အစိုးရသစ်လက်ထက်၌ စည်ပင်က ရခိုင်တွင် လူခွန်၊ နွားခွန်ကောက်

အစိုးရသစ်လက်ထက်၌ စည်ပင်က ရခိုင်တွင် လူခွန်၊ နွားခွန်ကောက်
by -
မောင်ရမ္မာ

ဆင်းရဲမွဲတည်မူ လျော့ချမည်ဟုကြွေးကြော်နေ သော ဦးသိန်းစိန် အစိုးရသစ် လက်ထက်တွင် စည်ပင် သာယာရေးမှ စည်ပင် ဥပဒေကို လိမ်လည် အကြောင်းပြပြီး လူခွန်၊ နွားခွန်များကို အတင်း ကောက်ခံနေသဖြင့် ရခိုင်ပြည်သူများ အထူးဒုက္ခ ရောက်နေကြကြောင်း သတင်း ရရှိသည်။

Kyauk-pru-Japan-Ma-port-tax-collection
" အခုလို ကောက်ခံနေတာက ကျွန်မတို့ ကျောက်ဖြူမြို့မှာ ဖြစ်ပါတယ်။ အခု စည်ပင် သာယာ ရေးရုံးက ဂျပန် ဆိပ်ကမ်းကို ဆင်းရင် အဆင်း လူတစ်ယောက်ကို ၂၀၀ ကျပ်၊ အတက် ၂၀၀ ကျပ် ကိုယ်တိုင်ဆိုင်းဘုတ်ထောင် ပြီး ကောက်နေပါတယ်။ ဒါပြင် စက်လှေတစီးကို တစ်နေ့ ငွေ ၁၅၀၀ ကျပ်၊ ကုန်ပို့တဲ့ နွားလှည်း တစီး ဆိပ်ကမ်းကို ဆင်းရင် ၂၀၀ ကျပ်ကောက်ပါတယ်။ လက်လှည်း တစီးကို ဆိပ်ကမ်း တစ်ခါဆင်းရင် ၄၀၀ ကျပ် ကောက်ခံနေပါတယ်" ဟု ကျောက်ဖြူ မြစ်နားတန်းမှ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ကောက်ခံနေခြင်းကို ယခင် ဂျပန်ဆိပ်ကမ်း လေလံရထားသူ ဒေါ်ယုယုထွန်းထံမှ လေလံကို ပြန်လည် ရုတ်သိမ်းပြီးနောက် စည်ပင်က ကိုယ်တိုင် ယူနီဖေါင်းများ ၀တ်ပြီး ကောက်ခံနေခြင်း ဖြစ်သည်။

" ကျောက်ဖြူမြို့ မြစ်နားတန်းက ဒေါ်ယုယုထွန်းကို ၂၀၁၁ ခုနှစ် ဧပြီလက တနှစ်အတွက် ဂျပန်မ ဆိပ်ကမ်းကို ကျပ် သိန်း ၁၀၂ သိန်းနဲ့ စည်ပင်က လေလံ ပစ်ပါတယ်။ အဲသလို လေလံပစ်ပြီးတဲ့ နောက်ပိုင်းမှာ စည်ပင်က သတ်မှတ်ထားတဲ့ စည်းကမ်းကို ချိုးဖေါက်တယ်ဆိုပြီး သူမဆီက လေလံကို ဒီလ ၁၄ ရက်နေ့ကရုတ်သိမ်း ခဲ့ပါတယ်။ အခု နောက်ပိုင်းမှာ စည်ပင်က ကိုယ်တိုင် ခုလို လူတွေ ဆီက မတရားသဖြင့် အခွန်ကောက်ခံနေတာ ဖြစ်ပါတယ်" ဟု သူမက ပြောသည်။

အဆိုပါ အခွန်ကောက်ခံနေသည့် ကိစ္စနှင့် ပတ်သက်ပြီး စည်ပင်ရုံးမှ အမည် မဖေါ်လိုသူ အရာရှှိတစ်ဦးက လည်း ငွေကောက်ခံနေကြောင်းကို ယခုလို အတည်ပြု ပြောကြားသည်။

