(အင်တာဗျူး) နိုဝင်ဘာ တရက်နေ့တွင် တည်ထောင် မှုသက်တမ်း ၂၃ နှစ်ပြည့်ပြီဖြစ်သည့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) သည် လက်နက်ကိုင် တော်လှန်ရေးကို ဆက်လက် ဆင်နွှဲနေဦးမည် ဖြစ်ကြောင်း ပြောဆို သည်။
(ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့် အင်တာဗျူး)
နိုဝင်ဘာ တရက်နေ့တွင် တည်ထောင် မှုသက်တမ်း ၂၃ နှစ်ပြည့်ပြီဖြစ်သည့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) သည် လက်နက်ကိုင် တော်လှန်ရေးကို ဆက်လက် ဆင်နွှဲနေဦး မည် ဖြစ်ကြောင်း ပြောဆို သည်။
အာဏာရှင် အစိုးရကို လက်နက်ဆွဲကိုင် တော်လှန်မည်ဟူသည့် ရည်ရွယ်ချက်ဖြင့် ၁၉၈၈ ခုနှစ် နိုဝင်ဘာ တရက်နေ့ တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် ABSDF သည် သက်တမ်း ၂၃ နှစ်အတွင်းကျောင်းသားရဲ ဘော်ပေါင်း ၁ဝ,၂၄ ဦး ကျဆုံးခဲ့ရပြီး ဖြစ်သည်ဟုလည်း သိရသည်။
၂၃ နှစ်တာကာလအတွင်း ABSDF ၏ ဖြတ်သန်းမှု၊ ရပ်တည်မှု၊ လက်ရှိအစိုးရနှင့် လွှတ်တော်အပေါ် အမြင်၊ တွေ့ဆုံဆွေးနွေးမှုနှင့် လက်နက်ကိုင် လမ်းစဉ်၊ ဒီမိုကရေစီပေါ်ထွန်းရေးနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်မှု တို့နှင့် ပတ်သက်၍ ABSDF ဥက္ကဋ္ဌဖြစ်သူ ရဲဘော် သံခဲကို မဇ္စျိမသတင်းထောက် ထွန်းထွန်းက ဆက်သွယ် မေးမြန်းထားသည်။
ကျောင်းသားတပ်မတော် ABSDF ဖွဲ့စည်းဖြစ်ပုံ အကျဉ်းလေး ပြောပြပေးပါ။
“မကဒတ - ကျောင်းသားတပ်မတော်ဆိုတာ ၁၉၈၈ ခုနှစ်က မွေးဖွားခဲ့တာဖြစ်တယ်။ အဲဒီအချိန်က ကျနော်တို့ တိုက်ပွဲသဏ္ဍာန် သုံးခုရှိခဲ့တယ်။ မြေပေါ်၊ မြေအောက်၊ လက်နက်ကိုင်တော်လှန်ရေးဆိုပြီးတော့မှတိုက်ပွဲ သဏ္ဍာန် သုံးခုထဲမှာ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲမယ်ဆိုပြီးတော့မှ ရောက်ရှိနေကြတဲ့ကျောင်းသား တွေ၊ ရဟန်းရှင် လူတွေ၊ လူတန်းစားပေါင်းစုံပေါ့ဗျာ။ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ လူငယ်ကျောင်းသား တွေဟာ တိုင်းရင်းသား လက်နက်ကိုင် အခြေခံဒေသတွေကို ကျနော်တို့ စတင်ရောက်ရှိတယ်။”
