လူ့အခွင့်အရေး ဟောပြောလို့ ထောင်ကျခံရသူ

လူ့အခွင့်အရေး ဟောပြောလို့ ထောင်ကျခံရသူ
by -
ကိုဝိုင်း

ချင်းမိုင် (မဇ္စျိမ) ။        ။ လူ့အခွင့်အရေးကာကွယ် မြှင့်တင်သူများကွန်ယက် (HRDP) Human Rights Defenders and Promoters network မှ အဖွဲ့ဝင် ဦးမြင့်လှိုင် ခေါ် ဦးမြင့်နိုင်သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းပါအချက်အလက်

ချင်းမိုင် (မဇ္စျိမ) ။        ။ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက် (HRDP) Human Rights Defenders and Promoters network မှ အဖွဲ့ဝင် ဦးမြင့်လှိုင် ခေါ် ဦးမြင့်နိုင်သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းပါ အချက်အလက်များကို အခြေခံကာ ပြည်သူလူထုသို့ဟောပြောခြင်း ကြောင့် အာဏာပိုင်များ၏ ဝိုင်းဝန်း ရိုက်နှက်မှုခံခဲ့ရကာ ၂ဝဝ၇ ခုနှစ်တွင် ထောင် ရှစ် နှစ်ကျခဲ့သည်။

ဦးမြင့်နိုင်သည် ဟင်္သာတနှင့် ကလေးထောင်တို့တွင် လေးနှစ်ကျော်နေခဲ့ ရပြီးနောက် အောက်တိုဘာ ၁၂ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကလေးထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။

အသက် ၄၅ နှစ်ကျော်ပြီဖြစ်သူ ဦးမြင့်နိုင်က ကလေးထောင်မှ အခြား နိုင်ငံရေး အကျဉ်းသား ၅ ဦးလည်း လွတ်မြောက် လာပြီး ၁၄ ဦး ကျန်နေသေးသည်ဟု ဆိုသည်။ သူနှင့်အတူ လွတ်မြောက်လာသူများမှာ ကိုအေးချို (ပျော်ဘွယ်-အန်အယ်ဒီ)၊ ကိုမင်းအောင် (တောင်ကုတ်- အန်အယ်ဒီ)၊ ဦးသိန်းလွင်ဦး (ရန်ကုန်)၊ ကိုမျိုးကြီး (ရန်ကုန်)၊ ဘွေထန်း (CNF) တို့ ဖြစ်ကြသည်။

အကျဉ်းကျခံနေရသည့် HRDP အဖွဲ့ဝင် ၂၅ ဦးရှိသေးပြီး လွိုင်ကော်၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်းတော၊ ခန္တီး၊ ကလေး၊ အင်းစိန်၊ ရမည်းသင်း၊ တောင်ကြီး၊ ရွှေဘိုထောင်များတွင် ရှိနေသည်။ ဦးမြင့်နိုင်က သူကျခဲ့ရသည့် အမှုနောက်ကြောင်း၊ ဖြတ်သန်းခဲ့ရသည့် ထောင်တွင်းဖြစ်စဉ် တချို့ကို မဇ္စျိမက မေးမြန်းထားသည်။

personhall2

ထောင်မကျခင် ခေါင်းကို အရိုက်ခံခဲ့ရတယ် ဆိုတော့ ကျန်းမာရေး အခြေအနေကို ပြောပြပါဦး ခင်ဗျ။

“ခေါင်းကတော့ မူးနေတာပေါ့ဗျာ။ ဆေးကုသမှု စစ်ဆေးမှုတွေ လုပ်ရဦးမယ်လေ။ ထောင်ထဲမှာနေတာ လေးနှစ်ကျော် ငါးနှစ်ထဲ ရောက်ပြီ။ မူးတာက မပျောက်ဘူး။ ဆေးကုသမှု အပိုင်းကလည်း အဆင်မပြေဘူး။ ရောဂါနဲ့ဆေးနဲ့က မတည့်ဘူးဖြစ်နေတယ်။”

“ကျနော် ဆေးရုံကဆင်းဆင်းချင်း ဟင်္သာတထောင်။ ဟင်္သာတထောင်ကနေ ကလေးထောင်ကိုရောက် တယ်။ ကျနော်က အာရုံကြော ထိထားတဲ့အခါကျတော့ ခေါင်းမူးနေတဲ့အခါမှာ ဆေးကိုလိုချင်တဲ့ဆေး မပေးနိုင်ဘူး။ အာနိသင်မရှိတဲ့ဆေးတွေ ဖြစ်နေတယ်။ ကျနော် လေးနှစ်လုံးလုံးအဲဒီဆေးတွေသောက် ခဲ့တာ၊ ကျနော့်ရောဂါက မပျောက်ဘူး။”