" ဒေါ်ယုယုထွန်းကို စည်ပင်က မြစ်နားတန်း အောက် သယ်ပို့ လိုင်စင်နဲ့ နွားလှည်းကောက် လိုင်စင် (စီ)ကို အောက်တိုဘာလ ၁၄ ရက်နေ့မှာ ရုတ်သိမ်းခဲ့ပါတယ်။ ပီးရင်သူမကို Black List မှာထည့်ပီး အောက်တိုဘာလ ၁၅ ရက်နေ့က စပီး စည်ပင်က တိုက်ရိုက် ငွေကောက်ခံနေတာ ဖြစ်ပါတယ်။ အခု လောလောဆယ်မှာ ဂျပန်မှ ဆိပ်ကမ်းကို တင်ဒါ ခေါ်ယူထားပေမယ့် ဆွဲမယ့်သူ မရှိတဲ့ အတွက် ကျွန်တော်တို့စည်ပင်ကတိုက်ရိုက် ကောက်ခံ နေတာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

ကျောက်ဖြူမြို့ ဂျပန်မ ဆိပ်ကမ်း ဆိပ်ကမ်းခွန်ကောက်နုန်းနှင့် ပတ်သက်၍ စည်ပင်သာယာရေး ဦးစီးဌာမှ ၆-၁၀-၂၀၁၁ နေ့တွင် အစည်းအဝေး ပြုလုပ်ခဲ့ပြီး အမှတ်စဉ် (၃၃∕၂၀၁၁) အရ လေလံ ရထားသူ ကျောက်ဖြူမြို့ မြစ်နားတန်း ရပ်ကွက်မှ ဒေါ်ယုယုထွန်းအား လိုင်စင် လုပ်ပိုင်ခွင့် ရုတ်သိမ်းရန် ဆုံးဖြတ်ခဲ့သည်ဟု သူက ပြောသည်။

လေလံ လိုင်စင် ရုပ်သိမ်းခံရခြင်းနှင့် ပတ်သက်ပြီး လိုင်စင်သိမ်းခံရသူ ဒေါ်ယုယုထွန်းကို နိရဥ္စရာ မေးမြန်းရာ သူမက ယခုကဲ့သို့ ပြော သည်။
Kyauk-Pru-Municipal-tax-collection
" ခုလို စည်ပင်က ကောက်ခံနေတဲ့ အတွက် ကျွန်မသွင်းထားတဲ့ ငွေတွေကို ပြန်မရတဲ့အပြင် နှစ်တဝက်ကျမှ လေလံကို ပိတ်သိမ်းလိုက်တဲ့အတွက် ကျွန်မမှာ အများကြီး နစ်နာရပါတယ်။ စည်ပင် အမှုဆောင်အရာရှိ ဦးသန်းလင်းထွန်း လိမ်လည်ရောင်းချတဲ့ ကြေးကလည်း ၁၀၂ သိန်းကျပ်တိတိ ဆိုတော့ လေလံကြေးမှာလည်း အလွန်များလွန်း ပါတယ်။ အခု ပြဿနာ ဖြစ်လာတော့ တာဝန်ယူမှု လုံးဝမရှိဘဲ ကျွန်မကိုဘဲ Black List မှာ ထည့်ပြီး သူတို့ ခေါင်းရှောင်သွားတဲ့အတွက် ကျွန်မမှာ အထူးနစ်နာနေရပါတယ်။ ဒါကြောင့် ဒီလေလံဟာ တရားမဝင်တဲ့ "လိမ်လံ" သာ ဖြစ်ပါတယ်" ဟု ပြောသည်။