“အဲဒီမှာ အခြေခံယူနစ်တွေ ကျနော်တို့ စပြီးဖွဲ့ကြတယ်။ အဲဒီလို အခြေခံယူနစ်တွေ စတင်ဖွဲ့စည်းပြီးတော့မှ ကချင် ဒေသ၊ ရှမ်းဒေသ၊ ကရင်နီဒေသ၊ ပအို့ဝ်ဒေသ၊ ပလောင်ဒေသ၊ ကရင်ဒေသ၊ မွန်ဒေသ။ အလားတူပဲ အနောက်ဘက် မှာလည်းပဲ အိန္ဒိယ-မြန်မာနယ်စပ် အဲဒီတလျှောက်မှာ ကျောင်းသားတွေ ရောက်ရှိသွားတယ်။ အဲဒီက အခြေခံ ယူနစ်တွေကနေပြီးတော့ ကိုယ်စားလှယ်တွေ စေလွှတ်တယ်။ စေလွှတ်ပြီးတဲ့အခါကျတော့မှ ဝမ်ခ မှာပေါ့ဗျာ။ မကဒတ ဖြစ်ပေါ်လာဖို့အတွက် တိုင်းရင်းသားခေါင်းဆောင်တွေက စတင်ပြီးတော့မှ ဆွေးနွေးပွဲတခု ခေါ်တယ်။”
“ကျောင်းသားကိုယ်စားလှယ်တွေ တက်ပြီးတဲ့အခါကျတော့မှ မကဒတ - ကျောင်းသားတပ်မတော် စတင် ပေါ်ပေါက် လာတာ ဖြစ်တယ်။ အဲဒီ စတင်ပေါ်ပေါက်လာတဲ့ ၁၉၈၈ နိုဝင်ဘာလ ၁ ရက်နေ့က စပြီးတော့မှ အခြေခံယူနစ်တွေက ကိုယ်စားလှယ်တွေကတဆင့် ခုနက ပြောသလို ဗဟိုကော်မတီကို ရွေးရတယ်။ ဗဟို ကော်မတီမှတဆင့် ဗဟို ဦးဆောင်ကော်မတီကို အဆင့်ဆင့် ရွေးချယ်ရတာပါ။”
၂၃ နှစ်ကာလအတွင်းမှာ မကဒတရဲ့ ရည်မှန်းချက်တွေကို ဘယ်လောက်ထိ အောင်မြင်အောင် လုပ်နိုင်ခဲ့ပါသလဲ။
“နံပါတ် (၁) အခြေခံယူဆချက်ကတော့ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ ဒီမိုကရေစီ ဆိတ်သုဉ်းခြင်းနဲ့ တိုင်းရင်းသား အများစုရဲ့ တန်းတူညီတူ အခွင့်အရေးကင်းမဲ့ခြင်းကို ထပ်တူကျအောင်လို့ ကျနော်တို့ ဆောင်ရွက်ပေးနိုင်ခဲ့တယ်။ အထူးသဖြင့်က ၁၉၈၈ မတိုင်ခင်က ဒီမိုကရေစီရေး လှုပ်ရှားမှုနဲ့ တိုင်းရင်းသား တန်းတူရေး လှုပ်ရှားမှုဟာ တသီး တခြားစီ ဖြစ်ပေါ်နေတဲ့ သဏ္ဍာန်မျိုး ရှိခဲ့တယ်။ သို့သော်လည်းပဲ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး အပြီးမှာရောက်ရှိလာတဲ့ နိုင်ငံရေးသမားတွေ၊ ကျောင်းသားလူငယ်ရဲ့ စွမ်းဆောင်နိုင်ချက် တွေဟာ အစုအစည်းနှစ်ခုကြားမှာ တဦးနဲ့တဦး နားလည်မှုကို တည်ဆောက်နိုင်တယ်။”
