ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို ဖျက်သိမ်းရန် ဒီငြိမ်းတိုင်ကြား

ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို ဖျက်သိမ်းရန် ဒီငြိမ်းတိုင်ကြား
by -
ညီသစ်

ရန်ကုန် (မဇ္ဈိမ) ။     ။လက်ရှိအာဏာရပါတီဖြစ် သည့် ပြည်ထောင်စု ကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအား နိုင်ငံပိုင် ပစ္စည်းများ သုံးစွဲခဲ့သည့် အတွက် နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေနှင့်ငြိစွန်း နေကြောင်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြား ထားကြောင်း သိရသည်။

ကြံ့ခိုင်ရေးပါတီမှာ မူလ မှတ်ပုံတင်စဉ် ကတည်းကပင် မှတ်ပုံတင်ခွင့် မရထိုက်သည့် ပါတီဖြစ်ကြောင်းနှင့် ရွေးကောက် ပွဲတွင် အနိုင်ရခဲ့သည့် ရလဒ်များနှင့်တကွ ပယ်ဖျက်သိမ်းရမည့် ပါတီဖြစ်ကြောင်းအောက်တို ဘာလ ၁၄ ရက်ကရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ခဲ့သည့် တိုင်ကြားစာတွင် ပါရှိသည်။

“ဘာကြောင့်ဒီလိုပြောရလဲဆိုတော့ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၂နဲ့ ငြိစွန်းနေတယ်။ အဲဒါက နိုင်ငံပိုင် ငွေကြေး၊ အဆောက်အအုံ၊ ယာဉ်အစရှိတာကို သုံးစွဲနေတဲ့ ပါတီလို့ ဆိုတယ်။ ကြံခိုင်ဖွံ့ဖြိုးရေးအသင်းကနေ ပြောင်းပြီး ပါတီဖွဲ့တာဖြစ်တဲ့အတွက် နိုင်ငံငွေကြေး များစွာ ပါဝင်တယ်။ ကျပ်သန်းကုဋေများစွာနဲ့ အသင်းကို ပါတီအဖြစ် ဖွဲ့စည်းထားတာ” ဟု ဒီငြိမ်းပါတီ အတွင်းရေးမှူး ဦးမျိူးညွန့်က မဇ္စျိမကို ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ (က) တွင် “နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက် အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်း ဖြစ်ကြောင်းတွေ့ရှိခြင်း” ပါက ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိဟု ပြဋ္ဌာန်းထားသည်။

ယင်းအချက်နှင့် ကိုက်ညီပါက ကော်မရှင်သည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ယင်း ပါတီကို လည်း ဖျက်သိမ်းရမည် ဖြစ်သည်။ 

“ဒီကိစ္စနဲ့ ပတ်သတ်ပြီး တရားဝင် စာရင်းရှင်းတာ မတွေ့ရဘူး။ အရင်ခေတ်က မဆလကနေ အသွင် ပြောင်းလာတဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) ဆိုရင် ပါတီဖွဲ့တော့ စာရင်းရှင်းတာ ရှိခဲ့တယ်“ ဟု ဦးမျိုးညွန့်ကအောက်တိုဘာလ ၁၇ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

တိုင်ကြားမှုနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ မည်သည့် တုံ့ပြန်မှုမှ ပြုလုပ်သေးခြင်း မရှိသေးပေ။

ဒီငြိမ်းပါတီက သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ၂ဝ၁ဝ ရွေးကောက်ပွဲ တခုလုံး အား ခြံုငုံသုံးသပ်ပါက လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲမဟုတ်ကြောင်းလည်း ဖော်ပြထားသည်။

အာဏာသိမ်းအစိုးရက ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလတွင်းက ရွေးကောက်ပွဲများ ကျင်းပပေးခဲ့သော်လည်း အသွင်ပြောင်း ကြံ့ခိုင်ရေးပါတီမှာ အငြင်းပွားဖွယ်ရာ မဲရလဒ်ဖြင့် အနိုင်ရသွားခဲ့သည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီသည် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ကာလက ကိုယ်စားလှယ် ကိုးဦး ပါဝင် ယှဉ်ပြိုင်ခဲ့သော်လည်း တဦးမျှ အနိုင်မရရှိခဲ့ချေ။

ပါတီ၏ ကြေညာချက်တွင် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု၊ စီးပွားရေးပြုပြင်ပြောင်း လဲမှုများ အတွက် အလုပ်ရုံ ဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်းနှင့် နိုင်ငံရေးအကျဉ်းသားလွှတ်ပေးမှုတို့ အပေါ် ကြိုဆိုကြောင်း လည်း ပါရှိသည်။

ယင်းအပြင် “တူတာတွဲလုပ်၊ မတူတာ ညှိနှိုင်းလုပ်” မူဖြင့် ပြည်ထောင်စုအစိုးရနှင့် အားတက်သရော ပူးပေါင်း ဆောင် ရွက်သွားမည်ဟုလည်း ကြေညာချက်က ဆိုသည်။

အာဏာသိမ်းအစိုးရက ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလတွင်းက ရွေးကောက်ပွဲများ ကျင်းပပေးခဲ့သော်လည်း အသွင်ပြောင်း ကြံ့ခိုင်ရေးပါတီမှာ အငြင်းပွားဖွယ်ရာ မဲရလဒ်ဖြင့် အနိုင်ရသွားခဲ့ခြင်း ဖြစ်သည်။