သူရင်းဌား (၂) ဦး မိုးကြိုးထိမှန် သေဆုံး၍ လယ်ပိုင်ရှင် ငွေညစ်ခံရ

သူရင်းဌား (၂) ဦး မိုးကြိုးထိမှန် သေဆုံး၍ လယ်ပိုင်ရှင် ငွေညစ်ခံရ
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် သူရင်းဌား (၂) ဦး မိုးကြိုးထိမှန် သေဆုံးသွားသဖြင့်လယ်ပိုင် ရှင် ကို ဒေသခံ အာဏာပိုင် အဖွဲ့အစည်းများနှင့် ရဲအဖွဲ့က လာရောက် ငွေညစ်နေကြောင်း သတင်း ရရှိသည်။

" အခုက လယ်ပိုင်ရှင်ကို ဒေသ အာဏာာပိုင်တွေနဲ့ ရဲအဖွဲ့က လာတယ်။ ငွေတောင်းတယ်။ အခု သူခမျာ တော်တော် ဒုက္ခ ဖြစ်နေတယ်။ လူတွေ သေဆုံးသွားတော့ လယ်ထဲကိုလည်း မသွားရဲကြတဲ့ အတွက် စပါး စိုက်ခင်းတွေ ပျက်စီးနေတဲ့ ကြားထဲမှာ ဒေသ အာဏာပိုင်တွေနဲ့ ရဲအဖွဲ့ ခြိမ်းခြောက် ငွေတောင်းနေတော့ သူ့ခမျာ တော်တော် အခက်အခဲ ဖြစ်နေပါတယ်" ဟု ဒေသခံ တစ်ဦးက ပြောသည်။

မြောက်ဦးမြို့နယ် ၀က်ခမောက်ကျေးရွာတွင် အောက်တိုဘာလ ၁၉ ရက်နေ့ ညနေ ၄ န၄ာရီ ၄၅ မိနစ်တွင် မိုးသက် လေပြင်း ကျရောက်စဉ် မိုးကြိုးပါ ပစ်ခတ်သဖြင့် ဦးမောင်သိန်းရွှေ လယ်ထဲတွင် လုပ်ကိုင်နေသော သူရင်းဌား (၂) ဦး မိုးကြိုး ထိမှန် သေဆုံးသွားပြီး တခြား လူ (၆) ဦးလည်း ဒဏ်ရာ ရရှိသွားခဲ့သည်။

" ငွေလာတောင်းတဲ့ အာဏာပိုင်တွေက ကျေးရွာ အဆင့် အာဏာရှိသူတွေနဲ့ မြောက်ဦးက ရဲတွေ ဖြစ် တယ်လို့ သိရပါတယ်။ လူသေမူဆိုပြီး အမူကို ပြကာ ခြိမ်းခြောက်ငွေတောင်းနေတာ ဖြစ်ပါတယ်။ လေးငါးသိန်းလောက် ကုန်သွားပြီလို့ သိရပါတယ်" ဟု သူက ဆက်ပြောသည်။

လယ်ပိုင်ရှင် ဦးမောင်သိန်းရွှေမှာ ကျေးလက်နေ တောင်သူ လယ်သမား တစ်ဦးဖြစ်သဖြင့် အမူမဖြစ်အောင် ရဲက တောင်းသော ငွေကို ပေးဆောင်နေကြောင်း သိရသည်။

မိုးကြိုးထိမှန်၍ သေဆုံးသွားသူ နှစ်ဦးမှာ ၀က်ခမောက် ကျေးရွာမှ လူပျိုကြီး မောင်လှ (၃၂ နှစ်) နှင့် ကိုသိန်းစိုးမောင် (၃၀ နှစ်)တို့ ဖြစ်ကြသည်။ ကိုသိန်းစိုးမောင်တွင် ဇနီး၊ သားတစ်ဦးနှင့် သမီးငယ် တစ်ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။

Most read this week