“ကျနော်တို့ သွားမယ့်လမ်းဟာ အတူတကွ လက်တွဲချီတက်သွားရမယ်ဆိုတဲ့လမ်း ဆိုတာကို အခိုင်အမာ ယုံယုံကြည်ကြည်နဲ့ အလုပ်အတူတူ တွဲလုပ်နိုင်တယ်။ ဒါကြောင့်မို့လည်း ဒီကနေ့ အချိန်အထိ ကျနော်တို့ ကျောင်းသား တပ်မတော်ဟာ ကချင်ဒေသမှာ ပြန်လည် ဖွဲ့စည်းနိုင်ခဲ့တယ်။ နောက် ကရင်နီဒေသမှာ ဆက်လက် ပြီးမှ လက်တွဲဆောင်ရွက်နေတယ်။ KNU ကရင်နယ်မြေမှာလည်း ဆက်လက် ဆောင်ရွက် နေသလို မွန်ဒေသမှာလည်း အတတ်နိုင် ဆုံး ပူးပေါင်းဆောင်ရွက်နေတာ ရှိပါတယ်။”
သက်တမ်း ၂၃ နှစ်ကြာ ရပ်တည်နေတဲ့နေရာမှာ အခက်အခဲတွေကို ဘယ်လို ရုန်းကန်ခဲ့ရသလဲ။
“အဓိကအားဖြင့် မကဒတ ရပ်တည်ရှင်သန်မှုမှာ နှစ်ပိုင်းခွဲပြောရမယ်။ တခုကတော့ နိုင်ငံရေးအရ ရပ်တည် ရှင်သန်မှုပေါ့။ နိုင်ငံရေးအရ ရပ်တည်ရှင်သန်မှုမှာ ကျနော်တို့ အနေနဲ့က မြန်မာပြည်ရဲ့ နိုင်ငံရေးနဲ့ကင်းဝေး လို့ မရဘူး။ အထူး သဖြင့်ကတော့ နအဖရဲ့ လှည့်ကွက်တွေကြားထဲမှာ၊ နိုင်ငံရေးကစားကွက်တွေကြားထဲမှာ ဖြစ်ခဲ့တဲ့ အခင်းအကျင်း တခု ရှိတယ်။ ၁၉၉၂ ကနေပြီးတော့မှ ၂ဝ၁ဝ ကြားထဲမှာ ဖြစ်ခဲ့တဲ့ အခင်းအကျင်းပဲ။ အဲဒါ ဘာလဲဆိုရင် အခြေခံ ယူနစ်တွေရှိတဲ့ တိုင်းရင်းသားဒေသတွေ တော်တော်များများဟာ အပစ်အခတ် ရပ်စဲရေးတွေ လုပ်ထားတဲ့ ကာလ ဖြစ်တယ်။ ဒီလို အခြေခံကာလမှာ ကျနော်တို့တွေရဲ့ တချို့သော လှုပ်ရှားမှုတွေဟာ ရပ်တန့်ခဲ့ရတယ်။”
“ဒါပေမဲ့လည်း နိုင်ငံရေးအဖြေ မထွက်တဲ့ အပစ်အခတ် ရပ်စဲရေး လွန်ကာလပေါ့ဗျာ။ နိုင်ငံရေးအဖြေ ရှာမထွက်တဲ့ အပစ်အခတ် ရပ်စဲရေးက ပေါ်လာတဲ့ အချိန်မှာ ၂ဝ၁ဝ လည်း လွန်ကော ကျနော်တို့တွေရဲ့ အလုပ်တွေ၊ ကျနော်တို့တွေနဲ့ အတူတကွ လက်တွဲတိုက်ပွဲမူတွေဟာ ပြန်လည်ပြီးတော့မှ ပေါ်လာတယ်။ ဒါကြောင့်မို့ ကျနော် မြင်တာကတော့ မကဒတရဲ့ နိုင်ငံရေး ရပ်တည်ချက်တွေ၊ လုပ်ဆောင်ချက်တွေဟာ တောက်လျောက် တည်ရှိနေတာ ဖြစ်တယ်။ ဒါက မကဒတရဲ့ နိုင်ငံရေးရပ်တည်ချက်အပေါ်မှာ ပြောချင် တာပါ။”
“ဒုတိယတချက်ကတော့ ထောက်ပံ့ရေးလို ဟာမျိုး၊ ဖူလုံရေးလို ဟာမျိုး။ ကျနော်တို့တွေအတွက်လုံလောက် နိုင်တဲ့ ရိက္ခာလို ဟာမျိုး။ ဒီလိုကိစ္စမျိုးတွေကျတော့ ကျနော်တို့မှာ တော်လှန်ရေး ပုံသဏ္ဍာန်အရ အကျပ်အ တည်း ဆိုတာ အမြဲတမ်း ရှိတယ်။ သို့သော်လည်းပဲ မတူညီတဲ့အခြေအနေကို ကျနော် ပြောပြချင်ပါတယ်။”
