ဆရာကြီး ဦးရွှေဇံ ကွယ်လွန်သွားခြင်းမှာ အစားထိုးမရသော ဆုံးရှံုးမူဖြစ်ကြောင်း ရခိုင်အမျိုးးသားများက ပြောကြား

ဆရာကြီး ဦးရွှေဇံ ကွယ်လွန်သွားခြင်းမှာ အစားထိုးမရသော ဆုံးရှံုးမူဖြစ်ကြောင်း ရခိုင်အမျိုးးသားများက ပြောကြား
by -
မောင်ရမ္မာ

ရခိုင်သမိ်ုင်းသုတေသီ ပညာရှင် စာရေးဆရာကြီး ဦးရွှေဇံ ကွယ်လွန်သွားခြင်းမှာ ရခိုင်လူမျိုးများ အတွက် အစားထိုးမရ နိုင်သော ဆုံးရှံုးမူကြီး ဖြစ်ကြောင်း ရခိုင်အမျိုးသားများက ပြောသည်။

U-Shwe-Zanစစ်တွေ ဒီဂရီကောလိပ်နှင့် ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် ပါမောက္ခဟောင်း ဒေါက်တာ ကျော်သိန်းက ဆရာကြီး ကွယ်လွန်သွားခြင်းမှာ သာမန် ဆုံးရှံုးမူမျိုး မဟုတ်ကြောင်း ယခုလို နိရဥ္စရာသို့ ပြောသည်။

" ဆရာကြီး ဦးရွှေဇံ ကွယ်လွန်သွားတာဟာ သာမန် ဆုံးရှံုးမူမျိုး မဟုတ်ဘူး။ အစားထိုးမရတဲ့ ဆုံးရှံုးမူ ဖြစ်ပါတယ်။ သူ့ဘဝ တလျှောက်လုံးမှာ အများအကျိုးအတွက် ရွက်ဆောင် သယ်ပိုးခဲ့သလို ဆရာကြီး ရေးသားခဲ့သော စာပေများမှာ အလွန်တရာ တန်ဖိုးရှိကြောင်း ပြောလိုပါတယ်" ဟု ပြောသည်။

၎င်းပြင် ဆရာကြီး၏ ဘဝ တစိတ်တဒေသကိုလည်း ဒေါက်တာ ကျော်သိန်းက ယခုလို ဆက်ပြောသည်။

" ဆရာကြီးဟာ ၁၉၅၂ ခုနှစ်မှာ B.Sc အောင်ပြီးတော့ နိုင်ငံဝန်ထမ်း အကြီးတန်းကို ၁၉၅၄ ခုနှစ်မှာ နယ်ပိုင် ဘဝက စပြီးတော့ အမှုထမ်းပါတယ်။ နယ်ပိုင်ဘဝ အမှုထမ်းပြီးတော့ နောက်ပိုင်းမှာ ခရိုင်ဝန် အထိ ဖြစ်ခဲ့ပါတယ်။ အရေးပိုင်ဖြစ်ပြီးတော့ နိုင်ငံအနှံ့ နေရာတွေမှာ ၂၄ နှစ်တိုင် အမှုထမ်းခဲ့ပါတယ်။နောက်ပြီး တော့ ၁၉၇၈ ခုနှစ်မှာ ကျရင် ရခိုင်ပြည်နယ်ကောင်စီမှာ အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါ တယ်။ နောက်ပိုင်းမှာ ရခိုင်ပြည်နယ် တရားသူကြီး ဥက္ကဌ တာဝန်ကို ယူခဲ့ပါတယ်။ ပြည်နယ်ကောင်စီ အနေနဲ့ ၁၂ နှစ် အမှုထမ်းခဲ့ပါ တယ်။ ပြည်နယ်ကောင်စီခေတ်မှာဘဲ သူက ရခိုင်ပြည်နယ် မဂ္ဂဇင်းထုတ် တာတွေ ရှိခဲ့သလို မြောက်ဦး လမ်းညွှန်စာအုပ်ကိုလည်း ၁၉၈၈ ခုနှစ်မှာ ထုတ်ခဲ့ပါတယ်။ နောက်ပြီးတော့ ရခိုင် စတိ်တ် ဂဇက်တီယာ သတင်းတွေကို ပြန်ပြီးတော့ ရေးသားတာမှာ ဥက္ကဌအဖြစ်လုပ်ဆောင်ခဲ့ ပါတယ်။"