အရိုက်ခံရတဲ့ ကိစ္စပြောပါဦး။

“ကိုမြင့်အေး၊ ကိုမောင်မောင်လေး၊ ကျနော်ရယ်၊ ကိုတင်မောင်ဦးရယ်၊ ကိုကျော်လွင်၊ ကျန်တဲ့ လူငယ်တွေနဲ့ အုတ်ပုံရွာ ကိုသွားပြီး လူ့အခွင့်အရေး ဟောပြောပွဲ လုပ်တယ်။ လာတဲ့လူတွေကို လူ့အခွင့်အရေးကြေညာ စာတမ်းတွေ ဝေတယ်။”

ဟုတ်ကဲ့။ ဆက်ပြောပါပါဦးခင်ဗျာ။

“အဲဒီမှာ ဟင်္သာတမြို့နယ်က ကြံ့ခိုင်ရေး အတွင်းရေးမှူး ညိုဦး၊ မြို့နယ်စခန်းမှူး ထွန်းထွန်းဦး ပါတယ်။ စရဖ ပါတယ်။ လက်ရှိ ရှိနေတဲ့ မဝတ ဥက္ကဋ္ဌ အောင်နိုင်ကျော် ပါတယ်။ အဲဒီလူတွေက စောင့်ပြီး ကျနော်တို့ ပြန်အထွက်မှာ ဝိုင်းရိုက် တာ။”

ရက်စွဲနဲ့ အချိန်က ဘယ်လောက်လဲ။

“၁၈ ရက် လေးလ၊ ၂ဝဝ၇ခု။ အချိန်က နေ့ခင်း ၁၂ နာရီကျော်။ ကိုမြင့်အေးနဲ့ ကိုကျော်လွင်ကိုတလုတ်ထော် ကို လွှတ် လိုက်တဲ့ အချိန်မျိုးဆိုတော့ သူတို့က လွတ်သွားတယ်။ ကျနော်ရယ်၊ ကိုမောင်မောင်လေးရယ်၊ တလုတ်ထော် တိုက်နယ် က ကိုသောင်းစိန်ရယ်၊ သူက ဆိုင်ကယ်မောင်းတဲ့လူ။ ဆိုင်ကယ် နှစ်စီးနဲ့။ ဟင်္သတမြို့နယ်ထဲက မြို့ကွင်းရွာက တယောက်။ ကျနော်ရယ် ကိုမောင်မောင်လေးရယ်ကဆိုင်ကယ် နောက်က လိုက်တာပေါ့။”

“အသင့်စောင့်နေတဲ့ လူအုပ်ကြီးက မြင့်နိုင်ဆိုတာ အဲဒီကောင် ရိုက်ကွဆိုပြီး ရိုက်တယ်။ လေးဂွတွေနဲ့လည်း ပစ်တယ်။ ကျနော်က ခုန်ဆင်းလိုက်တာ။ လယ်ကွင်းထဲ ဖြတ်ပြေးတာ။ ရဝတ ဥက္ကဋ္ဌက ဦးတင်ထွန်း မဟုတ်တော့ဘူး။ ဦးသန်းအောင် ဖြစ်သွားပြီ။ နောက်ကနေဝိုင်းရိုက်တာ။ ကျနော်မူးပြီး လဲကျသွားတယ်။ လဲသွားတဲ့ အချိန်မှာ လေးဂွ
တွေနဲ့ ပစ်တယ်။ တုတ်တွေနဲ့ ရိုက်တယ်။”

ဝိုင်းရိုက်တာ ဘယ်နှစ်ယောက်လောက်ရှိလဲ။ ဘယ်ကလူတွေလဲ။

“လူအုပ်က ၂၀၀ လောက်ရှိတယ်။ ရိုက်တာတော့ ၁၄ ယောက်လောက်။ အဲဒီ ၂၀၀ က ဟင်္သာတ မြို့နယ်၊ လေးမျက်နှာ မြို့နယ်၊ ကညင်ငူအုပ်စုက ကြံ့ခိုင်ရေးတွေပေါ့။ အဲဒီမှာ လူ ၂၀၀ ကျော်လောက် တုတ်တွေနဲ့ ထိုင်နေတယ်။ ထိုင်နေပုံ ကျနော် ဓာတ်ပုံ ရိုက်ထားတယ်။”