“ပထမဆုံး ကျနော်တို့ ရောက်စ အခြေအနေဟာ တိုင်းရင်းသား ဒေသတွေမှာ အခြေခံ မိခင် အဖွဲ့အစည်း တွေရဲ့ ကူညီထောက်ပံ့မှုတွေ၊ ဝိုင်းရံမှုတွေက အလုံးအရင်းနဲ့ ရရှိခဲ့တယ်။ နယ်မြေတွေကလည်းကောင်း တယ်။ နောက်ပြီးတဲ့ အခါကျတော့ ခေတ်ကာလကလည်း အားလုံးက တိုက်ပွဲဖြစ်နေတဲ့ ကာလဖြစ်နေတာ။ နောက် ကြာလာပြီးတော့မှ ဒုတိယအကြိမ် ကာလလို့ ပြောရမယ်။ အဲဒီကာလမှာကျတော့ ဘာဖြစ်လာလဲ ဆိုရင် ကျနော်တို့လူတွေ၊ တချို့သောနိုင်ငံတွေကနေပြီးတော့မှ ရိက္ခာလို ကိစ္စမျိုးတွေ၊လူမှုကူညီထောက်ပံ့ ကူညီမှု မျိုးတွေ ရခဲ့တယ်။ ဒီအချိန်ကာလမှာ ကျနော်တို့ တော်ရုံတန်ရုံ အခက်အခဲတွေ ဖြေရှင်းနိုင်တယ်။ ဒါပေမယ့် တော်လှန်ရေးတခုလုံး ရပ်တည်ဖို့အတွက်က ကျနော်တို့ အဖြေမထွက်ခဲ့ဘူး။”
“နောက်တဆက်တည်းမှာပဲ ဘာဖြစ်လာလဲဆိုတဲ့အခါကျတော့ ကျနော်တို့ကို ခုနက ထောက်ပံ့ခဲ့တဲ့ အဖွဲ့အစည်းတွေ က ထောက်ပံ့မှုတွေ လုံးဝ ရပ်ဆိုင်းလိုက်တဲ့ အချိန်မှာ ကျနော်တို့တွေအတွက် အခက်အခဲက အကျပ်တည်းဆုံးပဲ။ အဲဒီကာလက အခုဆိုရင် ၁၀ နှစ်ကျော်သွားပြီ။ အခုချိန်အထိ ကျနော်တို့ လူတွေ ရပ်တည်နေတာဟာ ပြင်ပနိုင်ငံရဲ့ အကူအညီ၊ အထောက်အပံ့မှ ရရှိထားတာ မဟုတ်ဘူး။ ဒီကနေ့ ကျနော်တို့ ဘဝ ရပ်တည်ချက်ဟာ နိုင်ငံတကာမှာရောက်နေတဲ့ မကဒတ အဖွဲ့ဝင်တွေ၊ နောက် နိုင်ငံတကာမှာရောက် နေတဲ့ မျိုးချစ်ပြည်သူတွေ၊ အဲဒီ အင်အားစုတွေ ရဲ့ ထောက်ပံ့မှုနဲ့ပဲ ရပ်တည်နေရတာ ဖြစ်ပါတယ်။”
ဒီလို အခက်အခဲတွေကြားက ဘာ့ကြောင့် ရပ်တည်နေနိုင်ခဲ့တာလဲ၊ ခံယူချက်ကဘာလဲ။
“အဓိက ကတော့ ကျနော်တို့ရဲ့ နိုင်ငံရေး ခံယူချက်ပဲလို့ ပြောရမယ်။ မြန်မာပြည်ရဲ့ အဓိက နိုင်ငံရေး ခံယူချက် ဟာ ဘာလဲဆိုရင် ဒီမိုကရေစီ ဆိတ်သုဉ်းနေတယ်။ နောက်တခုက တိုင်းရင်းသားတွေရဲဲ့တန်းတူ ရေးတွေက ကင်းမဲ့နေ တယ်။ ဒီအခွင့်အရေးတွေကို မဖော်ဆောင်နိုင်သေးသရွေ့ကကျနော်တို့ရဲ့ တိုက်ပွဲ တွေက ဆက်လက်ပြီးတော့ တည်ရှိနေဦးမယ်။”
“ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ ၂ဝဝ၈-၂ဝ၁ဝ မတိုင်ခင် အခြေအနေကို ကျနော် ပြောပြီးပါကော။ ဒီအခါမှာ ဘာတွေ့ သလဲဆိုရင် နဝတ၊ နအဖခေတ်က လမ်းပြမြေပုံ ခေတ်ပေါ့ဗျာ။ ညောင်နှစ်ပင် ခေတ်။ အဲဒီီခေတ် မှာလည်း ကျနော်တို့တွေ အတွက်က ဒီမိုကရေစီရေးတွေက အာမခံချက်မရှိခဲ့ဘူး။ ပြည်သူလူထုရဲ့ဘဝ လုံခြံုရေးတွေကလည်း အာမခံချက် မရှိသလို တိုင်းရင်းသားတွေရဲ့ တန်းတူရေးတွေကလည်း အာမခံချက် မရှိဘူး။ ဒါကြောင့် ကျနော်တို့ သူတွေဟာ ဆက်လက် တိုက်ပွဲဝင်ရမယ်။”
“တဘက်မှာလည်း တိုင်းပြည်ရဲ့ အထွေထွေ အကျပ်အတည်းကလည်း တဖြည်းဖြည်းနဲ့ ကြီးလာတယ်။ ဒါကြောင့် ဒီအခက်အခဲကို ကျော်လွန်ဖို့ဆိုရင် သူတို့လုပ်နေတဲ့ ညောင်နှစ်ပင်လို ကိစ္စမျိုးတွေဟာ အတု အယောင်တွေ ဖြစ် တယ်၊ နောက်တခုကတော့ အပစ်အခတ် ရပ်စဲရေးတွေဟာ အတုအယောင်တွေ ဖြစ်တယ်။ ဒီနိုင်ငံရေး အခြေအနေ ကို အဖြေရှာမထွက်သေးသရွေ့ ဒီတိုက်ပွဲတွေဟာ ဆက်လက် တည်ရှိနေမယ်။ မတည်ငြိမ်မှုတွေဟာ ဆက်လက် တည်ရှိနေမယ်။ ဒါလည်း မကဒတ ကျောင်းသား တပ်မတော်ဟာ ဆက်လက် တိုက်ပွဲဝင်ဖို့ လိုအပ်တယ်။ လက်နက်ကိုင် တိုက်ပွဲတွေကို ဆက်လက် ဆင်နွှဲဖို့ လိုတယ်။ လူထုတိုက်ပွဲတွေနဲ့အတူ ပေါင်းစပ်နေဖို့ လိုတယ်။”
“အထူးသဖြင့် မကဒတမှာ အခန်းကဏ္ဍ နှစ်ခုရှိတယ်လို့ ယူဆတယ်။ တခုကတော့ ဘာလဲဆိုရင် ဖိအားပေးတဲ့ လုပ်ငန်းတွေမှာ ကျနော်တို့ လူတွေဟာ တက်တက်ကြွကြွ ပါဝင်နိုင်ဖို့ လိုတယ်။ ဒုတိယ တခုကတော့အင် မတန်မှ အရေးကြီးတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ကျနော်တို့လူတွေဟာ ပေါင်းကူး တံတားတွေ ဖြစ်ရမယ်လို့ ခံယူထားတယ်။”
အခု အရပ်သားအစိုးရ တက်လာနေပြီဖြစ်တယ်။ ဒီတော့ကာ လက်ရှိနိုင်ငံရေး အခြေအနေကိုကော ဘယ်လို သုံးသပ်ထားသလဲ။
“ကျနော်တို့ မြင်တဲ့ယူဆချက်ရှိပါတယ်။ ဦးသိန်းစိန်အစိုးရဆိုတာ လမ်းပြမြေပုံ ခုနှစ်ဆင့်ရဲ့ ရလဒ်တခု ဖြစ်တယ်။ အဲဒီ ရလဒ်နောက်ကွယ်မှာ ကျနော်တို့တွေက ကျိုးကြောင်း ဆီလျော်အောင် စဉ်းစားသင့်တယ်လို့ ထင်တယ်။ မြန်မာပြည် မှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး ကတည်းက တွက်ရင် ၆၃ နှစ်ရှိတယ်။ အဲဒီ ၆၃ နှစ်ထဲမှာမှ နှစ်အပိုင်းအခြားနဲ့ တွက်ကြည့်ရင်တော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရှိတဲ့ ခေတ်တွေ ရှိတယ်။ ဖွဲ့စည်းပုံ မရှိဘဲနဲ့ အုပ်ချုပ်ခဲ့တဲ့ နှစ်တွေ ရှိတယ်။”
