွေများကို ဖြတ်တောက်မူများ ရှိနေသည့် အပြင် လယ်မြေ လျော်ကြေး သူမရ၊ ငါမရ ဆိုကာ အငြင်းပွားမူများလည်း ကျေးရွာတိုင်းလိုလို တွင် ဖြစ်ပွားနေကြောင်း သိရသည်။ ရခိုင်ပါတီသို့ လာရောက် တိုင်ကြားသူလည်း များပြားနေကြောင်း ဦးတင်ဖေက ပြောသည်။

"ဒီလို တခြားရွာတွေကလည်း လာတိုင်ဖို့ဆိုတော့ သူတို့က မော်တော်နဲ့ အဲဒီလူတွေကို ပြန်ခေါ်သွား တယ်။ အဲဒီလူတွေ ကို ဒီမှာ လာတိုင်လို့ရှိရင် မင်းတို့ကို ပိုက်ဆံမပေးတော့ဘူး။အကုန်ဖြတ်တောက်လိုက် မယ်။ ပိုက်ဆံပေးမှာကို ရပ်ဆိုင်းလိုက်မယ်။ နောက်ပိုက်ဆံတွေကို လုံးဝမရတော့ဘူးဆိုပြီး အဲဒီ လူတွေကို ခြိမ်းခြောက်ပြီးတော့လည်း ပြောဆိုတယ်လို့ သိရပါတယ်။ တခြားနေရာတွေမှာလည်း ဒီအတိုင်းဖြစ်တာ တွေ ရှိနေပါတယ်။" ဟု ပြောသည်။

တရုတ်ကို တင်ပို့မည့် ဂတ်စ်ပိုက်လိုင်းသည် ယခုအခါ ပင်လယ်ပြင်မှ နေပြီး ကျောက်ဖြူမြို့ အရှေ့ဘက် ၁၀ မိုင်အကွာ ကပိုင်ချောင်းကျေးရွာသို့ ရောက်ရှိနေပြီး ကပိုင်ချောင်းမှ တဆင့် လေးမိုင်ခန့်ဝေးသည် ကျောက်ခမောင်းကျေးရွာကို ဖြတ်သန်းမည်ဟု သိရသည်။ ကျောက်ခမောင်းကျေးရွာတွင်လည်း ရွာသား ၂၆ ဦးထံမှ လယ်မြေများကို ပိုက်လိုင်း အတွက် လက်မှတ်ထိုးခိုင်းကာ သိမ်းယူထားပြီး လျော်ကြေးငွေ ထုတ်မပေးသေးကြောင်း သိရသည်။

Most read this week