၀ါးနှင့်ဖက်တို့ဖြင့် ဆောက်လုပ်ထားသော်လည်း စမ်းချောင်းနံဘေးနှင့် ကပ်ရက်ရှိနေသည့်အတွက် တဲအိမ်ငယ်လေးမှာ နေချင်စရာ။တဲအိမ်ငယ်လေး ရှိရာသို့ ရောက်သွားချိန်မှာတော့ ကျမတို့ကို ဦး စွာဆည်းကြိုနေသူက အသက် ရ၄ နှစ်အရွယ်ရှိ အဖိုးဘရော်နီဖြစ်သည်။
အဖိုးဟာ ထိုတဲအိမ်ငယ်လေးရဲ့ ပိုင်ရှင်တော့မဟုတ်ပါ။ မနေ့တနေ့ကမှ “အနက်ရောင်နယ်မြေ” ဟု သတ်မှတ်ထားခြင်းခံထားရသည့် ကရင်နီပြည်တွင်းမှ ထွက်ပြေးတိမ်းရှောင်လာခဲ့သူတဦးဖြစ်သည်။
အခု အဖိုးခေတ္တမှီခိုနေရသည့်နေရာသည် ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ခွန်ရုံးမြို့၏ အနောက်ဘက် ၆ ကီလိုမီတာခန့်တွင်တည်ရှိသည့် ကရင်နီအမှတ်-၂ ဒုက္ခသည်စခန်းဖြစ်သည်။
ထိုင်းနိုင်ငံဒုက္ခသည်စခန်းရှိရာကို ထွက်ပြေးလာရသည့်အကြောင်းနဲ့ ပတ်သက်ပြီး အဖိုးက ယခုလိုပြော ဆိုသည်။
“အသက်ကြီးပြီလေ မျက်လုံးလည်း သိပ်မမြင်ရတော့ဘူး၊ နောက်ပြီး နားလည်း သိပ်မကြားရတော့ဘူး ကလေး (၆) ယောက် လည်း အကုန်သေသွားတယ်”
အဘိုးသည် ကရင်နီပြည် ဖာဆောင်းမြို့နယ် ကိုးသရိုးကျေးရွာကနေ အမှတ်-၂ ဒုက္ခသည်စခန်းကို ပြီးခဲ့သည့် သြဂုတ်လက စတင်ရောက်ရှိလာခဲ့သည်။
ဒုက္ခသည်အများစုသည် အဘိုးဘရော်နီကဲ့သို့ ပြည်တွင်းစစ်ဘေးဒဏ်ကြောင့် နှစ်ပေါင်းများစွာ တနေရာပြီး တနေရာ ရွေ့ပြောင်းတိမ်းရှောင်ကြရသည်။ အနက်ရောင်နယ်မြေအတွင်း ရွာပုန်းရွာရှောင်ဘဝအား ကာလ အတန်ကြာ ဖြတ်သန်းခဲ့ရသည့်အတွက် အဖိုးဘရော်နီမှာ မိသားစုများဆုံးရှုံးခဲ့ရသည်။
“ကျနော်ကလေးတွေ သေကုန်ပေမယ့် ကျနော့်စိတ်ကို ကျနော် ဘုရားတရားနဲ့ဘဲ ဖြေသိမ့်ပါတယ်၊ တကယ် လို့ကျနော်သာ အဲလို မလုပ်ရင် ကျနော် ပျက်စီးသွားတဲ့သူ တယောက်ဖြစ်သွားမှာ”
အဖိုးတွင် မျက်စိသိပ်မမြင် နားသိပ်မကြားရသည့် ရောဂါခံစားနေရသည့်အပြင် ခန္ဒာကိုယ်အတွင်းဘက်မှာ ရင်ဘတ်နာကျင်မှုကြောင့် အသက်ရှုကြပ်သည့် ဝေသဒနာကိုလည်း ခံစားနေရသည်။
ထိုဝေဒနာတို့သည် အသက်အရွယ်ရလာသည့်အတွက်ကြောင့်လည်း ဖြစ်နိုင်သလို စစ်မြေပြင်မှာအထမ်းသမား ဘဝကို ဖြတ်သန်းခဲ့စဉ် စစ်တပ်တို့ရဲ့ ညင်းပန်းနိပ်စက်မှုကြောင့် ဖြစ်နိုင်သည်ကိုလည်း အဖိုးက ယုံကြည်သည်။
“စစ်တပ်လာပြီဆိုရင်တော့ အသက်ရွယ်ရှိသေးတဲ့ ယောက်ျားလေးတွေ ထွက်ပြေးရတယ်။ မပြေးရင်သူတို့ ပစ္စည်းသွားထမ်းပေးရတယ် သွားထမ်းရင် ညကြီးမင်းကြီး တောတောင်ထဲမှာ အရမ်းခက်ခဲတယ်”