“ဆိုကြပါစို့။ ၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပါလီမန် ဒီမိုကရေစီခေတ်။ အဲဒီခေတ်မှာလည်း မတည်ငြိမ်ခဲ့ပါဘူး
မြန်မာပြည်ရဲ့ အခြေအနေက။ နောက်တခုက ရ၄ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မဆလ တပါတီ အာဏာရှင် ခေတ်။ ဒီခေတ်မှာလည်း တိုင်းပြည်တခုလုံးက မတည်ငြိမ်ဘူး။ နောက်တခုကတော့ ဖွဲ့စည်းပုံ လုံးဝမရှိတဲ့ နဝတ၊ နအဖ အစိုးရကောင်စီခေတ်။ နောက် အခု ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ စစ်တပ်ကျောထောက် နောက်ခံ လက်ရှိ ကြံ့ဖွံ့အစိုးရခေတ်ပေါ့ဗျာ။”
“ဒီလိုမျိုး ခွဲကြည့်လို့ရှိရင် ကျနော်တို့မှာ သင်ခန်းစာထုတ်ကြည့်လို့ရတယ်။ အခြေခံဥပဒေတခုဟာပြည်သူလူ ထုရဲ့ ဆန္ဒသဘောထားတွေကို အပြည့်အဝ အာမ, မခံနိုင်ဘူး၊ ပြည်သူ့ဆန္ဒအပေါ်မှာ မမူတည်ဘူး။ နောက် တခုက တိုင်းပြည် ရဲ့ အခြေခံနိုင်ငံရေး လိုအပ်ချက်တွေ အပေါ်မှာ မပြည့်စုံနိုင်ဘူးဆိုရင် တိုင်းပြည်က ဘယ်လိုမှ မတည်ငြိမ်နိုင်ဘူးဆိုတာ စမြင်နေတယ်။ ဒါကြောင့်မို့ ကျနော်မြင်တာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာ ကလည်း လူထုထောက်ခံမှုနဲ့ တက်လာတာ မဟုတ်ဘူး။ လူထုရဲ့ အကျိုးစီးပွားအတွက် ရေးဆွဲ ထားတာ မဟုတ်ဘူး။ စစ်အုပ်စုအတွက် ရေးဆွဲထားတဲ့ အခြေခံဥပဒေ ဖြစ်တယ်။”
“ဒါကြောင့် ဒီအခြေခံ ဥပဒေဟာ လူထုအတွက် အာမ မခံနိုင်သလို ကျနော်တို့ရဲ့ လိုအပ်ချက်တွေ ဖြစ်တဲ့ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးတွေကိုလည်း အာမ မခံနိုင်တဲ့အတွက် တိုင်းပြည်က တည်ငြိမ်မှုကို မပေးနိုင်သေးဘူးလို့ ထင်တယ်။”
ဒါဆိုရင် ဘယ်လိုလုပ်ငန်းစဉ်မျိုးတွေကသာ မြန်မာပြည် ဒီမိုကရေစီလုပ်ငန်းစဉ်ကို ပေါ်ထွန်းစေမယ်လို့ ထင်ပါသလဲ။
“တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကသာ အကောင်းဆုံး အဖြေပဲ။ ဒီတွေ့ဆုံ ဆွေးနွေးရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို စဖို့ဆိုရင် ဒီကနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပွဲတွေဟာ ပွင့်လင်းမြင်သာမှု ရှိရမယ်၊ တန်းတူညီတူရှိတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်ရမယ်။ အားလုံး အဖြေရှာနိုင်တဲ့ အခင်းအကျင်းတွေ ဖြစ်ရမယ်။”
“ဒါပေမဲ့ အခု တွေ့ဆုံ ဆွေးနွေးမှုတွေဟာ အဲဒီအဆင့်တွေကို မရောက်သေးဘူးလို့ ယူဆတယ်။ တဆက်တည်းမှာပဲ ဘာဖြစ်သလဲဆိုရင် တိုင်းပြည်ရဲ့တည်ငြိမ်ရေးကို ပထမ တည်ဆောက်ရမှာ ဖြစ်တယ်။ အထူးသဖြင့် နိုင်ငံရေးတည် ငြိမ်မှုကို တည်ဆောက်ချင်တယ်ဆိုရင် လုပ်ရမယ့် ပထမခြေလှမ်းကဘာလဲဆို ရင် ၈၈ ကျောင်းသား ခေါင်းဆောင်တွေ အပါအဝင်ပေါ့ဗျာ။ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးလွှတ်ပေး ရမယ်။ နောက်တခုက တတိုင်းပြည်လုံးမှာ ပစ်နေ၊ ခတ်နေတဲ့ ထိုးစစ်ဆင်နေတာတွေကို တတိုင်းပြည်လုံး ရပ်ပစ်ရမယ်။ ဒါဟာ နိုင်ငံရေး တည်ငြိမ်မှုရဲ့ ပထမခြေလှမ်းလို့ ယူဆတယ်။”
“အဲဒီကမှတဆင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေဟာ ပိုပြီး မြင်သာတဲ့ အခင်းအကျင်းတွေ၊ အချိန်ကန့်သတ်ချက် အခင်းအကျင်းတွေထဲမှာ တိုင်းရင်းသားတွေ အရေးအခင်းတွေကို ပွင့်ပွင့်လင်းလင်း ချပြဆွေးနွေးနိုင်တဲ့ အခြေခံကို ရောက်သွားဖို့ လိုတယ်လို့ ထင်တယ်။”
၂၃ နှစ်မြောက်နေ့မှာ ဘာတွေဆက်လုပ်သွားမယ်ဆိုတဲ့ ရှေ့လုပ်ငန်းစဉ်ကကော။
“အထူးသဖြင့်က ကျနော်တို့ ညီလာခံက သတ်မှတ်ထားတာက လူထုတိုက်ပွဲနဲ့ လက်နက်ကိုင် တိုက်ပွဲ ပေါင်းစပ်အောင်ပွဲခံရေး ဖြစ်တယ်။ ဒီကြွေးကြော်သံဟာ အခုချိန်ထိ ဆက်လက် ဆွဲကိုင်ထားဖို့ လိုတယ်။ ဒီကြွေးကြော်သံအောက်မှာ၊ ဒီသေနင်္ဂဗျူဟာအောက်မှာ ကျနော်တို့တွေဟာ အဘက်ဘက်က ပြင်ဆင်ဖို့ လိုတယ်။”
