နယ်ဝေး ယူဆောင်သွားသော အရှင်ပညာစာရ ကျောင်းမှ ကလေးငယ်များ ပြန်လည်ခေါ်ယူရန် ABC ၏ အစီအစဉ် မရေရာ

နယ်ဝေး ယူဆောင်သွားသော အရှင်ပညာစာရ ကျောင်းမှ ကလေးငယ်များ ပြန်လည်ခေါ်ယူရန် ABC ၏ အစီအစဉ် မရေရာ
by -
မောင်အေး

ရမ္မာဝတီ အရှင် ပညာစာရ ဖမ်းဆီးခံပြီးနောက် ရခိုင်ပြည်နယ်ကို ကျော််လွန်ပြီး နယ်ဝေးဒေသသို့ ယူဆောင်သွားခြင်းခံရသူ ကလေးငယ်များကို ရခိုင် သို့ ပြန်လည် ခေါ်ယူရန် အစီအစဉ်မှာ မရေမရာ ဖြစ်နေကြောင်း ABC မိဘမဲ့ ကလေးဂေဟာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

children-sheltering-monastery-Arakan
ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံ အကွက် (၁၃) တွင် စစ်တွေမှ မြို့မိ မြိုဘများ ဦးစီး ဖွင့့်လှစ်ထားသော A.B.C မိဘမဲ့ ကလေးသူငယ် စောင့်ရှောက်ရေး ဂေဟာမှ အဆိုပါ ကလေးငယ်များကို ပြန်လည် ခေါ်ယူရန်စီစဉ် နေသော်လည်း အခြေအနေမှာ မရေမရာ ဖြစ်နေကြောင်း ဂေဟာ အုပ်ချုပ်ရေးမှူး ဦး ကျော်သိန်းကနိရဥ္စရာ သို့ ယခုလို ပြောသည်။

" အဲဒါက ကျွန်တော်တို့ ABC ကော်မီတီက ကလေးတွေကို ခေါ်ဖို့ဆိုပြီး သက်ဆိုင်ရာ ရခိုင်ပြည် နယ် ၀န်ကြီး ချုပ်ဆီကို စာတင်ထားပါတယ်။ စာတင်ထားပေမယ့် သူတို့ကိုတော့ လောလောဆယ် ခေါ်ယူလို့ ရနိုင်မယ့် အခြေအနေတော့ မရှိသေးဘူး။ ကျွန်တော်တို့ ABC မိဘမဲ့ ဂေဟာကလည်း ကျောင်းမှတ်ပုံတင်တောင် မရရှိသေးဆိုတော့ လောလောဆယ် ခွင့်ပြုချက် ရရှှိဖို့ နည်းနည်း ခက်ခဲနေသေးတယ်။ စာတင်လို့တော့ ရှိပါတယ်" ဟု သူက ပြောသည်။

အရှင်ပညာစာရအား ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့က ဖမ်းဆီးပြီးနောက် ဆရာတော် မွေးစားထားသော ကလေး ၁၀၀ ကျော်အား အာဏာပိုင်များက ခေါ်ယူသွားကာ ဗမာပြည်ဘက်သို့ ပို့ဆောင်ခဲ့သည်။

အဆိုပါ ကလေးငယ်များမှာ ရခိုင်မိဘ နှစ်ပါးမှ မွေးဖွားသော မိဘမဲ့ ကလေးငယ်များ ဖြစ်ကြသဖြင့် သူတို့ နေရပ်ရင်းတွင် မထားရှိဘဲ ရခိုင်ပြည်နယ်မှ တခြား ဒေသသို့ ပို့ဆောင်လိုက်ခြင်း အပေါ် ရခိုင်ပြည်သူများက အကြီးအကျယ် မကျေမနပ် ဖြစ်ခဲ့ကြသည်။

" ကျွန်တော်တို့ကတော့ ကလေးတွေကို ပြန်ခေါ်ချင်တာကတော့ ဒီဒေသကလေးတွေ ဒီဒေသမှာဘဲ ထားချင်တဲ့ သဘောပါ။ ဒါပေမယ့် ခေါ်ယူလို့ ရမရ ဆိုတာတော့ မသိရသေးပါဘူး" ဟု သူကဆက်ပြော သည်။

ABC မိဘမဲ့ ကလေးဂေဟာကျောင်းကို အရှင်ပညာစာရ ဖမ်းဆီးခံပြီးနောက် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ရ ရက်နေ့က စစ်တွေမြို့တွင် ဖွင့်လှစ်တည်ထောင်ခဲ့သည်။

ABC မိဘမဲ့ ဂေဟာကျောင်းမှ အရှင်ပညာစာရဦးစီးသော မဟာမုနိ ဗုဒ္ဓဝိရဟာရ ကျောင်းမှ ဗမာ ဒေသသို့ အတင်း ပြောင်းရွေ့ ယူဆောင်သွားသော ကလေးငယ်များကို ဒီဇင်္ဘာလ အတွင်း ပြန်လည်ယူဆောင်လာ မည်ဟု စစ်တွေတွင် သတင်းများ ထွက်ပေါ်နေကြောင်း သိရသည်။

" အခု ကျွန်တော်တို့ ဂေဟာမှာ ကလေးက ၁၁ ဦးဘဲ ရှိပါသေးတယ်။ ကလေးတွေလည်း ငယ်ငယ်လေးဘဲ ရှိပါသေးတယ်။ ကလေး အယောက် ၂၀ မပြည့်တော့ ဂေဟာကိုလည်း မှတ်ပုံတင်လို့ မရဘဲဖြစ်နေပါသေး တယ်။ ဗမာပြည်ကို ယူသွားတဲ့ ဆရာတော် အရှင်ပညာစာရ ကျောင်းက ကလေးတွေကိုပြန်ခေါ်လာနိုင်ရင် တော့ အကောင်းဆုံးပါဘဲ" ဟု သူက ပြောသည်။

ယခု ABC မိဘမဲ့ ကလေးဂေဟာတွင် ကလေး ၁၁ ဦးရှိပြီး အများစုမှာ ငါးနှစ်အောက် ကလေးများ ဖြစ်ကြပြီး တချို့မှာ ၂ လသားအောက် နို့စိုးကလေး အရွယ်များ ဖြစ်ကြသည်။ လက်ရှိတွင် အဆိုပါ ကလေးများအား မြို့ပေါ် ကော်မတီက ခန့်အပ်ထားသော ၀န်ထမ်း ၉ ဦးဖြင့် ထိမ်းသိမ်း စောင့်ရှောက်ထားကြောင်း သိရသည်။

Most read this week