မြို့တော်ခန်းမတွင် ဗုံးတွေ့

မြို့တော်ခန်းမတွင် ဗုံးတွေ့
by -
မျိုးသိဏ်း

(မဇ္စျိမ) ။      ။ ရန်ကုန်မြို့၏ လုံခြံုရေးအတင်း ကြပ်ဆုံးနေရာများတွင် တခုအပါအဝင်ဖြစ်သည့် မြို့တော်ခန်းမ ပရဝုဏ်အတွင်း ခန်းမ အဆောက် အအုံရှေ့ မဟာဗန္ဓုလပန်းခြံဘက်အခြမ်း ဆင်ဝင် အောက်တွင် တနင်္ဂနွေနေ့ ညနေပိုင်းကဗုံးတလုံး တွေ့ရှိခဲ့သည်။

bomb-alert-1
ဗုံးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ညနေ ၆ နာရီ ဝန်းကျင်ခန့်တွင် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ လမ်းမကြီးကို ဆူးလေဘုရားထောင့်မှ စတင်၍ ယာဉ်သွားလာခွင့် ရပ်ဆိုင်းပြီး ယူနီဖောင်းဝတ် ရဲများက နေရာယူ ပိတ်ဆို့ထားခဲ့သည်။

ဗုံးတွေ့ရှိသည့် သတင်းနှင့် လမ်းပိတ်ဆို့ထားသည့် သတင်းကြောင့် သွားရောက်သတင်းယူသည့်  ပြည်တွင်းဂျာနယ်များမှ သတင်းသမားများကို ရဲအရာရှိအချို့က ဓါတ်ပုံရိုက်ကူးခွင့် တားမြစ်ခဲ့ကြောင်း သိရသည်။

“ဓါတ်ပုံမရိုက်ဖို့ လာပြောတယ်။ လုံခြံုရေးကိစ္စဖြစ်လို့ နားလည်ပေးဖို့ ဘာညာ ကောင်းကောင်းမွန်မွန်  ပြောတာပါ။ နောက်ပိုင်း သတင်းထောက်တွေ တော်တော်လေးများလာတော့ အုပ်စုလိုက် ခပ်လှမ်းလှမ်းက ဓါတ်ပုံရိုက်တော့ လာမပြောတော့ဘူး။ ”ဟု ပြည်တွင်းဂျာနယ် သတင်းထောက် တဦးက ပြောသည်။

ဗုံးတွေ့ရှိသည့် နေရာသည် သီးသန့် ယာဉ်ရပ်နားခွင့် ကတ်ထုတ်ပေးထားသည့် အရေးကြီးပုဂ္ဂိုလ်များ၏ ယာဉ်ရပ်နားရာ နေရာအနီး ဖြစ်ပြီး ယူနီဖောင်းဝတ်ရဲများ အမြဲတစေ စောင့်ကြပ်နေသည့် နေရာဖြစ်သည်။
bomb-alert
သီးခြား တရားဝင် အတည်ပြုချက် မရသော်လည်း အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသည့် သတင်းထောက် များ၏ ပြောဆိုချက်အရ အဆိုပါဗုံးအား ဖောက်ခွဲရှင်းလင်းပစ်ခဲ့သည်ဟု သိရသည်။

“ ရ နာရီ ၅ မိနစ်လောက်မှာ “ဘုန်း”  ဆိုပြီး အဲ့ဒီနေရာကပဲ အသံထွက်လာတယ်။ စောင့်နေတဲ့ လူတွေကော ရဲတွေကော အားလုံးဝိုင်းကြည့်ကြတယ်။ အထဲနဲ့ အဆက်အသွယ်ရှိတဲ့ တယောက်က လှမ်းမေးတော့ ဗုံးကို ဖောက်ခွဲပစ်မှ ရမှာမို့ ခွဲပစ်လိုက်ရတယ်ပြောတယ်။ အသံက တော်တော်လေးတော့ ကျယ်တယ်။အဲ့အသံ ကြားပြီး သိပ်မကြာဘူး မြို့တော်ဝန်လဲ ပြန်သွားပြီလို့ သိရတယ်။”  ဟု သွားရောက် သတင်းယူခဲ့သူသတင်း ထောက်က ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရုံး အခြေစိုက်ရာ မြို့တော်ခန်းမအတွင်းသို့ ကိစ္စအသီးသီးဖြင့် ဝင်ရောက်မည့်သူများအနေဖြင့် မှတ်ပုံတင် (သို့) အထောက်အထားကတ်တခု ပြသရန်လိုပြီးအမျိုးသမီး လက်ကိုင် အိတ်အပါအဝင် မည်သည့် အိတ်မျိုးမှ ယူဆောင်ခွင့် မရှိသလို ရှာဖွေရေးစက်များကိုလဲ
 ဖြတ်သန်းရသည်။

နောက်ဆက်တွဲ ထပ်မံကြားသိရသည့် သတင်းများအရ ည ၉ နာရီ ၁၂ မိနစ်အချိန်တွင် မြို့တော်ခန်းမအနီးမှ ကျယ်လောင်သည့် ပေါက်ကွဲသံတခု ထပ်မံထွက်ပေါ်လာကြောင်း သိရပြီး မဟာဗန္ဓုလ လမ်းမအားပိတ်ပင် ထားဆဲ ဖြစ်ကြောင်း သိရသည်။