ဦးကောဝိဒနှင့် အင်တာဗျူး

ဦးကောဝိဒနှင့် အင်တာဗျူး
by -
နိရဥ္စရာ သတင်းဌာန

(အင်တာဗျူး) ၂၀၀၇ ရန်ကုန် ရွှေဝါရောင် သံဃာ့ အရေးအခင်းကို ဦးဆောင် လူပ်ရှားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင် ၄ နှစ်နဲ့ နှစ်လ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတဲ့ ဆရာတော် ဦးကောဝိဒဟာအောက် တိုဘာလ ၁၂ ရက်နေ့က သရက်ထောင်မှ လွှတ် မြောက် လာခဲ့ပါတယ်။

၂၀၀၇ ရန်ကုန် ရွှေဝါရောင် သံဃာ့ အရေးအခင်းကို ဦးဆောင် လူပ်ရှားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင် ၄ နှစ်နဲ့ နှစ်လ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတဲ့ ဆရာတော် ဦးကောဝိဒဟာ အောက်တိုဘာလ ၁၂ ရက်နေ့က သရက် ထောင်မှ လွှတ်မြောက်လာခဲ့ပါတယ်။ ဆရာတော် ဦးကောဝိဒဟာ ရခိုင်ပြည်နယ် ပေါက်တောမြို့ ဇာတိ ဖြစ်ပြီး ရန်ကုန်မြို့ ဒဂုံမြို့သစ်မှာ တည်ရှိတဲ့ တက္ကသီလာ မဟာပဓိ ပဌာန် ကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ပဓါန နယက ဆရာတော်လည်း ဖြစ်ပါတယ်။ ဆရာတော်ဟာ သက်တော် ၅၉ နှစ်၊ ၀ါတော် ၃၀ ကျော်ရှိပြီလို့သိရပါ တယ်။ အဖမ်း မခံရမှီ ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ် သံဃာကောင်စီ ဥက္ကဌ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဆရာတော် ဦးကောဝိဒကို ထောင်မှ လွှတ်လာပြီး နောက်ပိုင်း နိရဥ္စရာမှ ဖုံးနဲ့ ဆက်သွယ် မေးမြန်းခွင့်ရခဲ့ပါ တယ်။ ဆရာတော် မိန့်ကြား တာကို အောက်မှာ ဖေါ်ပြပေးလိုက်ပါတယ်။