အဲဒီဓာတ်ပုံတွေကရော အခုဘယ်ရောက်သွားပြီလဲ။

“အဲဒီကင်မရာရော၊ နာရီ၊ ပိုက်ဆံ ရ၀,၀၀၀ ရယ်၊ ဆိုနီ အသံဖမ်းစက်ရယ်။ သူတို့ဆီ ပါသွားတယ်။ ရဝတ ဦးသန်းအောင် အပါအဝင် ရိုက်တဲ့ ၂၆ ယောက်ကို အမည်တပ်ပြီး ကျနော် တရားစွဲတယ်။”

ဦးမောင်မောင်လေးက ဘယ်လိုဖြစ်သွားလဲ။ ဘယ်ဆေးရုံကို ရောက်သွားလဲ။

“အုတ်ပုံရွာသူ ရွာသားတွေ ထွက်လာကြတယ်။ အုတ်ပုံရွာက ဆရာတော် ဦးရေဝရ ကားလည်းထွက်လာ တယ်။ အဲဒါမြင်လည်းမြင်ရော ထွက်ပြေးသွားကြတာ။ ကိုမောင်မောင်လေးက သွေးတွေနဲ့ ကျနော့်ရဲ့ လယ်ကွင်း တကွက်ကျော်မှာ အရိုက်ခံရတာ။ ကျနော်တို့ နှစ်ယောက်ပဲ အရိုက်ခံရတာ။”

“ကျနော်တို့ကို ဟင်္သာတဆေးရုံကိုပို့တယ်။ ဟင်္သာတဆေးရုံက ကျနော်တို့ကို လုံးဝမကိုင်ဘူး ပစ်ထားတယ်။ အကုန်လုံး က ဒီမှာ မကုတော့ဘူး လွှဲစာ ရေးခိုင်းလိုက်တယ်။ ရန်ကုန်ဆေးရုံကြီး ရောက်တယ်။ ဦးနှောက်နဲ့ အာရုံကြောဆေးရုံကို ဆက်ပို့တယ်။ ခုနှစ်ရက်နေရတယ်။ နှစ်ယောက်လုံး။  ခေါင်းက ခုနှစ်ချက်ချုပ်ရ တယ်။ ငယ်ထိပ် တည့်တည့်မှာ။ ဆေးရုံ ကဆင်းတော့မှ နောက်စေ့မှာ လက်နှစ်သစ်လောက် ဒဏ်ရာ တချက် ထပ်တွေ့တယ်။”

ဝိုင်းရိုက်တဲ့ လူတွေကို တရားစွဲသေးတယ်ဆို။

“၂- ၅- ၂ဝဝ၇ မှာ ဟင်္သာတမြို့နယ် တရားရုံးမှာ သူတို့က ကျနော့်ကို အမှုပြန်ဖွင့်တယ်။ ကျနော်ကလည်း သူတို့ကိုပြန်တရားစွဲတယ်။ တရားလိုက အုတ်ပုံရွာ ရဝတ ဥက္ကဋ္ဌ ဦးသန်းအောင်။ ကျေးရွာတွင်း ဆူပူအုံကြွမှု ၅၀၅ (ခ) (ဂ) ဆိုပြီးတော့။ ကျနော် အပါအဝင် ဦးလှရှိန်၊ ကျနော်တို့တည်းတဲ့အိမ်က ဦးဝင်း၊ တလုတ် ထော်တိုက်နယ်က ကိုကျော်လွင်၊ ကိုမြစိန်၊ ဦးမြင့် တို့ကိုစွဲတယ်။”

“ကျနော်ကလည်း ကျနော့်ဆီပါလာတဲ့ပစ္စည်းတွေကို လူအုပ်စုဖွဲ့ပြီး ရိုက်နှက်လုယူတဲ့အတွက်ဥက္ကဋ္ဌအပါ အဝင် ၂၅ ယောက်ကို တရားစွဲတယ်။ သူတို့ဘက်က တရားပြိုင်အဖြစ် ခြောက်ယောက်ပဲလုပ်တယ်။ ကျနော့်ကို အရင်ဆုံး ထောင်ချလိုက်တယ်။ အင်္ဂပိုရွာနဲ့ အုတ်ပိုမှာ နှစ်နေရာဖြစ်တဲ့ အတွက် ၅ဝ၅ (ခ) (ဂ) ပုဒ်မ နှစ်ခုနဲ့ တနေရာ လေးနှစ်၊ နှစ်နေရာ ရှစ်နှစ်ဆိုပြီး ချလိုက်တယ်။ ကျန်တဲ့ ငါးယောက်ကတရွာပဲဆို တော့ လေးနှစ်စီ။”