၄င်းပြင် ဆရာကြီး ဦးရွှေဇံံရေးသားခဲ့သော စာအုပ်များမှ ထင်ပေါ်ကျော်ကြားသော စာအုပ်များကိုလည်း မှတ်မိသလောက် ဒေါက်တာ ကျော်သိန်းက ပြောကြားသည်။

"သူရဲ့ ထင်ပေါ်ကျော်ကြားတဲ့ စာအုပ်တွေက The Golden Mrauk-U စာအုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်က အဂ်လိပ်လို An ancient Capital of Rakhine ထုတ်တာ ရှိပါတယ်။ ၂၀၀၈ ခုနှစ်မှာကျတော့ WETHALI: THE LAND OF HISTORIC FINDS ဝေသာလီ၏ တူးဖေါ်ရာ တွေ့ရှိ ချက်များ စာအုပ်ကို အင်္ဂလိပ်လို ရေးသားခဲ့ပါတယ်။ သူထုတ်ဝေခဲ့တဲ့ စာအုပ်တွေ တော်တော်များပါတယ်။ နောက်ပြီးတော့ ရိုဟင်ဂျာ အကြောင်းနဲ့ ပတ်သက်လို့လည်း ထုတ်ဝေခဲ့တာ ရှိပါတယ်။ အထူးသဖြင့် ဝေသာလီ ခေတ်က ဦးရွှေဇံ ရေးသားခဲ့တဲ့ စာအုပ်ကတော့ အပြည့်အစုံ ဖြစ်ပြီးတော့ သမိုင်း ကြောင်းတွေ အားလုံး ပြန်ပါ ပါတယ်။ ရခိုင်တန်ဆောင်၊ ရခိုင်အမျိုးသမီးမဂ္ဂဇင်း စသည်အားဖြင့် အဲဒီမဂ္ဂဇင်းတွေမှာလည်း အများကြီးရေးခဲ့ပါ တယ်။ ရှေးခေတ် ဓညဝတီခေတ် ရခိုင်သမိုင်းကိုလည်း ဦးရွှေဇံနှင့် ဦးမောင်ကျော် တို့ ပေါင်းပြီးတော့ ရေးခဲ့တာတွေ ရှိပါတယ်။ ကျွန်တော် လက်လှမ်း မှီသလောက် ပြောပြတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ရခိုင်သင်္ကြန်ပွဲတော် ကျင်းပရေးမှာလည်း နာယက အဖြစ် တာဝန်ယူခဲ့ပါတယ်။"

ဆရာကြီး ဦးရွှေဇံသည် ဦးရွှေဇံ ရေးသားထုတ်ဝေသော The Golden MraukU: An Ancient Capital of Rakhine စာအုပ် အပါအဝင် ရှေးခတ်ရခိုင်သမိုင်းစဉ်နင့် ခေတ်အဆက်ဆက် ယဉ်ကျေးမှု (ဓညဝတီခေတ်)၊ WETHALI-THE LAND OF HISTORIC FINDS၊ Study of Muslims Infiltration into Rakhine State အစရှိသည့် စာအုပ်စာတမ်းများ အပါအဝင်၊ သုတေသန ဆောင်းပါးများစွာကို ရေးသား ထုတ်ဝေခဲ့သည် သာမက ရခိုင် သမိုင်း အလင်းပြကျမ်းကြီး ကိုလည်း ရေးသားခဲ့ပြီး ပုံနှိပ်နေစဉ် အတွင်း ဆရာကြီးကွယ်လွန် သွားခဲ့ခြင်း ဖြစ်သည်။