မေး။ ။ အရှင်ဘုရား ဘယ်လို ဖမ်းဆီးခံခဲ့ရတယ်ဆိုတာ ပြောပြ ပေးပါ။

ဖြေ။ ။ ဆရာတော်ကို ၂၀၀၇ စက်တင်ဘာလမှာ ဖမ်းတယ်။ အဲဒီတုန်းက ကျောင်းမှာ ၀ါဆိုသံဃာ ရ၀ ခန့်ရှိ တယ်။ စစ်တပ်၊ ရဲနဲ့ ကြံ့ခိုင်ရေးတွေ ပါတဲ့အဖွဲ့က ညနေ ၆ နာရီခန့်မှာ ကျောင်းကို တခါတည်း ၀င်စီးလိုက် တယ်။ အလုံးအရင်းနဲ့ ၀င်လာတော့ ထွက်ပြေးတဲ့ ကိုယ်ရင်တွေကို ခြောက်ပြီးပစ်တယ်။ ကျောင်းသားတွေနဲ့ လက်သမားတွေကိုလည်း ခေါင်းတွေကို ရိုက်ခွဲကြတယ်။ တုတ်တွေနဲ့ ဆရာတော်က မျက်နှာကြက်အပေါ်မှာ တက် နေတယ်။ အောက်ကတယောက် ဘယ်လို ပြောလိုက်မှန်းမသိဘူး။ ဘုန်းကြီး မျက်နှာကြက်အပေါ်မှာရှိ တယ်ဆို တော့ သူတို့တက်လာကြတယ်။ ဓါတ်မီးထိုးပြီးတော့ ဆင်းမလား မဆင်းလားဆိုပြီး ပြောတယ်။ ဆင်းလာတော့ တခါတည်း လက်ထိပ်ခတ်ပြီး လက်သီးနဲ့ ထိုးတယ်။ ပြီးတော့ ပစ္စည်းတွေကို အားလုံး မွှေနှောက် ရှာဖွေတယ်။ သေတ္တာ တွေဖွင့်တယ်။ ရေဒီယို ကက်ဆက်တွေကို ယူတယ်။ အဲဒီတုန်းကဆရာတော် မှာလည်း ဒေါ်လာ ၄၀၀၀ လောက် ပါသွားတယ်။ ဗမာငွေက ၈၀၀၀၀ ပါသွားတယ်။ ဘဏ်စာအုပ် ၅ အုပ် ၊ နိုင်ငံကူးလက်မှတ် ၂ အုပ်။ အဲဒါတွေ အားလုံးယူသွားပြီး ပြည်ထဲရေးရုံးမှာ သင်္ကန်း အားနဲ့ချွတ်ပစ်တယ်။ ပထမတော့ သင်္ကန်း ချွတ်မလား မချွတ်ဘူး လား မေးတယ်။ ဆရာတော်က အပြစ်မရှိဘူး။ ဘာကြောင့် သင်္ကန်းချွတ်ရမှာလည်း ပြောတယ်။ ဒါပေမဲ့ ချွတ်ရမယ် လို့ပြောတယ်။ မင်း အမိန့်တဲ့။ သံဃာ ၂ ပါးကို ကျောင်းက ဖမ်းယူလာတယ်။ ဆရာတော်နဲ့ ဦးစန္ဒာဝရဆိုတဲ့ ဦးဇင်း။ သင်္ကန်း မချွတ်ရင်လည်း မရတော့ဘူး။ သူတို့က ဆရာတော်တို့ကို ရိုက်လည်း ရိုက်ထားပြီ။ ပြည်ထဲရေး ရုံးမှာ အားလုံး ၀ိုင်းထားတယ်။ သင်္ကန်း အတင်းချွတ်ပြီး အင်းစိန်ထောင်ကို တခါတည်း ပို့လိုက်တယ်။ အင်းစိန်ထောင် မှာ နေ့တိုင်စစ်ဆေးတယ်။ ကိုရင် ဦးဇင်းတွေကိုလည်း စီစစ်ပြီး တချို့ကို လွတ်ပေးတယ်။ ကျန်တဲ့ သံဃာတွေ ကို အားလုံး ထောင်ချ လို်က်တယ်။ ဆရာတော်ကိုတော့ ၂၀၀၈ အောက်တိုဘာလမှာ ရုံးတင်ပြီး ထောင်ချလိုက်တယ်။ ချုပ်ထားတဲ့ နေ့ကိုလည်း တရက်လည်းလျှော့မပေးဘူး။ ချတဲ့နေ့မှစပြီး ရေတွက်တယ်။ သိမ်းဆည်းသွားတဲ့ ပစ္စည်း တွေကိုလည်း မီးချို့စေဆိုပြီး တရားသူကြီးက အမိန့်ချလိုက်တယ်။ ဘဏ်စာအုပ်တွေတော့ ပြန်ပေးတယ်။

မေး။ ။ အခုလွတ်လာတဲ့ နောက်ပိုင်း ဆရာတော်ရဲ့ အခြေအနေက ဘယ်လို ရှိပါသလဲ။

ဖြေ။ ။ အခုက ဆရာတော်ဆီကို SP တို့ရဲတို့လာတယ်။ သင်္ကန်းဝတ်ထားလို့။ သူတို့က အစီအစဉ်နဲ့ဝတ်ရ မယ် အဲလိုပေါ့။ မနေ့ကလည်းလာတယ်။ ဒီနေ့လည်းလာတယ်။ နောက်ပြီး ရယက ကလည်း လာတယ်။ ဒါကိုတော့ ၀ိနည်းကိုသိတဲ့ ဘုန်းကြီးတွေကတော့ ငါတို့က သိက္ခာချတာက မဟုတ်။ ထောင်ကလွတ်တာနဲ့ သင်္ကန်း တန်းဝတ်တာဘဲ။

