ကရင်နီပြည်က တရားမျှတမှုမရှိသည့် ငြိမ်းချမ်းရေးအသင်း

ကရင်နီပြည်က တရားမျှတမှုမရှိသည့် ငြိမ်းချမ်းရေးအသင်း
by -
ဖဲမော့၊ ဘလူးဘတ်

(ဆောင်းပါး) “ဝေး ဟေး ဟေး…ဟာ…” ဆိုပြီး အားပေးသံများ၊ သက်ပြင်းချသံများက ကွင်းပြင် တခုလုံး ဆူညံ ပွက်လော ရိုက်ခတ်နေပါသည်။

“ဝေး ဟေး ဟေး…ဟာ…” ဆိုပြီး အားပေးသံများ၊ သက်ပြင်းချသံများက ကွင်းပြင် တခုလုံး ဆူညံပွက်လော ရိုက်ခတ်နေပါသည်။

၎င်းကား ကရင်နီပြည်ဒီးမော့ဆိုမြို့ရှိ ကယားနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ကြီးမှူးပြီး ကမကထ ပြုလုပ်ကျင်းပနေသော ယခုနှစ်ဘောလုံးရာသီအတွက် ဗိုလ်လုပွဲသို့ တက်ရောက်လာနိုင်ကြသော နောင်ပုလဲအုပ်စုနှင့် ငြိမ်းချမ်းရေးအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်နေကြသော ဘောလုံးပွဲဖြစ်သည်။ ယခု ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် ကျင်းပသည်။

နောင်ပုလဲအသင်းမှာ နောင်ပုလဲကျေးရွာ အုပ်စုအတွင်းမှ လက်ရွေးစဉ်များဖြစ်ကြပြီး ငြိမ်းချမ်းရေးအသင်းမှာမူ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ကလလတ) ၏ အသင်းဖြစ်သည်။

နှစ်စ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသော အဆိုပါဘောလုံးပွဲကို လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်ရှိ ကလလတ ဥက္ကဌ ဦးထွန်ကျော်၏ ကိုယ်ပိုင်ဘော်လုံးကွင်းတွင် ကျင်းပမြဲဖြစ်သည်။ ထိုကဲ့သို့ စည်ကားသိုက်မြိုက်စွာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သည်မှာ ပွဲစဖွင့်သော ပထမရက် ဖွင့်ပွဲကပင်ဖြစ်သည်။ ဤသို့ မစည်ကားမသိုက် မြိုက်၍လည်း မရပေ။ အကြောင်းမှာ ဦးထွန်းကျော်က စပွန်ဆာ လုပ်ပေးကာ ကျေးရွာများကိုဖိတ်ခေါ်ကစား စေသောကြောင့် ဖြစ်သည်။

ဦးထွန်းကျော်သည် မိမိစပွန်ဆာ လုပ်ထားပေးသော ငြိမ်းချမ်းရေးအသင်း၌ ကိုယ်တိုင်ပါ၀င်ကစားတတ်သည်။ အသင်းအား ကရင်နီပြည်ရှိ နယ်တကာက လက်ရွေးစင်များကို ရွေးချယ်ထားသည့်အတွက် နှစ်တိုင်းလိုလို ဗိုလ်ကျပြီး အနိုင်ရရှိတတ်သည်။

ငြိမ်းချမ်းရေးအသင်းဘက်မှ တရားမျှတမှုမရှိသည့် လုပ်ရပ်တခုမှာ ဘောလုံးစည်းကမ်းနှင့် မကိုက်ညီသော လူစားလဲခြင်းပြုလုပ်သည့် နည်းလမ်းတခုနှင့် ဒိုင်လူကြီးများသည် ငြိမ်းအသင်းဘက်ကိုသာအသာစီးပေး ထားရသည်။

ဦးထွန်းကျော် ဦးဆောင် စပွန်ဆာလုပ်သော နှစ်စဉ်ဘောလုံးပွဲတိုင်းသည် ယခုကဲ့သို့သော အဖြစ်အပျက်မျိုး ဖြစ်လေ့ဖြစ်ထရှိခဲ့သော်လည်း ပွဲကြည့်ပရိသတ်များအနေဖြင့် နားလည်ပေးကြရသည်။