ရခိုင်သားကြီး စာပေမှ ဦးလှမြင့်က ဆရာကြီး ကွယ်လွယ်သွားခြင်းသည် ရခိုင်ပြည်သူ တရပ်လုံး အတွက် လမ်းပြ ကြယ်ကြီးတလုံး ကြွေကျ သွားသကဲ့သို့ ခံစားရသည်ဟု ပြောသည်။

" ကျွန်တော်တို့ ရခိုင်ပြည်သူတရပ်လုံး အတွက်ကတော့ လမ်းပြ ဓူဝံကြယ်ကြီး တလုံး ဆုံးရှံုး သွားသလို ခံစားရပါတယ်။ ဆရာကြီးဟာ ကျွန်တော်တို့ အတွက် အမှောင်ထဲက အလင်းကြယ် တပွင့်၊ ရှားပါးတဲ့ သမိုင်းပညာရှင်ထဲက တယောက်ဖြစ်တာကြောင့် ဆရာကြီးကို ဆုံးရှံုးလိုက်ရတဲ့ အတွက် အထူး ကြေကွဲ မဆုံးဖြစ်ရပါတယ်။ အသက်အရွယ်ကြီးလို့ ကွယ်လွန်သွားခဲ့ပေမယ့် ကျွန်တော်တို့ ရခိုင်ပြည်သူတရပ်လုံး ကတော့ တမ်းတမ်းတတ သူရဲ့ ကျေးဇူးကို နှစ်ရာချီပြီး သတိရနေကြမှာ ဖြစ်ပါတယ်။ ဆရာကြီးဟာ ရခိုင်သမိုင်းမှာ ထင်ရှားခဲ့တဲ့ ဆရာတဆူပါ။ မျိုးရိုး စဉ်ဆက် အရလည်း ဆရာကြီးတို့ရဲ့ မျိုးရိုးဟာပညာတတ် မျိုးရိုးဖြစ်တဲ့အတွက်နဲ့ ဆရာကြီးဟာ ကိုယ့်မျိုးရိုးကိုပါ ထိန်းသိမ်းပြီးတော့ နေလာခဲ့သူ ဖြစ်ပါတယ်။ ဆရာကြီးတို့ မိသားစုထဲမှာ ဆရာကြီးဟာ အငယ်ဆုံးသား ဖြစ်တယ်လို့ ကျွန်တော့ကို ပြောဖူးပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ ဒီလောက်ပဲ ပြောချင်ပါတယ်" ဟု ပြောသည်။

ဆရာကြီး ဦးရွှေဇံသည် အာရှတော်ဝင် အထူးကု ဆေးရုံကြီး၌ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၄ နာရီ အချိန်တွင် အနိစ္စ မမြဲ သဘောကို ရင်ဝယ်ပိုင်ရင်း ကွယ်လွန်သွားခဲ့ပါသည်။

ဆရာကြီး၏ နောက်ဆုံး အခြေအနေနှင့် ပတ်သက်ပြီး သိရသည်မှာ နှလုံးရောဂါ ဖေါက်လာသဖြင့်ရန်ကုန် မြို့ အာရှတော်ဝင်အထူးကု ဆေးရုံကြီးသို့ အောက်တို ဘာလ ၁၇ ရက်နေ့ကပင် တက်ရောက်ဆေးကုသခံ နေရာမှ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ကွယ်လွန် သွားခြင်း ဖြစ်သည်။

ဆရာကြီး ဦးရွေဇံအား အဖ စက်ရှင်တရားသူကြီး ဦးသာဇံဦးနှင့် အမိ ဒေါ်မိမဘုတို့မှာ ၁၉၂၈ ခုနှစ်ဖေဖေါ် ၀ါရီလ ၂၉ ရက်နေ့၌ စစ်တွေမြို့တွင် မွေးဖွားခဲ့သည်။ ကွယ်လွန်ချိန်တွင် ဆရာကြီးမှာ အသက် ၈၃ နှစ်ရှိပြီး ဇနီး ဒေါ်ခင်လှနဲ့ သားသမီး (၆) ယောက် ကျန်ရစ်ခဲ့ကြောင်း သိရပါသည်။

Most read this week