မေး။ ။ အာဏာပို်င်တွေက ဘယ်လိုဖြစ်စေချင်တာပါလဲ။ သူတို့က ဘယ်လိုပုံစံ ၀တ်ရမယ်လို့ ပြောပါသလဲ။

ဖြေ။ ။ အစီအစဉ်နဲ့ ၀တ်ရမယ်လို့ပြောတယ်။

မေး။ ။ အရှင်ဘုရား ထောင်ထဲက လွတ်လာတော့ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ကျန်းမာရေးအခြေအနေက အခု ဆီးချိုဖြစ်နေတယ်။ ဖမ်းကတည်းက စစ်သားတွေ ညှဉ်းပမ်းတာ အခုထိ သိပ်နေမကောင်းသေးဘူး။

မေး။ ။ ထောင်ထဲက အတွေ့အကြံုနည်းနည်း ရှင်းပြပေးပါ။

ဖြေ။ ။ အင်းစိန်ထောင်ထဲမှာ ခြင်ကိုက်တယ်။ ခြင်ထောင်လည်းမရှိဘူး။ ကျပိုးတွေလည်း တအား ကိုက်တယ်။ တနေ့ကို ၁၅ မိနစ်လောက်ဘဲ အပြင်ထွက်ခွင့် ရတယ်။ မိသားစုနဲ့လည်း တွေ့ခွင့် မရဘူး။ အဲလို ဖမ်းချုပ် ထားပြီး ရ လ၊ ၈ လလောက်ကြာမှ ၂၀၀၈ ခု ၁၀ လပိုင်းမှာ ဆရာတော်ကို ရုံးတင်တယ်။ ရှေ့နေလည်း ငှား ခွင့်မရဘူး။ ထောင်ချတဲ့နေ့မှာ အမှုတခုထပ်တိုးပြီးတော့ ၂ နှစ်တိုး လိုက်တယ်။ ထောင်ချပြီး တပတ်လောက် ကြာတာနဲ့ သရက်ထောင်ရောက်သွားတယ်။ အင်းစိန် ထောင်မှာတော့ တကာတွေက ဘုန်းကြီးလို့ အသိ အမှတ်ပြု သေးတယ်။ သရက်ထောင် ရောက်တာနဲ့ ဆရာတော်ကို ထောင်ပိုင် ဦးကျော်ဝင်းက လုံးဝဘုန်းကြီး လို့ အသိအမှတ် မပြုတော့ဘူး။ ဆရာတော်တို့ကို ဘာဖြစ်တယ်- ညာဖြစ်တယ်ဆိုပြီး ကြိမ်းမောင်းတော့တာပါဘဲ။

မေး။ ။ အရှင်ဘုရားတို့ အမှုကို ဆုံးဖြတ်တဲ့အခါ ရှေ့နေတွေ မရှိဘူးဆိုတော့ ခုခံပိုင်ခွင့် တခုမပေးဘူးလား အရှင်ဘုရား။

ဖြေ။ ။ အဲဒီ ထောင်ဗူးဝမှာဘဲ တရားသူကြီးလာပြီး ဆုံးဖြတ်လိုက်တာပါဘဲ။

မေး။ ။ အရှင်ဘုရားတို့ သီတင်းသုံးနေတဲ့ ကျောင်းက ဖမ်းဆီးထားတဲ့ သံဃာ အရေအတွက် ဘယ်လောက် ရှိပါလဲ။

ဖြေ။ ။ ဖမ်းတုန်းကတော့ ၂ ပါး ဖမ်းသွားတာ။ တပါးကိုတော့ ပြန်လွတ်လိုက်တယ်။ ဆရာတော်ကိုတော့ ထောင်ချလိုက် တာပါဘဲ။

မေး။ ။ အခုအရှင်ဘုရားကို သူတို့ လွတ်ပေးလိုက်တဲ့ အပေါ်မှာ အရှင်ဘုရားက ဘယ်လို သုံးသပ်ပါလဲ။

