ထိုင်းနိုင်ငံ ချင်းမိုင်မြို့လေယာဉ်ကွင်းအနောက် ဖက် ရှိ ရွှေ့ပြောင်းအလုပ်သမားတန်းလျား မီးလောင် ရာအိမ် ခြေ ၂၀ ခန့်မီးလောင်ပြာ ကျကုန်သည်ဟု အလုပ်သမား များကပြောသည်။
အောက်တိုဘာ ၃၁ ရက် မနက် ၈ နာရီခွဲခန့်တွင် ချင်းမိုင်မြို့ မယ့်ဟယ်ရပ်ကွက် ဝမ့်ချန့်ထောင်းရွာ (ချင်းမိုင်မြို့ နိုင်ငံ တကာ လေဆိပ်ဘေး) အတွင်း သျှမ်းပြည်မှ ရွေ့ပြောင်းအလုပ်သမားမိသားစုရာကျော် စုပေါင်းနေသော တန်းလျားတွင် မိသားစု ၂၀ ကျော် နေထိုင်သည့် တန်းလျားတခု မီးလောင်သွားခြင်းဖြစ်ကြောင်းသိရှိရပါ သည်။
“အလုပ်သွားချိန်မှာမီးက ထလောင်တာ။ အခန်းတွေက ဆက်နေတော့ လောင်တာမြန်တာပေါ့။ မနက် ၈:၃၀ လောက် စလောင်တယ်။ ၉ နာရီလောက်မှ မီးသတ် ကားရောက်တယ်။ ရဲတွေလဲ ဖြစ်စဉ်မေးမြန်း မှတ်ယူ သွားတယ်။ ကူညီကယ်ဆယ်ရေး ဘာမှမရှိသေးဘူး။ မနက်ဖြန် ကလေးတွေကျောင်းပြန်တက်တော့မယ်။ ကျောင်းအသုံး အဆောင်ပစ္စည်းတွေ ဝယ်ထားပေးတာလဲ မီးထဲပါသွားကုန်ပြီ” ဟု အသက် ၂၀ ကျော် အမျိုးသမီး တဦးက သျှမ်းသံတော်ဆင့်အားပြောသည်။
ယနေ့ နေ့လည်စာအတွက် ချင်းမိုင်သျှမ်းစာပေယဉ်ကျေးမှုအသင်းက နေ့လည်စာ ထမင်းထုပ်နှင့်သောက် သုံးရေ များ သွားရောက်ဝေငှပေးလျက်ရှိသည်။
အဆိုပါ မီးလောင်မှုတွင် Shan Youth Power အဖွဲ့မှ ရွေ့ပြောင်းအလုပ်သမား ကလေးများအတွက် ဖွင့်လှစ် ထားသည့် (အင်္ဂလိပ်၊ ထိုင်း၊ သျှမ်းစာ) သင်တန်းကျောင်းဆောင်လည်း မီးလောင်သွားခဲ့ရသည်ဟုဆို၏။
“ဝါယာရှော့ခ်ဖြစ်ပြီး လောင်တာလို့တော့ပြောကြတယ်။ ပေါ့ဆမီး ဆိုရမှာပေါ့။ ဘယ်အခန်းကစလောင် တယ်ဆို တာလဲ ခုထိ မသိရသေးဘူး။ မီးသတ်ကားအရောက်မြန်ပေလို့ပေါ့။ အဲ့ထက်နောက်ကျရင်တော့ အကုန်လုံးလောင် ဖွယ်ရှိတယ်” - ဟု လည်း အဆိုပါတန်းလျားနေ အသက် ၅၀ ကျော်အရွယ်အမျိုးသမီး တဦးကလည်း ပြောသည်။
အလုပ်သမားအများစုမှာ အဓိက အရေးကြီးသော ရွှေ ၊ ငွေ နှင့် အလုပ်လုပ်ခွင့်ကဒ်များကိုတပါတည်းယူ ဆောင် သွားကြ သော်လည်း ကလေးမွေးလက်မှတ်၊ မော်တော်ဆိုင်ကယ်၊ ရုပ်မြင်သံကြား စသောပစ္စည်း များ အပြင်အရေးကြီး စာရွက်စာ တမ်းတချို့ ဆုံးရှုံးခဲ့ကြသည်။
တချို့မှာမူ စုထားသော ငွေကြေးသောင်းဂဏန်း ဆုံးရှုံးကြသည်အထိရှိသည်။
အဆိုပါ အလုပ်သမားတန်းလျားတွင် အခန်းပေါင်း ၁၀၀ ကျော်ရှိရာ သျှမ်းပြည်အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်း အလုပ် သမားများ စခန်းချနေထိုင်ကာ တည်ဆောက်ရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။