သစ်ပင်ကျိုး၊ ရေတက်ရုံမှလွဲပြီး မုန်တိုင်းကြောင့် ရခိုင်တွင် အထိအခိုက် အပျက်အစီး မရှိ

သစ်ပင်ကျိုး၊ ရေတက်ရုံမှလွဲပြီး မုန်တိုင်းကြောင့် ရခိုင်တွင် အထိအခိုက် အပျက်အစီး မရှိ
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်းသို့ ယမန်နေ့ ညနေပိုင်းက ၀င်ရောက်တိုက်ခတ်သွားသော မုန်တိုင်း ငယ်ကြောင့် သစ်ပင်ကျိုး၊ ရေတက်ရုံမှ လွဲပြီး တစုံတရာ ထိခိုက်မူနှင့် အပျက်အစီးမရှိ ကြောင်း သတင်း ရရှိသည်။

Myanmar-climate-change-watchမုန်တိုင်း တိုက်ခတ် ခံရပြီးနောက်ပိုင်း စစ်တွေမြို့ခံ တစ်ဦးအား မေးကြည့်ရာ အခြေအနေကို ယခုလို ပြောသည်။

" မုန်တိုင်းက အနည်းအကျဉ်း တိုက်ခတ်ခဲ့ပါတယ်။ သိပ်ပြင်းပြင်းထန်ထန်တော့ မဟုတ်ပါဘူး။ လေပြင်း တိုက်တဲ့ သဘောမျိုးပါ။ ကုန်သည်လမ်း၊ မင်းဗာကြီးလမ်းနဲ့ စံပြရွာဘက်မှာ သစ်ပင်တချို့တော့ ကျိုးကျ သွားခဲ့တယ်။ ဒါကြောင့် လျှပ်စစ်မီး လျော့ဖြစ်ပြီး ပြတ်တောက်သွားခဲ့ပါတယ်။ အခုတော့ တာဝန်ရှိသူတွေက သစ်ပင်တွေကို ခုတ်ပိုင်းပြီး လမ်းရှင်းနေတာကို တွေ့ရပါတယ်" ဟု ပြောသည်။

၎င်းပြင် ယမန်နေ့က တိုက်ခဲ့သော မုန်တိုင်းနှင့် အတူ ရေတက်ခဲ့သဖြင့် စစ်တွေမြို့ရှိ မြေနိမ့်ပိုင်းရက်ကွပ် တချို့တွင် ရေနစ်ခဲ့သည်ဟု သူက ဆက်ပြောသည်။

" ညက ရေ တော့ တက်ခဲ့ပါတယ်။ ခါးလယ်လောက်ထိ တက်ခဲ့ပါတယ်။ ကုန်သည်လမ်း၊ ကသစ်တော၊ ကျောင်းတက်လမ်း ချောင်းတွေဘက်မှာ ရေနစ်ခဲ့ပါတယ်။ နောက်တော့ ရေပြန်ကျသွားခဲ့ပါတယ်" ဟုဆက် ပြောသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ ညဉ့်ကလည်း စစ်တွေတွင် လေဆင်နှာမောင်း ကျခဲ့သဖြင့် စစ်တွေ စျေး ခေါင်းမိုးများ၊ အိုးတန်းကျောင်းက ခေါင်မိုးများ၊ ရပ်ကွက် အများအပြားမှ အိမ်အများ အပြား၏ ခေါင်းမိုးများ လံသွားကြောင်း သိရသည်။

ပေါက်တောမြို့နယ်တွင်လည်း လေမုန်တိုင်း ၀င်ရောက် တိုက်သွားခဲ့သော်လည်း လေမှာ အင်အား မပြင်း ကြောင်း၊ အပျက်အစီးလည်း များများစားစား မရှိကြောင်း ပေါက်တောမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

" ပေါက်တောမြို့ပေါ်မှာ ခိုင်ခိုင်ခန့်ခန့် မဟုတ်တဲ့ အိမ်တချို့ရဲ့ ခေါင်းမိုးတွေ လန်သွားတာတွေတော့ ရှိတယ်။ အပျက်အစီးက သိပ်မရှိဘူး။ စက်လှေ တချို့တော့ တိုင်ငုတ်တွေ ထိမိပြီး ဗိုက်ပေါက်သွားတာ၊ ပျက်စီး သွားတာတွေတော့ ရှိပါတယ်။ နယ်တွေမှာလည်း ဘာမှ မဖြစ်ဘူးလို့ သိရပါတယ်" ဟု သူက ပြောသည်။

ယမန်နေ့ တိုက်ခတ်ခဲ့သော မုန်တိုင်းမှာ တစ်နာရီ မိုင် ၄၀ မှ ၅၀ အထိ တိုက်ခတ်ခဲ့ပြီး ယခုအခါမောင်တော မြို့နှင့် ဘင်္ဂလာဒေချ့်နိုင်ငံ ကော့ဘဇားမြို့ အကြား ကုန်တွင်းပိုင်းကို ၀င်ရောက် ဖြတ်ကျော်ကာတဖြည်းဖြည်း နှင့် အားပျော့သွားပြီ ဖြစ်ကြောင်း ခန့်မှန်းရသည်ဟု မြန်မာ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာက ပြောသည်။

Most read this week