ကလေးမြို့ ကြေညာစာတမ်း ဆက်လက် ရပ်ခံသွားမည်

ကလေးမြို့ ကြေညာစာတမ်း ဆက်လက် ရပ်ခံသွားမည်
by -
ကိုပေါက်

နယူးဒေလီ (မဇ္ဈိမ) ။       ။ တိုင်းရင်းသားပေါင်းစုံ ပါဝင်သော ညီလာခံ တခု ထပ်မံ ခေါ်ယူလိုသည့် တနှစ် ကြာမြင့်ခဲ့ပြီဖြစ်သော ကလေးမြို့ဆုံးဖြတ် ချက် ကြေညာစာတမ်းပါ မူများအတိုင်း ဆက်လက် ရပ်ခံသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။

“၂၁ ရာစု ပင်လုံညီလာခံ သို့မဟုတ် ပြည်ထောင်စု စိတ်ဓါတ် ညီလာခံကတော့ မဖြစ်ဖြစ်အောင်လုပ်ရမယ့် ကိစ္စပဲ။ အခုဖြစ်နေတာတွေလည်း tension လျော့အောင် ဝိုင်းဝန်းပြောကြဆိုကြ၊လှုပ်ရှားညှိနှိုင်းကြ ရမှာပဲလေ” ဟု မဇ္စျိမကိုပြောသည်။

ဦးတင်ဦးနှင့် ဦးဝင်းတင် အပါအဝင် လွှတ်တော်ပြင်ပ တိုင်းရင်းသားပါတီများ၊ ဝါရင့်နိုင်ငံရေးသမားကြီးများ ၁၁ ဦး လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် အဆိုပါကြေညာစာတမ်းတွင် “မြန်မာနိုင်ငံကို တပြည်ထောင် စနစ်လည်း မဟုတ်၊ ခွဲထွက်ရေး စနစ်လည်း မဟုတ်၊ ဒီမိုကရေစီနှင့် လူမျိုးတိုင်း တန်းတူအခွင့်အရေးကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စု စနစ်ဖြင့် တည်ဆောက်ရန် တိုင်းရင်းသား ပြည်သူအားလုံး အတူတကွ လက်တွဲပြီး ဒုတိယ ပင်လုံညီလာခံ ခေါ်ယူ ကျင်းပသွားကြရမည်။” ဟု ဖော်ပြပါရှိသည်။

၂ဝ၁ဝ အောက်တိုဘာ ၂၄ ရက်နေ့တွင် ကျရောက်သည့် ဇိုမီး အမျိုးသားကွန်ဂရက် ZNC တည်ထောင်ခြင်း ၂၂ နှစ် ပြည့်တွင် ‘ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်း’အား ထုတ်ပြန်လိုက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည်တွင် ‘၂၁ ရာစု ပင်လုံညီလာခံ’ ဟုခေါ်တွင်လှုပ်ရှားလာ ခဲ့ကြသည်။

NLD ရုံးချုပ်တွင် ဟောပြောပွဲများ၊ နှီးနှော ဖလှယ်ပွဲများ ပြုလုပ်ခဲ့ကြသော်လည်း လက်တလောဖြစ်ပေါ်နေ သည့် အရေးကိစ္စများနှင့် အလုပ်များနေကြောင်း သိရသည်။

ယခုနှစ် ZNC နှစ်ပါတ်လည် အခမ်းအနားကိုလည်း ကလေးမြို့တွင် ကျင်းပရန် စီစဉ်ထားကာ NLD (CEC)နှင့် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD တို့အား ဖိတ်ကြားထားပြီး NLD လူလတ်ပိုင်းခေါင်းဆောင်များတက်ရောက်နိုင် လိမ့်မည်ဟု သိရသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် လက်ရှိအခြေအနေအပေါ် “အရေးအကြီးဆုံး နံပါတ်တစ် ကတော့ဗျာ  ဒီလို ပစ်ခတ်တိုက်ခိုက်နေရင်တော့လည်း ဘယ်လိုလုပ်ပြီး ယုံကြည်မှုရမလဲ။ ဒါကြောင့် အပစ်ရပ်ကြပါ။ မူလနေရာ status quo ပြန်နေပြီးတော့ ဆွေးနွေးနိုင်မယ်ဆိုရင်တော့ အဖြေကောင်း ရနိုင်တယ်လို့ ပြောဆိုလှုပ်ရှားနေတာတွေ ရှိပါတယ်” ဟု ဦးတင်ဦးက ပြောသည်။

လွှတ်တော်တွင်းပါတီတခုဖြစ်သည့် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ RNDP နှင့် ပုဂ္ဂိုလ်ချင်းဆက်ဆံရေး တခု ရရှိ ထားပြီး စစ်ဘက်အပါအဝင် အခြားပါတီအဖွဲ့အစည်းများနှင့်ပါ common ground များ တည် ဆောက် သွားခြင်းအားဖြင့် တတိုင်းပြည်လုံး စည်းလုံးညီညွတ်ရေး တည်ဆောက်သွားမည်ဖြစ်ကြောင်း ဦးတင်ဦးက ပြောသွားသည်။

Most read this week