အင်္ဂပူရွာကိုလည်း သွားသေးလား လူ့အခွင့်အရေး ဟောဖြစ်သေးလား။

“အင်္ဂပူကျေးရွာကို အရင်သွားတယ်။ ဟင်္သာတမြို့နယ်က ထွက်တယ် ဆိုရင် သူက ပထမဆုံး ဝင်ရတာကိုး။ လူ့အခွင့် အရေး အကြောင်း ပြောပြတယ်။ ပြီးမှ အုတ်ပုံကို ဆက်သွားတာ။ မဝတဥက္ကဋ္ဌကဦးအောင်ကျော် နိုင်ပဲ။ ဒီနေ့ လက်ရှိ လည်း သူပဲ။”

အပြန်လှန်စွဲတဲ့ အမှုတွေက ဘယ်လိုဖြစ်သွားလဲ။

“ကျနော့်တင်တဲ့ အမှုကိုတော့ ဒီလူတွေ အပြစ်မရှိဘူး ဆိုပြီး ကွင်းလုံးကျွတ် လွှတ်ပေးလိုက်တယ်။ကျနော့် ဘက်ကရှေ့နေက ဆရာဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်၊ ဦးဇော်မင်း။ ၂-  ၅- ၂၀၀၇ ခုမှာ ကျနော့်ကို ထောင်ထဲ ထည့်လိုက် ပြီးတော့ အမှုနှစ်ခုကို တပြိုင်တည်း စစ်တယ်။ ကျနော်စွဲတဲ့ အမှုရယ်။ သူတို့စွဲတဲ့ အမှုရယ်။ တရားသူကြီးဆီ အာမခံ
လျှောက်တယ်။ မပေးဘူး။”

“ကျနော် ဆေးရုံရောက်နေတဲ့အချိန်မှာ တရားစွဲထားတယ်ဆိုပြီး ၂-  ၅- ၂ဝဝ၇ ခုနှစ် ၁ဝ နာရီ အရောက် ဟင်္သာတမြို့နယ် တရားရုံးကို လာခဲ့ပါဆိုပြီး စာထုတ်တယ်။ ကျနော်ရောက်တယ်။ အာမခံ မပေးလို့ကျနော် အပါအဝင် ခြောက်ယောက်ကို ထောင်ထဲထည့်လိုက်တယ်။”

အဲဒီတုန်းကဦးလှရှိန်က အသက်ဘယ်လောက်လဲ။ ဦးမြင့်နိုင် အသက်ကရော။

“ဦးလှရှိန်က ၆၅ နှစ်။ ကျနော်က ၄၁ နှစ်။”

ထောင်ထဲထည့်ပြီးမှ အမှုထုတ်စစ်တာပေါ့။

“ထောင်ထဲထည့်ပြီးမှ တပတ် နှစ်ကြိမ်လောက် ထုတ်စစ်တယ်။ လေးလလောက် ကြာတယ်။ ကျနော့်ကို အမိန့်ချလိုက် တယ်။ သူတို့ကို ကျနော့်စွဲတဲ့အမှုက တနှစ်နဲ့ ရှစ်လ ကြာတယ်။ နောက်တော့ အပြစ်မရှိဘူး ဆိုပြီး လွှတ်ပေးလိုက်တယ်။ ကျနော့်ကို စီရင်ချက်ချတဲ့ရက်က ၂၄- ရ- ၂ဝဝ၇ ခုနှစ်။ ဟင်္သာတထောင်မှာ တနှစ်နဲ့ ရှစ်လကျော် ကြာတယ်။ နောက် အင်းစိန်ကိုပို့တယ်။ အဲဒီကနေ မန္တလေး၊ ကလေးထောင်ပေါ့။”

