တိုးချဲ့မြို့နယ်ခွဲသစ်၌ လုံခြုံမှုမရှိ လူထု တဝက်ကျော် တခြားသို့ပြောင်းရွှေ့နေထိုင်

တိုးချဲ့မြို့နယ်ခွဲသစ်၌ လုံခြုံမှုမရှိ လူထု တဝက်ကျော် တခြားသို့ပြောင်းရွှေ့နေထိုင်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း၏ စီးပွါးရေးဇုံတခုဖြစ်သော ကာလိ အုပ်စုအား မြို့နယ်ခွဲသစ်တိုးချဲ့သတ်မှတ်ပြီး နောက်ပိုင်း   တခြားမြို့ရွာ ဒေသများသို့မြို့ခံများ ပြောင်းရွှေ့နေထိုင်ကြကြောင်းသျှမ်းပြည်တောင်ပိုင်း သတင်း ရပ် ကွက်ကဆိုပါသည်။


“ မြို့နယ်ခွဲသစ်တိုးလိုက်ပြီဆိုကတည်းက ကာလိအဝင်မှာ ရဲစခန်း၊ အထွက်မှာ စစ်တပ် မြို့အဝင် အထွက် စလုံး ပိတ်ပြီး နေရာယူထားတယ်။ မသိရင်တော့ သူတို့က လူထုကိုကာကွယ်ပေးတယ်ထင်ရလိမ့် မယ်။ ဘာဟုတ် မလဲ အဝင်အထွက် ကားတွေဆီက ပိုက်ဆံစောင့်ကောက်နေတာ။ ၁၀ ဘီးကားဆိုရင် တဂိတ်  ၅ သောင်းကျပ် အထိ ပေးရတယ်ဗျ” ဟု ကာလိ ဒေသခံ ခေတ်ပညာတတ် လူငယ်တဦးကသျှမ်းသံတော်ဆင့်အားပြောပြသည်။

ယမန်နှစ်နှောင်းပိုင်းက အဆိုပါ ကွန်ဟိန်းမြို့နယ် ကာလိအုပ်စုအား မြို့နယ်ခွဲ အသစ်တိုးချဲ့ရန်စစ်အာဏာပိုင် များက သတ်မှတ် ခဲ့သည်။

“ မြို့နယ်ခွဲမလုပ်ခင်က အရောင်းအဝယ် ကောင်းတယ်ဗျ။ လူလဲ စည်သလားမမေးနဲ့။ တောင်ကြီးတက်မယ့် ကား တွေ၊ ကျိုင်းတုံဆင်းမယ့်ကားတွေဆို ကာလိမှာမအိပ်ရမှာ စိုးလို့ဆိုတဲ့အထိဖြစ်တယ်။ အရောင်းအဝယ် လဲကောင်း၊ အစုံလဲရ တာကိုး။ တခြားမြို့ရွာကလူတွေတောင်မှ ကာလိမှာလာပြီး ဆိုင်ဖွင့် အလုပ်လုပ်ကြတယ် ” ဟု ဆို၏။

သို့သော် မြို့နယ်ခွဲသစ်ဖြစ်ပြီးနောက်ပိုင်း သူခိုး ဓါးပြ ပေါများသည့်အပြင် စစ်အာဏာသုံးကာအခွန်အတုတ် အမျိုးမျိုး ကောက်ခံခြင်း၊ လူ့အခွင့်အရေးအမျိုးမျိုးကောက်ခံခြင်းတို့ကြောင့် ငွေရှားပါးကာဟင်းရွက်သည်များ ပါမကျန် ဈေးရောင်းမကောင်းဟု ငြီးလာသည်ကိုတွေ့ရကြောင်း အဆိုပါ လူငယ်က ဆက်လက်ပြောပြသည်။

“ ခုတော့ လူငယ်တချို့လဲ မြို့တက် ပညာဆည်းပူး၊ အများစုက  တခြားမြို့ပြောင်းရွှေ့ နေထိုင်အလုပ်လုပ်။ တခြားကလာ တဲ့လူတွေလဲ တခြားကိုဆက်သွားကြကုန်ပြီ။ ဆိုတော့ တဝက်ကျော်ကျော် ပျောက်သွားတယ် ဗျ။ ခုဆိုသူခိုးဓါးပြတွေလဲ ပေါ။ ရဲတွေ စစ်သားတွေဆို ညည ကျရင်ကင်းလှည့်။ သူခိုးဓါးပြ ကျတော့ မဖမ်းဘဲ ဖားရှာ ငါးရှာသွားတဲ့ ရွာသားတွေကို တော့ သူပုန်စွပ်စွဲပြီး ဖမ်းဆီးရိုက်နှက် သတ်ဖြတ်။နေချင်စရာကိုမရှိ တော့ဘူးဗျာ” ဟု သျှမ်းသံတော်ဆင့်အား ရင်ဖွင့် ပြောပြသည်။

တောင်ကြီး၌အခြေချနေထိုင်သည့် သျှမ်းပြည်တောင်ပိုင်းမှ ကုန်သည် ပီနန်းပီးကလည်း - “ ပြီးခဲ့တဲ့  ၁ နှစ် လောက်က အထိ ကာလိကို ကျမတို့သွားပြီး ပစ္စည်းရောင်းတယ်။ ၂ ဆ လောက်မြတ်တယ်။ အဲ့ချိန်ကကာလိ ဆိုတာ ပိုက်ဆံချမ်းသာ တဲ့နေရာ။ ကျမတို့လွယ်ဖာ သျှမ်းတပ်အထိ ပစ္စည်းသွားရောင်းတယ်။ အခုလိုဖမ်းဆီး သတ်ဖြတ်တာ၊ ဓါးပြတိုက်ခံရတာ လုံးဝမရှိဘူး အရမ်းပျော်စရာကောင်းတယ်။

မြို့နယ်ခွဲဖြစ်ပြီးတဲ့ခုနောက်ပိုင်း တော့ ကာလိဟာ လုံးဝခြောက်ကပ်သွား တယ်။ တခြားကလာတဲ့ အစိုးရ ဝန်ထမ်းတွေ။ ဗမာတွေလဲ အရမ်း များနေပြီ။ မြို့အဝင်အထွက်ပေးရတဲ့ ဂိတ်ကြေးနဲ့ဆို အမြတ်ကဘာမှ မကျန်တော့ဘူး။ အရင်ကလူထုကို စောင့်ရှောက်တဲ့ သျှမ်းတပ်လဲ ပြည်သူ့စစ်ဖြစ်သွားပြီဆိုတော့ ကိုယ့် အတွက် မလုံခြုံဘူးထင်လို့ ကုန်သွား မရောင်းတော့တာ” ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည်။

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်ရှိ ပြည်သူ့စစ်အသွင်ပြောင်း SSA တပ်မဟာ ရ ဌာနချုပ်ရှိရာ ကာလိ ကျေးရွာအုပ်စု အား ၂၀၁၀ ခုနှစ် ဒီဇင်ဘာလအတွင်း အစိုးရဌာနပေါင်းစုံထားရှိကာ မြို့နယ်ခွဲအဆင့် အဖြစ် တိုးမြင့်ဖွဲ့စည်းခဲ့သည်။