“ဘာလို ့လဲဆိုတော့ အဖြေမျိုးစုံနဲ့ပါဘဲ။ ကျေတော့မကျေနပ်ကြဘူးကွ… အတိအလင်းတော့ မပြောရဲကြဘူး လေကွာ… ပြောလိုက်ရင် စပွန်ဆာပျောက်သွားမှာစိုးလို့လေ” ဟု ဘောလုံးပွဲကြည့်ပရိသတ်တဦးက ပြောသည်။

ဒီလိုသည်းခံ ကစားလာခဲ့သည်မှာ နှစ်စဉ်နှစ်တိုင်းပင်ဖြစ်သည်။ သို့ပေမယ့် ယခုနှစ် ဘောလုံးရာသီ၏ ဗိုလ်လုပွဲမှာတော့ သည်းခံခဲ့သမျှ ပေါက်ထွက်ခဲ့ကြရလေပြီ။

ယခုနှစ်ဗိုလ်လုပွဲ ဖြစ်သော နောင်ပုလဲအသင်းနှင့် ငြိမ်းချမ်းရေးအသင်းတို့၏ အကြိတ်အနယ်ယှဉ်ပြိုင်ပွဲသည်  ဗိုလ်လုပွဲ၏ သဘာဝအတိုင်း ပွဲကြမ်းသည်မှာ အနိုင်ရယူလိုသည့် သဘာဝဟု ဆိုနိုင်သော်လည်းငြိမ်းချမ်းရေး အသင်းသည် အရင်ကစားခဲ့သော ပွဲများ၏ ပုံစံအတိုင်း စည်းကမ်းနှင့်မကိုက်ညီသော လူစားလဲခြင်းပြု လုပ်သည်။ ထိုသို့ပြုလုပ်ခြင်းကို ဒိုင်လူကြီးမှ ခွင့်ပြုရသည်။ သို့သော် နောင်ပုလဲအသင်းမှ ပြုလုပ်မည်ဆိုပါက ဒိုင်လူကြီးခွင့်မပြုဘဲ ဖောင်းပေးသည်။

ပထမပိုင်းတွင် နောင်ပုလဲအသင်းသားများက သည်းခံကစားနိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ပြဿနာ စတင်လာပါတော့သည်။ နောင်ပုလဲအသင်းက သယ်သူလာသောဘောလုံးကို ငြမ်းချမ်းရေးဘက်မှအတင်း ၀င်လုရာမှ ပြစ်ဒဏ်ဘောရရှိခဲ့သည်။

ပြစ်ဒဏ်ဘောရရှိသည့် အသင်းမှာလည်း နောင်ပုလဲအသင်း ဖြစ်သင့်သော်လည်း ဒိုင်လူကြီးက ငြိမ်းချမ်းရေး အသင်းဘက် ကန်ခွင့်ပေးလိုက်သည့်အပြင် ဦးထွန်းကျော်မှလည်း ဆရာဝင်လုပ်ပြီး နောင်ပုလဲအသင်းအား မိမိအသင်းဖြစ်သည့် ငြိမ်းချမ်းအရေးအသင်းကို တောင်းပန်ခိုင်းသည်။

ထိုကဲ့သို့ တရားမျှတမှုမရှိသည့် ဘောလုံးပွဲကို နောင်ပုလဲအသင်းမှ အားကစားသမားများဆက်လက်မကန် လိုတော့ဘဲ ကွင်းပြင်သို့လှည့်ထွက်ခဲ့ကြသည်။

“နှစ်တိုင်း ခံစားလာခဲ့ရတဲ့ အနိုင်ကျင့်ဗိုလ်ကျမှုတွေကို ဒီနှစ်မှာလည်း ထပ်ခံရတော့ ပေါက်ကွဲတော့တာလေ” ဟု နောင်းပုလဲအသင်းနှင့် နီးစပ်သော ဘောလုံးပရိသတ်တဦးက ဆိုပါသည်။

