မြန်မာစစ်သား ပစ်ခတ်မှု တွင် ကိုယ်ဝန်နှင့်ကျောင်း ဆရာမ ဒဏ်ရာရ

မြန်မာစစ်သား ပစ်ခတ်မှု တွင် ကိုယ်ဝန်နှင့်ကျောင်း ဆရာမ ဒဏ်ရာရ
by -
ကချင်သတင်းဌာန

ပြည်တွင်းစစ်ဖြစ်နေသော ကချင်ပြည်နယ်တွင် မြန်မာ အစိုးရစစ်သားတစ်ဦး ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် ကျောင်းဆရာမသဲသဲ ထိခိုက် ဒဏ်ရာ ရကာ ဗန်းမော်ဆေးရုံ ရောက်နေကြောင်း ဆရာမနှင့်နီးစပ်သူများပြောသည်။

oct25-burma
ဆရာမသည် အသက် (၃၅) နှစ်ရှိပြီး ကိုယ်ဝန် (၅) လနှင့် မန်မော် (ဗန်းမော်) ခရိုင် အင်မောက် (မိုးမောက်) အစိုးရအထက်တန်းကျောင်းမှ အလယ်တန်းပြ ဖြစ်သည်။

အောက်တိုဘာ ၂၃ တနင်္ဂနွေနေ့ အိမ်ပြန်လမ်း အင်မောက်အနီး ကွက် (၁) တွင် ဆရာမကို စစ်သားများ ရပ်ခိုင်းသည်။ ထိုချိန် လမ်းဘေး အိမ်တစ်အိမ်မှ ထွက်လာသော စစ်သားတစ်ဦးက ဆရာမရပ်နေသည့် နေရာသို့ သေနတ်ပစ်ခတ်လိုက်သည်။

သေနတ်ကျည်ဆံသည် ကျောက်ခင်းလမ်းပေါ် ထိပြီး လမ်းပေါ်မှ ပြန်ထွက်လာသော ကျည်စ သို့မဟုတ် ကျောက်စ (၅) ခုသည် ဆရာမကို ထိမှန်ကာ ဒဏ်ရာရရှိစေခဲ့သည်ဟု မျက်မြင်သက်သေများပြောသည်။

ကျည်စ သို့မဟုတ် ကျောက်စ တစ်ခုသည် ဆရာမ၏ လည်ပင်းထဲစိုက်ဝင်သွားပြီး ခွဲထုတ်ရန်ခက်ခဲကြောင်း နှင့် ၀မ်းဗိုက်တွင်ထိမှန်သော ကျောက်စ သို့မဟုတ် ကျည်စ (၄) ခုမှ ၁ ခုသည် ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

အပြစ်မဲ့ ဆရာမအား ပစ်ခတ်သည့် စစ်သားသည် ဗန်းမော် စကခ ၂၁ အောက် ဒါဆိုင်း(မြို့သစ်) နယ်မြေခံ တပ်ရင်း ခမရ အမှတ် (၃၄၇)မှ ဖြစ်သည်ဟု ဒေသခံများဆိုသည်။

အောက်တိုဘာ ၂၅၊ ယနေ့ အင်္ဂါနေ့ထိ ဆရာမသဲသဲ သည် ဗန်းမော်ဆေးရုံတွင် ရှိနေသေးကြောင်းဆရာမ နှင့်နီးစပ်သူများ ဆက်ဆိုသည်။

နယူးယောက်အခြေစိုက် Human Rights Watch အဖွဲ့က အောက်တိုဘာ ၁၈ ရက် ကြေညာချက်ထုတ်ပြန်ပြီး ပြီးခဲ့သည့်ဇွန်လ မြန်မာအစိုးရက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အား စတင်တိုက်ခိုက်လာချိန်မှအစိုးရ စစ်သားများ ကချင်ပြည်သူများပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ရည်ရွယ်ပြုလုပ်နေကြောင်း ဝေဖန်ခဲ့ သည်။

Most read this week