မြန်မာနယ်စပ် အိန္ဒိယတပ်များ တိုးချဲ့ပြောင်းလဲရန်ရှိ

မြန်မာနယ်စပ် အိန္ဒိယတပ်များ တိုးချဲ့ပြောင်းလဲရန်ရှိ
by -
ကိုပေါက်

နယူးဒေလီ (မဇ္ဈိမ) ။        ။ အိန္ဒိယ-မြန်မာနယ်စပ် တလျှောက်တွင် လုံခြံုရေးတာဝန်ယူမည့် အိန္ဒိယ လက်နက်ကိုင် တပ်များ တိုးချဲ့ပြောင်းလဲရန်ရှိနေ သည်။

bsf1

ကီလိုမီတာ ၁၆၄ဝ ကျော် ရှည်လျားသော နယ်စပ်အား လက်ရှိတာဝန်ယူထားသည့် အာသံသေနတ်ကိုင် တပ်များ Assam Riffles အစား နယ်ခြားစောင့်တပ် BSF များက တာဝန်ယူရန် ပြည်ထဲရေးဝန်ကြီးဌာန၏ စေခိုင်းချက်အရ အဆိုပြုလွှာ တင်ထားကြောင်း BSF ညွှန်/ချုပ်ဟောင်း Raman Srivastava က ပြောသည်။

“BSF တာဝန်ယူနိုင်မလားလို့ ဝန်ကြီးဌာနက ကျနော့်ကို မေးပါတယ်။ အဆိုပြုချက်က တင်ပြထားဆဲပါ။ မဆုံးဖြတ် ရသေးပါဘူး။ ကျနော်ကတော့ BSF ရမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

ဤနယ်စပ်ဒေသအခြေအနေအား မျက်ခြည်မပြတ် စောင့်ကြပ်နိုင်ရန်အတွက် တပ်ရင်း ၄၅ ရင်း၊ နယ်မြေ ၁၂ ခု၊ရှေ့တန်းစစ်ဌာနချုပ် ၄ ခုနှင့် ဌာနချုပ်တခု တိုးချဲ့ပေးရန် အဆိုပြုလွှာတွင် ပါရှိပြီး လုံခြံုရေးဆိုင်ရာ ဝန်ကြီးများကော်မတီ CCS က လက်ခံစဉ်းစားနေကြောင်း အိန္ဒိယသတင်းစားများတွင် ရေးသားပါရှိသည်။

မြန်မာနိုင်ငံအနောက်ဖက်ခြမ်းမှ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှ မီဇိုရမ်၊ မဏိပူရ၊ နာဂလဲန်နှင့် အရူနာချာပရာဒေ့ရှ် ပြည်နယ်များနှင့် ထိစပ်နေသည်။

အိန္ဒိယအစိုးရအနေဖြင့် မြောက်ဖက်ပိုင်းဒေသများအတွက် ပိုမို စိုးရိမ်ဖွယ်ရှိကြောင်း မဏိပူရအခြေစိုက် နယ်စပ် အရေး လေ့လာသူတဦးက သုံးသပ်သည်။

“အဲဒါမျိုးပြောနေတာတော့ သူတို့ ကြာပြီ။ ဒီ မဏိပူရဘက်ကတော့ သိပ် အကဲမဆတ်ဘူး။ တပ်ရင်း တရင်းလောက်ဆို မဏိပူရအနေနဲ့ကတော့ လုံလောက်မယ်နဲ့ တူပါတယ်။ နာဂလဲန်း၊အရနာချာပရာဒေ့ရှ် တို့က ပိုပြီး အကဲဆတ် တယ်နဲ့ တူတယ်။ တရုတ်နဲ့အိန္ဒိယနဲ့ ပြဿနာဖြစ်နေတာတွေ ကလည်း အဲဒီဘက်မှာ။ ကသဲ သူပုန်တွေကလည်း ဒီဘက်မှာ ဒီလောက်မရှိဘူး။ အဲဒီဘက်မှာ ရှိတာ” ဟု သူက ပြောသည်။

မဏိပူရနယ်စပ်တွင် BSF, Assam Riffle နှင့် ဗဟိုအထူးရဲတပ် CRPF တို့ တာဝန် အပြောင်းအလဲများ ဖြစ်ခဲ့ကြောင်း လည်း “ဘယ်တပ်မဆို ၆ လလောက်နေရင် စားတတ်သွားပြီ။ ဘယ်တပ်မှ အမြဲထားတာ မကောင်းဘူး။ အာသံ ရိုင်ဖယ်ကလည်း မဏိပူရ ပြင်ပက လူတွေပဲ။ BSF ကလည်း မဏိပူ ပြင်ပကလူတွေ ပဲလေ။ ထူးခြားတဲ့ အပြောင်း အလဲ ကတော့ မရှိနိုင်ပါဘူး။ နယ်ခြားမှာ BSF ထား၊ လမ်းမှာ AR ထားဖို့ စီစဉ်တယ်နဲ့တူပါတယ်” ဟု အဆိုပါလေ့လာသူက ပြောသည်။

ဤသို့နယ်စပ်တပ်များ ပြောင်းလဲချထားသော်လည်း အိန္ဒိယ ခွဲထွက်သူပုန်များဖြစ်ကြသည့် PLA, ULFA, UPLF, PREPAK, KCP, KYKL, RPF နှင့် UNLF တို့အပါအဝင် ရှစ်ဖွဲ့ထက်မနည်းမှာ မြန်မာ့မြေပိုင်နက်အတွင်း ဝယ် ခိုလှုံနေထိုင်ကြကြောင်း သတင်းစာများတွင် ရေးသားထားသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံမှုတိုင်းတွင် အိန္ဒိယ အရှေ့မြောက် သူပုန်များကိစ္စ အမြဲတစေ
ဆွေးနွေးလေ့ ရှိကြသည်။

နှစ်နိုင်ငံ တာဝန်ကျ တပ်မှူးများ လစဉ် တွေ့ဆုံလေ့ရှိပြီး တပ်ရင်း တပ်မမှူးများကလည်း သုံးလတကြိမ် တွေ့ဆုံလေ့ ရှိကာ ပြည်ထဲရေးဝန်ကြီးဌာန အရာရှိများကလည်း ခြောက်လတကြိမ် တွေ့ဆုံလေ့ ရှိကြသည်။

အိန္ဒိယ လုံခြံုရေး သတင်းရပ်ကွက်ကမူ မြန်မာစစ်တပ် အနေဖြင့် အိန္ဒိယ သူပုန်များနှင့် စည်းဝါးရိုက် ပူးပေါင်း ကြံစည်မှုများ ရှိနေနိုင်သည်ဟု သံသယရှိနေကြသည်။

Most read this week