မိသားစု အခြေအနေကော ဘယ်လိုရှိပါသလဲ။

“အသက် ၄၅ နှစ် ပြည့်ပြီးပြီ။ ကလေး လေးယောက်ရှိတယ်။ ကျနော့်မိန်းမက ဆုံးသွားပြီး။ ကျနော် ထောင်ကျတဲ့ အချိန် မှာ သမီးလေးက တနှစ်ခွဲနဲ့ ကျန်ခဲ့တယ်။ ကျနော့် အဖေ မရှိတော့ဘူး။ ကျနော့် အမေက ကင်ဆာရောဂါ ဖြစ်နေတယ်။”

ထောင်ကျ နေစဉ်က သူတို့တွေ ထောင်ဝင်စာ ပုံမှန်လာတွေ့နိုင်ကြလား။

“ကျနော့်သား၊ ကျနော့်အမေနဲ့ ကျနော့်ညီမက လာတွေ့တယ်။ ပုံမှန်တော့ ဘယ်ဖြစ်မလည်း။ ဟင်္သာတ ကနေ ကလေး ဆို ခရီးစရိတ်က တသိန်းကျော်တယ်။ တခေါက်လာတွေ့ရင် နှစ်သိန်းဝန်းကျင် ကုန်တယ်။ ကျနော်တို့က ဘာမှ မရှိတော့ ဘူးလေ။ စီးပွားရေးကလလည်း အဆင်မပြေတော့ဘူး။”

HRDP မှာ ဦးမြင့်နိုင်က ဘယ်တုန်းက ဘယ်လိုပတ်သက်တာလဲ။

“ကျနော်က ကိုအုန်းမြင့် ကိုခင်ဇော်တို့ကို ထောင်ချတုန်းက အိုင်အယ်အို (အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်) ကို သွားပြီးတော့ ပြောပြတယ်။ ၂ဝဝ၃ လောက်မှာ၊ အိုင်အယ်အိုက ယူအန်ဒီပီ (ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်) ရုံးးမှာ စာအုပ်တွေရှိတယ်ပေါ့နော်။ ကျနော် ယူအန်ဒီပီ ကို သွားတဲ့အခါအပြည်ပြည်ဆိုင် ရာ ကြေညာစာတမ်းကို သွားတွေ့ တယ်။ အဲဒီအချိန်ကစပြီး လူ့အခွင့်အရေးကိုစလုပ်တာ။ အဲဒီအချိန်မှာ အဖွဲ့အစည်းဖွဲ့ခွင့် မရှိဘူး။”

ဦးမောင်မောင်လေးတို့ ဦးမြင့်အေးတို့နဲ့ ဘယ်လို ဆက်စပ်မိသွားလဲ။

“အဲဒီစာအုပ်တွေရတဲ့အခါ မူလေးချက်ချလိုက်တယ်။ ကိုမြင့်အေးပါတယ်။ ကိုမောင်မောင်လေးတို့။ အောင်ဇော်ဦးတို့၊ ၁၇ ယောက်လောက်နဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းမှာပါတဲ့ အချက်တွေကို ပြည်သူတွေ နားလည်အောင် လုပ်မယ်ဆိုပြီး အဲဒီစာရွက်တွေကို ဖြန့်တယ်။ အဲဒီတုန်းက HRDP မဖြစ်သေးဘူး။ HR ပဲ ဖြစ်သေး တယ်။ လူ့အခွင့်အရေးပဲဖြစ်သေးတယ်။ ၂ဝဝ၄ ခုနောက်ပိုင်း ကွန်ယက်က လုပ်ချင်တဲ့လူများလာပြီလေ။ HRDP ဆိုပြီး ကာကွယ်မြှင့်တင်သူပေါ့။ ၂ဝဝ၅ ကျတော့ ကွန်ယက်ဆိုပြီး လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် ဆိုပြီး ထပ်ဖွဲ့တယ်။”

အခု ဦးမြင့်နိုင်က HRDP အနေနဲ့ပဲ ဆက်လုပ်မှာလား ဘာဆက်လုပ်မလဲ။

“လူတွေရှိနေတဲ့ ကာလပတ်လုံး လူ့အခွင့်အရေးတွေကို ဆက်လက်ဆောင်ရွက်သွားမယ်။ပါတီနိုင်ငံရေး ကတော့ မလုပ်ဘူးလို့လည်း မပြောသလို လုပ်မယ်လို့လည်း ကျနော်မပြောဘူး။ ကျနော်လောလောဆယ် ကျနော့်အနေနဲ့ HRDP အနေနဲ့ ရပ်တည်ထားတယ်။”