ဒေါ်ယုယုထွန်းထံမှ လိုင်စင် ရုတ်သိမ်းခဲ့ပြီးနောက်ပိိုင်း ကျောက်ဖြူမြို့နယ် စည်ပင် အမူဆောင် အရာရှိ ကိုယ်စား ဦးစီး အရာရှိ ဦးလှသိန်းမှ ကြော်ငြာ စာအမှတ် ( ၅၃∕၂၀၁၁) ဖြင့် စာထုတ်ပြီးလေလံခေါ်ခဲ့သော် လည်း ယခုအချိန်ထိ အဆိုပါ လေလံကို ဆွဲယူမည့်သူ မရှိ ဖြစ်နေကြောင်းသိရသည်။

" အခု ကျောက်ဖြူစည်ပင်က အောက်တိုဘာလ ၁၅ ရက်နေ့ကနေ ၂၀၁၂ မတ်လ ၃၁ ရက်နေ့ထိ ဂျပန်မ ဆိပ်ကမ်းအတွက် လေလံ ခေါ်ထားပါတယ်။ အဲဒီ ဂျပန်မ ဆိပ်ကမ်း မှာ မြစ်နားတန်းအောက် သယ်ပို့လုပ်ငန်း အတွက် ကြမ်းခင်းစျေးက ကျပ် ၄၇၀၀၀၀၀ နဲ့ နွားလှည်းကောက်အတွက် ကျပ် ၃၆၀၀၀၀ နဲ့ ခေါ်ထားပါ တယ်။ ဒါပေမယ့် ပြည်သူတွေက ခုလို တရားသဖြင့် ငွေကောက်ခံနေတာကို မကျေနပ်တဲ့ အတွက် ဘယ်သူမှ အဲဒီ ဂျပန် ဆိပ်ကမ်းကို လေလံ မဆွဲရဲဘဲ ဖြစ်နေပါတယ်" ဟု တခြား ဒေသခံ တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဂျပန်မ ဆိပ်ကမ်းမှ လေလံကြောင့် ပြည်သူ လူထုများ ဒုက္ခရောက်နေကြရသည့်အတွက် စည်ပင်က လေလံကို ပြည်သူများ အလိုမရှိဟု တခြားဒေသခံတဦးက နိရိဥ္စရာသို့ ပြောသည်။

" လေလံရသူဘဲ ဖြစ်ဖြစ်၊ စည်ပင်ကဘဲ ဖြစ်ဖြစ် အခုလို မရှိဆင်းရဲတဲ့ ပြည်သူတွေဆီက ဒီလိုဘဲ ငွေကောက်ခံ နေတာဟာ ပြည်သူတွေကို ညှဉ်းပမ်းနှိပ်စက်နေတာနဲ့ အတူတူ ဖြစ်ပါတယ်။ အခုလို လူတွေဆီကအခွန် ကောက်နေတဲ့ အတွက် စီးပွားရေး အဆင်မပြေကြတဲ့ ဆင်းရဲတဲ့ ပြည်သူတွေကို ၀န်ထုတ် ၀န်ပိုး ဖြစ်နေပါ တယ်။ ကျွန်တော်တို့ ပြည်သူတွေကတော့ အရင်ကလို လွတ်လွတ်လပ်လပ် သွားလာခွင့် ကိုဘဲ လိုချင်ပါ တယ်။ ဒါကြောင့် ကျွန်တော်တို့ပြည်သူတွေကို ငှဲ့ညှာပြီးတော့ အစိုးရ အနေနဲ့ ဘယ်ဒေသမှာမှ ကျင့်သုံးလေ့ မရှိတဲ့ လူတွေဆီက အခွန်ကောက်တဲ့ ဒီလေလံ စနစ်ကို ဖျက်သိမ်းပေးစေချင်ပါတယ်။"

ယခုအခါ ကျောက်ဖြူစည်ပင်မှ အရာရှိများက ပြည်သူများထံမှ ကောက်ခံရရှိသော ငွေများကို သူတို့ကိုယ်ကျိုး အတွက် လိမ်လည် ယူဆောင် နေကြသည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် နေသည့် အပေါ် ပြည်သူများက မကျေမနပ် ဖြစ်နေကြသည်ဟု သိရှိရသည်။

Most read this week