“ဒါဟာ ဘာလို့ ပြောနေလဲဆိုရင် မြန်မာပြည်ရဲ့ နိုင်ငံရေးဟာ ပြောင်းလဲမှုဟာ စသေးတာ မဟုတ်ဘူး။ မြန်မာပြည်ရဲ့နိုင်ငံရေးဟာ တည်ငြိမ်မှုကို ရနေသေးတာ မဟုတ်ဘူး။ ကျနော်တို့ အားလုံးဟာ တန်းတူညီတူ ဥပဒေ တခုတည်းအောက်မှာ၊ အားလုံး လိုက်နာနိုင်တဲ့ ဥပဒေရဲ့ လုံခြံုမှုအောက်မှာ ရနေသေးတာမဟုတ် ဘူး။ ဒီအခြေခံအောက်မှာ ကျနော်တို့တွေဟာ အချိန်မရွေးပေါက်ကွဲ ထွက်လာနိုင်တယ်။ အချိန်မရွေး တိုင်းပြည်ထဲမှာ ကျနော်တို့အားလုံးဟာ အကျဉ်းသားတွေအဖြစ် ဖြစ်သွားနိုင်သေးတဲ့ အခြေအနေရှိတယ်။”
“ဒါကြောင့်မို့ ကျနော်တို့ရဲ့လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲ ပေါင်းစပ်ရေးဆိုတဲ့ သေနင်္ဂဗျူဟာ အောက်မှာ ဆက်လက်ပြီးတော့မှ လုပ်ငန်းစဉ်တွေကို ပြင်ဆင်သွားမယ်လို့ပဲ ပြောချင်ပါတယ်။”
တွေ့ဆုံ ဆွေးနွေးရေး အတွက် ပြောနေကြချိန်မှာ လက်နက်ကိုင် တိုက်ပွဲကကော ဘယ်လောက် အရေးကြီးတယ်လို့ ပြောလို့ရမလဲ။
“တွေ့ဆုံဆွေးနွေးရေးတွေကို မျက်ကွယ်ပြုနေတာ မဟုတ်ဘူး မကဒတ က။ မကဒတ က တွေ့ဆုံဆွေးနွေး ရေးကို အမြဲတမ်းကြိုဆိုတယ်။ တန်းတူညီတူရှိတဲ့၊ ပွင့်လင်းမြင်သာတဲ့ တွေ့ဆုံဆွေးနွေးရေးတွေဖြစ်ထွန်း ဖို့အတွက် အမြဲတမ်း တိုက်တွန်းတယ်။ သို့သော်လည်းပဲ တန်းတူညီတူ တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်မလာနိုင်တဲ့အခြေခံနောက်မှာ ကျနော် တို့ တိုက်ပွဲသဏ္ဍာန်ပေါင်းစုံ ပြင်ဆင်သွားဖို့ လိုတယ်လို့ ကျနော်တို့အနေနဲ့ မှန်းဆတယ်။”
“အဲဒီမှန်းဆချက်ရဲ့နောက်မှာ အမျိုးသားတန်းတူရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေနဲ့အတူ ကျနော်တို့ပြင်ဆင်နေတယ်။ အားလုံးဟာ ပွင့်လင်းမြင်သာတဲ တွေ့ဆုံဆွေးနွေးပွဲသာဖြစ်ရင်၊ တန်းတူညီတူ ရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲသာ ဖြစ်ခဲ့ရင် ဒီပြဿနာတွေဟာ တည်ငြိမ်သွားနိုင်တယ်၊ အေးဆေးသွားနိုင်တယ်။”
“ဒီလိုမှ မဟုတ်ဘဲနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံပေါ်မှာပဲ နအဖက အတင်းအကျပ် ဆွဲကိုင်ထားမယ် ဆိုရင်၊ဒီဘောင် ထဲကိုပဲ ဆွဲသွင်းထားမယ်ဆိုရင် အချိန််မရွေး လူထုတိုက်ပွဲတွေလည်း ဆက်ပေါ်ဦးမယ်၊ လက်နက်ကိုင် တိုက်ပွဲ တွေကလည်း ဆက်ရှိနေဦးမယ်လို့ ယူဆထားတဲ့အတွက် ဒါကို ပြင်ဆင်ထားခြင်း ဖြစ်ပါတယ်။”