ကရင်နီဒုက္ခသည်စခန်းတွင်း ဖြစ်ပွားနေသော မျက်စိနာရောဂါကြောင့် တတိယနိုင်ငံသို့ သွား ရောက် အခြေချနေထိုင်မည့် ဒုက္ခသည် မိသားစု အချို့ ခရီးတဝက်မှ ပြန်လှည့်လာခဲ့ကြရသည်။
ဤကဲ့သို့ ခေတ္တရပ်ဆိုင်းခံရခြင်းမှာ မျက်စိနာရောဂါဖြစ်နေသော ဒုက္ခသည်မိသားစုများသည် အခြားသော ခရီးသည်များနှင့်အတူ လေယဉ်စီးရမည်ဖြစ်၍ အခြားခရီးသည်များအား မျက်စိရောဂါကူးစက်မည်ကို စိုးရိမ်ရသောကြောင့်ဖြစ်သည်ဟု ကရင်နီအမှတ်-၁ ဒုက္ခသည်စခန်းအခြေစိုက် နိုင်ငံတကာရွှေ့ပြောင်း နေထိုင် သူများရေးရာ IOM အဖွဲ့မှပြောပြချက်အရ သိရသည်။
“ဒီလိုနိုင်ငံရပ်ခြားကို သွားဖို့ဆိုတာ သွားနိုင်မသွားနိုင်ဆိုတာ ငါတို့ကံပဲပေါ့။ အဆိုးတွေနဲ့ ကြံုရင်လည်း ငါတို့ ကရင်နီလူမျိုးသားချင်းထဲမှာပဲ နေတော့မယ်။ ငါတို့အကောင်းနဲ့ ကြံုရင်လည်း ငါတို့ကရင်နီလူမျိုးသားချင်း ထဲမှာပဲ နေတော့မယ်။ စိတ်ကလည်း သိပ်ပြီးမသွားချင်တော့ဘူး” ဟု ကရင်နီအမှတ်-၁ ဒုက္ခသည်စခန်းမှ ထွက်ခွာပြီး မယ်ဟောင်ဆောင်မြို့တွင်၂ ညအိပ်ခဲ့ပြီး ပြန်ပို့ခြင်းခံရသော မိသားစုမှအိမ်ထောင်ဦးစီးတဦး ဖြစ်သည့် ခူးလိရယ်က ပြောသည်။
ခူးလိရယ်မိသားစုကဲ့သို့ မျက်စိနာရောဂါကြောင့် တတိယနိုင်ငံသို့သွားရန် ခေတ္တရပ်ဆိုင်းခြင်းခံထားရသော မိသားစုနှစ်စုရှိသည်ဟု သိရသည်။ မျက်စိနာရောဂါကြောင့် တတိယနိုင်ငံသို့သွားရန် ရပ်ဆိုင်းထားခြင်း ခံရသော မိသားစုများအား IOM မှ အနီးကပ်ပြုစုစောင့်ရှောက်သွားမှာဖြစ်ပြီး တတိယနိုင်ငံသို့သွားလာရေး အစီအစဉ်ကိုလည်း ရောဂါပျောက်ဆုံးသည်နှင့် အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးသွားမည်ဟု IOM မှဝန်ထမ်း တဦးက ပြောပါသည်။
၎င်းမျက်စိနာရောဂါသည် ရာသီအလိုက်ဖြစ်ပေါ်သော ရောဂါတမျိုးဖြစ်ပြီး ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားကာ တစ်နှစ်တစ်ခါဖြစ်ပွားလေ့ရှိကြောင်း သူ့အချိန်အခါရောက်လျှင် ဖြစ်ပွားတတ်ကြောင်း ဒီလိုဖြစ်တာဟာ သဘာဝသာဖြစ်ကြောင်း အကယ်၍မိမိတို့၌ ကိုယ်ခံအားရှိလျှင် သူ့အလိုလိုပြန်လည်ပျောက်ကင်းနိုင်ကြောင်း ကရင်နီကျန်းမာရေးဝန်ကြီး ခူးဒယ်နီယာက ပြောသည်။
အကယ်၍ စခန်းတွင်းရှိလူများ တကိုယ်ရေသန့်ရှင်းမှုကိုအမြဲပြုလုပ်နိုင်မည်၊ မိမိကိုယ်ကိုကာကွယ်နိုင်မည် ဆိုလျှင် ဤကဲ့သို့ ကျယ်ပြန့်စွာဖြစ်ပွားနိုင်စရာ အကြောင်းမရှိဟု ဆိုသည်။
ဤသို့မျက်စိရောဂါကျယ်ပြန့်စွာ ဖြစ်ပွားရခြင်းမှာ စခန်းတွင်းရှိလူများက ရောဂါကိုဂရုမစိုက်ခြင်း၊ မိမိကိုယ်ကို ကာကွယ်ရန်မသိတတ်ခြင်း၊ မိမိကိုယ်ကို ဆင်ဆင်ခြင်ခြင် မနေတတ်ခြင်းတို့ကြောင့် ဖြစ်သည်။
မျက်စိနာရောဂါ ကျယ်ပြန့်စွာဖြစ်ပွားနေသောကြောင့် ကျန်းမာရေးဌာနနေဖြင့် ရပ်ကွက်အလိုက်သွားရောက် ၍ ပညာပေးအစီအစဉ်များ ပြုလုပ်နေကြောင်း၊ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ရောဂါဖြစ်သည့် အတွက်ကုသ၍ မရကြောင်း ကူးစက်မှုမဖြစ်အောင် မိမိကိုယ်ကို သန့်ရှင်းအောင်သာ ပြုလုပ်ရမည်ဟုကရင်နီကျန်းမာရေး ဌာနက ဆိုသည်။
“ဒီရောဂါဟာ အန္တရာယ်သိပ်မရှိပါဘူး ဘာလို့လဲဆိုတော့ ဗိုင်းရပ်စ်ကြောင့်ပဲဖြစ်တာပေါ့ ဒါပေမယ့်အန္တရာယ် သိပ်မရှိပါဘူး… လို့လဲ.. ပြောလို့မရဘူး ဗိုင်းရပ်စ်ကြောင့်ပဲ ဖြစ်တယ်ဆိုပေမယ့် အကယ်၍သန့်ရှင်းမှုမလုပ် ဘူး ဂရုမစိုက်ဘူးဆိုရင်… အာ..ဘက်တီးရီးယားပိုးဆီကို ကူးစက်သွားနိုင်တယ် ဒီလိုလေ ကူးစက်မှု ကူးစက်ရောဂါ အခြားတစ်မျိုးကို ရောက်သွားပြီး အကြီးဖြစ်လာနိုင်တယ် ပြီးတော့မျက်စိပါကွယ်သွား နိုင်တယ်” ဟု ကရင်နီကျန်းမာရေးဌာနတာဝန်ခံ ခူးဒယ်နီယာက ပြောသည်။
ယခုလက်ရှိ ကရင်နီဒုက္ခသည် အမှတ် -၁ နှင့် ၂စခန်းမှ ဒုက္ခသည် ၁ သောင်းကျော် တတိယနိုင်ငံသို့ အခြေချနေထိုင်ခွင့်ရရှိနေပြီး ကျန် ၁ သောင်းကျော်မှာမူ ဒုက္ခသည်စခန်းများ၌ ဆက်လက်ခိုလှုံလျက်ရှိ နေပါသည်။