စစ်မြေပြင်မှာပေါ်ထာအထမ်းသမားအဖြစ် ခေါ်ဆောင်သွားခြင်းခံရသည့် ကိစ္စသည် အဘိုးဘရော်နီတို့လို ဖားဆောင်းမြို့နယ်တွင်းက ရွာသားများအဖို့ မထူးခြားတော့ဘဲ ရိုးနေသည့် ကိစ္စဖြစ်သည်ဟု ဆိုပါသည်။
အဖိုးတို့လို ရွာသားအထမ်းသမားများကို သူပုန်ထောက်ခံသူအဖြစ်နဲ့ စွပ်စွဲပြီး နှိပ်စက်မှုများပြုလုပ်သည့် ကိစ္စသည်လည်း မကြာခဏဆိုသလို ကြံုတွေ့ရသည့်အတွက် နိပ်စက်မှုဒဏ်ကြောင့် မသေဘဲ အသက်ရှင် ကျန်နေသည်က ကံကောင်းသည်ဟုသာ မှတ်ယူကြရသည်။
“ကျနော့်ကို စစ်တပ်တွေက နှစ်ခေါက်သုံးခေါက်ရိုက်ဖူးတယ်၊ သူတို့က လက်ကိုကြိုးနဲ့တုပ်ပြီး ရိုက်တယ် ပုတ်တယ် ကန်တယ်၊ ပါးဆိုလည်း ဘယ်ပြန််ညာပြန်ရိုက်တယ်၊ သေနတ်နဲ့လည်း ရင်ဘတ်ကို ဆောင့်တယ် ထုတယ် သေခါနီးဘဲ။ ဒါပေမယ့် သေနေ့က မစေ့သေးတော့ မသေဘူးပေါ့” ဟု အဖိုးဘရော်နီက ပြောသည်။
ဆက်လက်၍အဖိုးက… “ကျနော့်ကို စစ်တပ်တွေ ရိုက်ထားတာ အခုအပြင်ဘက်မှာ ဒဏ်ရာဒဏ်ချက်တွေက ပျောက်သွားပေမယ့် အတွင်းဘက်ဒဏ်ရာက ရှိနေသေးတယ်၊ ကျနော် ရင်ဘတ်တွေအောင့်တယ်ရင်ဘတ် နာနေသေးတယ်”
အဖိုးပြောနေသည့် စကားထဲမှာ ကျမတို့အတွက် စိတ်မကောင်းစရာ ဖြစ်မိသည့် စကားတခွန်းက…. “သူတို့ ဘာလို့ အဲလိုရိုက်လဲတော့မသိဘူး ကျနော်ထင်တယ် ကျနော်မွေးလာတာ သူများရိုက်ပုတ်ဖို့အတွက်မွေးဖွား လာပေးတာ ဖြစ်မယ်ထင်တယ်” ဆက်လက်ပြီးအဖိုးက အသံတုန်တုန်ရီရီဖြင့်… “အဲဒီတုန်းက ဖြတ်လေး ဖြတ်ခေတ်လေ တောထဲမှာဘဲသွားနေရတယ် မိသားစုအကုန် သွားနေရတယ်။ ဟိုတနေရာမှာတဲတလုံးသွား ထိုးပြီး နှစ်ရက်သုံးရက် တလလောက်နေပြီး ဟိုတနေရာ ထပ်ပြန်သွားပြောင်းနေရတယ်။ အရင်ကအသက် ငယ်သေးတယ် ကျန်းလည်းမာသေးတော့ အဲလို ထွက်ပြေးနေရတာ ပြေးနိုင်သေးတယ် အခုဆိုရင်တော့ မရတော့ဘူး”
အဖိုးနှင့်အတူ ပြည်တွင်းမှ ၂၀၁၁ ခုနှစ်အတွင်း ကရင်နီအမှတ်-၂ ဒုက္ခသည်စခန်းတွင်းသို့ ထွက်ပြေးရောက်ရှိ လာသော ဒုက္ခသည်အသစ် ၃၀၀ ရှိသည်။
ထိုထဲမှ အဖိုးဘရော်နီကဲ့သို့ အသက် ၈၅ နှစ်အရွယ်ရှိသည့် အဖွားနော်ရယ်ဟဲ တယောက်လည်းပါသည်။ အဖွားမှာမူ မျက်စိမမြင်၊ နားမကြားသည့်အပြင် စကားလည်း ကောင်းကောင်းမွန်မွန် မပြောနိုင်ရှာဘူး။ အဖွား နော်ရယ်ဟဲအား အမှတ် ၂ ဆေးပေးခန်းတွင် မျက်လုံးလာရောက် စစ်ဆေးရန် သားဖြစ်သူကလာရောက် ပို့ပေးနေသည်ကို တွေ့ရသည်။
“ဘာလို့ဒီကိုလာပို့လဲဆိုတော့ ရွာမှာဆို စစ်တပ်တခါတလေ ၀င်လာရင် အရမ်း ခက်ခဲတယ် ကျနော့်မှာ ကလေး ငယ်လည်း ရှိတယ်လေ။ အဲဒါကလေးတဘက် မျက်စိမမြင်တဲ့ အမေတဘက်နဲ့ တနေရာကို ရှောင်ပုန်းရင် အမေကိုတခါ ပြီးရင်ကလေးကိုတခါ ပြန်လာ ပိုးရတယ်၊ သူများတခါသွားရင် ကျနော်က နှစ်ခါသွားရတယ်လေ” ဟု သူမ၏ သားကပြောသည်။