ဖြေ ။ ။ ဘုန်းဘုန်းက လွတ်ဖို့ ၁၄ ရက်ဘဲ လိုတော့တယ်။ တချို့ကလည်း အနှစ် ၂၀ ကျတာ။ ၁၀ နှစ်နဲ့ လွတ်လာတယ်။ ၁၀ နှစ်ဘဲ နေခဲ့ရတယ်။ ကျန် ၁၀ နှစ်ကို လွတ်ငြိမ်းချမ်းသာ ပေးတယ်။ တချို့ကလည်း လွတ်ရက် နီးနေပြီးလေ။ ဘုန်းဘုန်းက ၁၄ ရက်ဘဲ လိုတော့တယ်။ ဘုန်းဘုန်းက လွတ်ငြိမ်း ချမ်းသာ မလာရင်လည်း လွတ်တော့မှာဘဲ။

မေး။ ။ ဒီလို လွတ်ပေးတဲ့အပေါ်မှာ နိုင်ငံရေးအရ တိုးတက်လာတယ်လို့ ပြောလို့ရပါလား အရှင် ဘုရား။

ဖြေ ။ ။ အခုတော့ အကျဉ်သားတွေ အများကြီးကျန်သေးတယ်။ နိုင်ငံရေး အကျဉ်းသားတွေ။ သူတို့အား လုံးကို မလွတ်ပေးဘဲ တိုးတက်လာတယ်လို့ ဘယ်ပြောလို့ရမှာလဲ။ အားလုံးကို လွတ်ပေးရမှာပေါ့။

မေး။ ။ အရှင် ဘုရားတို့ လွတ်လာတဲ့နောက် စောင့်ကြည့်တာတွေ နှောင့်ချက် တားဆီးတာတွေ ရှိနေတယ်ဆိုတာ ဟုတ်ပါသလား။

ဖြေ။ ။ ဟုတ်ကဲ့ အဲဒါတော့ ရှိနေပါတယ်။ လာနေတာဘဲ။ ရပ်ကွက် ရဲကင်းက လာတယ်။ နောက်ပြီး ရပ်ကွက် က ရယက (အခုတော့ အုပ်ချုပ်ရေးမှူး) တွေလာနေတာဘဲ။ မနေ့လည်း SP ကလာတယ် ပြောတယ်။ ဆရာတော်နဲ့တော့ မတွေ့လိုက်ဘူး။

မေး။ ။ အရှင်ဘုရားဆီက သိမ်းသွားတဲ့ ဒေါ်လာတွေ ငွေတွေနဲ့ပစ္စည်းတွေကို သူတို့ ပြန်ပေးပါလား အရှင် ဘုရား။

ဖြေ။ ။ မပေးဘူးလေ။ တရားရုံးက ပစ္စည်းတွေကို မီးရှို့ဖို့ ဆုံးဖြတ်လိုက်ပြီး ဘဏ်စာအုပ်လောက်ဘဲပြန်ပေး တယ်။ ကက်ဆက်၊ ရေဒီယိုနဲ့ တခြားအကောင်းစား ပစ္စည်းတွေကို မီးချို့စာရင်းထဲ တည့်လိုက် တယ်။ အဲဒါတွေတော့ လုံးဝမရဘူး။ ရုံးတင်တဲ့အခါလည်း သူတို့ယူသွားတဲ့ ဒေါ်လာတွေ ငွေတွေကို မပြဘူး။ အကုန်လုံး သူတို့ ယူသွားတယ်။

မေး။ ။ အရှင်ဘုရား သီးတင်းသုံးတဲ့ ကျောင်းလိပ်စာကို ပြောပြပေးပါ။

ဖြေ ။ ။ တက္ကသီလာ မဟာ သိဓိပဌာန်ကျောင်းတိုက် ။ ဖျာပုံလမ်း။ ဒဂုံမြို့သစ်။ အရှေ့ပိုင်း မြို့နယ်။

(ပြီး)

Most read this week