သို့သော်လည်း နောင်ပုလဲအသင်းအပေါ် သြဇာညောင်းပုံရသော သာသနာခေါင်းဆောင်လူကြီးများနှင့် ရပ်မိရပ်ဖတို့၏ ဖျောင်းဖျမှုကြောင့် ပွဲစဉ်ပြီးသည်အထိ ဆက်လက်ကစားခဲ့ကြသည်။

ပွဲစဉ်အပြီးတွင် ငြိမ်းချမ်းရေးဘက်မှ နောင်ပုလဲအသင်းကို  ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

let-by-htoo-kyaw-opening-ceremony

“သူတို့က အမြဲဂိုးပြတ်နိုင်ချင်ခဲ့တာကွ ဒါပေမယ့် နောင်ပုလဲအုပ်စုရဲ့ ခြေကန်ချက်တွေက သူနယ်တကာက စုခေါ်လာတဲ့ တိုင်းလက်ရွေးစင်တစ်ချို့ထက်တောင် သာနေတော့ သူအခက်တွေ့တာပေါ့ကွာ…ဒိုင်သာ မကယ်လို ့ကတော့ သူတို ့တောင် ဂိုးပြတ်ရှုံးမယ်ထင်တယ်” ဟု ပွဲကြည့်ပရိသတ်တဦးက သုံးသပ်ပြောဆို သည်။

ပြသာနာက ထိုမျှလောက်နှင့် မပြီးပြတ်ခဲ့ပေ။ ဦးထွန်းကျော်က နောင်ပုလဲအုပ်စုအသင်းကို “နောင်နှစ် ငါ့ကွင်းမှာ လာမကန်နဲ့” ပြောဆိုချက်ကို နောင်ပုလဲအားကစားသမားများ ကြားသိလိုက်သည်။

နောင်ပုလဲအသင်းသားတဦးမှ နောက်ကွယ်တွင်သာ “နောင်နှစ်မှာ မကန်တော့ဘူးတဲ့… သူဖွင့်တဲ့ဖလားကို သူဘဲ လိုချင်နေတော့ နောင်နှစ်မှာလည်း သူပဲ လွတ်လွတ်ကျွတ်ကျွတ် မပင်ပန်းပဲနဲ့ အားမစိုက်ရဘဲနဲ ့ဖလားရအောင်ငါတို့မကန်ရုံပေါ့” ဟု တိုးတိုးသိပ်သိပ်ပြောဆိုခဲ့သည်။

ထိုကဲ့သို့ ကျေးရွာများကို ဖိတ်ခေါ်ကစားစေပြီး ဖလားကို မပေးချင်ပဲ ကိုယ့်ဖလားကို ကိုယ်ပြန်ယူနိုင်ဖို့ မသမာသော နည်းလမ်းဖြင့် အနိုင်ပြုလုပ်နိုင်ခြင်းက ဘောလုံးဝါသနာရှင်များအတွက် စိတ်ဓါတ်ကျစရာ ဖြစ်ရပ်တခုဖြစ်သလို နောင်လာနောက်သား ဘောလုံးသမားများအတွက်ပါ အညွန့်ချိုးသလိုဖြစ်သည်ဟု ထိုဘော်လုံးပွဲအားသုံးသပ်သည့် ပွဲကြည့်ပရိသတ်များက ဆိုသည်။

ဤဖြစ်ရပ်မျိုးသည် မိမိလူမျိုး မျိုးဆက်သစ်တို့၏ တိုးတက်ချင်သောစိတ်ဆန္ဒကို ဖျက်လိုဖျက်ဆီးလုပ်နေ သည့်အတွက် မကျေနပ်ချက်တွေကို ပွင့်ပွင့်လင်းလင်း ဖွင့်မပြောရဲခဲ့သော ပွဲကြည့်ပရိသတ်များဒီဆောင်းပါး တပုဒ်ကိုဖတ်ပြီး ကျေနပ်နိုင်ကြပါစေဟု ဆုတောင်းပေးလိုက်ပါသည်။