မြန်မာစစ်အစိုးရ လက်ထက်ကတည်းက ကရင်နီပြည်ကို အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ထားခဲ့ရာ ယနေ့ဒီမိုကရေစီအစိုးရ အသစ်ဖြစ်ပေါ်လာပါသော်လည်း ကရင်နီပြည်ပြည်တွင်း ရွာပုန်းရွာရှောင်ဒေသများတွင် အစိုးရစစ်တပ်တို့မှ ယခင်စစ်အစိုးရ လက်ထက်ကကဲ့သို့ အတင်းအဓမ္မပေါ်တာဆွဲခြင်းနှင့် လူထုများအား သူပုန်နှင့်ဆွယ်သွယ်မှုရှိသည် ဆိုသည့်စွပ်စွဲမှုများ အကြောင်းပြ၍ ဖမ်းဆီးနိပ်စက်မှုများ ပြုလုပ်နေဆဲရှိသည်။
ဒီလိုအခက်အခဲများကို ကာလာကြာကြာမရင်ဆိုင်နိုင်ကြသည့် သူများမှာ ထိုင်းနိုင်ငံဒုက္ခသည်စခန်းဘက်ကို ထွက်ပြေးသိမ်းရှောင်လာကြရသည်။ ဒုက္ခသည်စခန်းလည်းယခုနောက်ပိုင်း လူသစ်များလက်ခံရာမှာစစ်ပြေး ဒုက္ခသည်အစစ်အမှန်ဟုတ်မဟုတ်ဆိုသည့် စံနှုန်းများသတ်မှတ်မှုရှိလာပါသည်။
မြန်မာပြည်၌ ဒီမိုကရေစီအစိုးရသစ် တက်လာပြီးသည့်နောက်ပိုင်း ထိုင်းနိုင်ငံတွင် ယာယီခိုလုံနေထိုင်ကြသည့် ဒုက္ခသည်များ နေရပ်ရင်းသို့ ပြန်လည်အခြေချနေထိုင်ရေး ကိစ္စရပ်များ စဉ်းစားလာချိန်၌ ပြည်တွင်းမှဒုက္ခသည် အသစ်များလည်း တရွှေ့တရွှေ့ထွက်လာကြသည်။
ကရင်နီပြည်၌ တပ်များတိုးချဲ့လုပ်ရှားခြင်းနှင့် စစ်သင်တန်းကွင်းများ တည်ဆောက်လာခြင်း ကိစ္စရပ်များသည် ယနေ့ပါလီမန်၌ တိုင်ပင်ဆွေးနွေးမှုများမရှိပေ။ တပ်ကိစ္စသည် အစိုးရ၏ ထိန်းချုပ်မှုအောက်တွင်မရှိနိုင်သေး သ၍ ကရင်နီ ပြည်တွင်းရွာပုန်းရွာရှောင်တို့၏ အခြေအနေမှာလည်း ပြောင်းလဲတိုးတက်မှု ရှိလာနိုင်မည် မဟုတ်ပါ။
မည်သို့ပင်ဖြစ်စေကာမူ အဖိုးဘရော်နီနှင့် အဖွားနော်ရယ်ဟဲတို့လို သက်ကြီးရွယ်အိုများအတွက် ရွာပုန်းရွာ ရှောင်ဘဝကို ဆက်လက်ရင်ဆိုင်၍မရတော့ပါ။ ဒုက္ခသည်အစစ်အမှန်ဟုတ်မဟုတ် စံနှုန်းများ သတ်မှတ်မှုဖြင့် ဒုက္ခသည်များအား စကာစစ်နေသည့် ထိုင်းနိုင်ငံအတွင်းက ဒုက္ခသည်စခန်းများ၌ အဖွားနော်ရယ်ဟဲကိုတော့ သားဖြစ်သူက အပ်ထားချင်သည်။
တဲအိမ်ငယ်လေး၏ ဧည့်ခန်းတနေရာမှာ ထိုင်နေသည့် အဖိုးဘရော်နီက မိမိ၏ ရွာပုန်းရွာရှောင်ဘဝဖြတ်သန်း မှုဇာတ်လမ်း ရှင်းပြအပြီးမှာတော့… “ရွာမှာ ကျနော် ဘာမှ လုပ်ကိုင်စားသောက်လို့မရဘူး။ ဘာမှလည်းမလုပ် နိုင်တော့ဘူး၊ ဒါကြောင့်ဒီကို ထွက်လာရတာ နောက်ပြီး ကျနော် မျက်လုံးတွေလည်း လာကုချင်ပါတယ်”