နေပြည်တော် စီမံကိန်းကုန်ကျမှု အစိုးရဘတ်ဂျက်တွင် မဖော်ပြ

နေပြည်တော် စီမံကိန်းကုန်ကျမှု အစိုးရဘတ်ဂျက်တွင် မဖော်ပြ
by -
မျိုးသန့်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ယခုနှစ် ဇူလိုင်လမှစ၍ တည်ဆောက်ရေး လုပ်ငန်းများ ရပ်နားထားရသည့် နေပြည်တော် အထူးခရိုင် တည်ဆောက်ရေး လုပ်ငန်း များအတွက် ကုန်ကျငွေသည် အစိုးရ၏ ဘဏ္ဍာငွေစာရင်းတွင် မပါဝင်ဟုနေပြည်တော်တွင် အင်္ဂါနေ့က ပြုလုပ်သည့် ဘဏ္ဍာရေးဆိုင်ရာဆွေး နွေး ပွဲတွင် အဆင့်မြင့်ပညာ ဦးစီးဌာနဘဏ္ဍာရေး မှူးချုပ် (ငြိမ်း) ဦးကြည်ယုံမှ ပြောကြားသွားသည်ဟု ဆွေးနွေးပွဲတက် လွှတ်တော် အမတ်များကဆို သည်။

ဘဏ္ဍာရေး အခွန်ဝန်ကြီးဌာနမှ ရေးဆွဲထားသည့် ၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေး နှစ်အတွက် အစိုးရတရပ်၏ ဘဏ္ဍာရေး လည်ပတ်မှု ပုံစံကို ဦးကြည်ယုံမှ လွှတ်တော်အမတ်များကို ရှင်းလင်း တင်ပြရာတွင် ဗဟို အစိုးရ၏ ငွေလုံး ငွေရင်း အသုံးစရိတ်များ ခေါင်းစဉ်အောက်တွင် လုပ်ငန်း ဆောင်ရွက်ခြင်း အသုံးစရိတ်၊ ဆောက်ရွက်ဆဲ စီမံကိန်းများ အသုံးစရိတ်၊ စီမံကိန်း အသစ်များ အသုံးစရိတ်တို့ ပါရှိသည်။

သို့သော် မှတ်ချက်အနေဖြင့် နေပြည်တော် တည်ဆောက်ရေး စီမံကိန်းများသည် ပြည်ထောင်စု အစိုးရ၏ ဘဏ္ဍာရေး စာရင်းတွင် မပါဝင်ဝင်ဟု ဦးကြည်ယုံ၏ ကွန်ပျူတာ ပါဝါပွိုင့်ဖြင့် ရှင်းပြသည့် ရှင်းလင်းချက်တွင် ပါရှိသည်ဟု လွှတ်တော် အမတ်များက ဆိုသည်။

နေပြည်တော် စီမံကိန်း တည်ဆောက်မှုနှင့် ပတ်သက်၍ ဦးကြည်ယုံမှ နှုတ်ဖြင့် ဆက်လက် ရှင်းပြရာတွင် “ပါးစပ်နဲ့က ဘယ်လိုပြောသွားလဲ ဆိုတော့ သူ့ဟာသူ ရပ်တည်တယ်လို့ ပြောသွားတယ်။” ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ လွှတ်တော်အမတ် ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။

စီမံကိန်းနှင့် ပတ်သက်၍ တည်ဆောက်မှု ကုန်ကျစရိတ်၊ မည်သည့် ဝန်ကြီးဌာနမှ ဘဏ္ဍာငွေ ထုတ်ပေး သည် စသည် တို့ကို မေးမြန်းမည့်သူ မရှိဟု သိရသည်။ အကြောင်းမှာ အစိုးရ၏ ဘဏ္ဍာရေးစနစ်လည် ပတ်မှုကို လာရောက် ရှင်းလင်းသူမှာ အစိုးရ အဖွဲ့ဝင် မဟုတ်ခြင်းကြောင့်ဟု လွှတ်တော်အမတ်များက ဆိုသည်။

“မေးမယ့်သူ ရှိပါသေးလား ခင်ဗျာဆိုတော့ ဘယ်သူမှလည်း မရှိဘူး။ ဖြေမယ့်လူကလည်း အငြိမ်းစား၊ မေးလည်း အဖြေရမှာ မဟုတ်ဘူး။” ဟု ဦးခိုင်မောင်ရည်က ဆိုသည်။

၂ဝဝ၅ ခုနှစ် နိုဝင်ဘာလတွင် အစိုးရဟောင်းမှ မန္တလေးတိုင်း အတွင်းရှိ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့ နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ် တို့ကို နေပြည်တော် အထူးခရိုင်များ အဖြစ် သတ်မှတ်ကာမြန်မာနိုင်ငံ၏ မြို့တော်အဖြစ် ပြောင်းလဲခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၅ ခုနှစ်မှ စတင်ခဲ့သည့် အဆိုပါ တည်ဆောက်ရေး လုပ်ငန်းများသည် ယခုနှစ်ဇူလိုင်လ အတွင်းမှ စတင်ကာ ရပ်နား ထားရသည်။

ဦးကြည်ယုံ ရှင်းလင်းတင်ပြသည့် အစိုးရ၏ သာမန်အသုံးစရိတ်တွင် ထုတ်လုပ်မှုအသုံးစရိတ်၊ စီမံခန့်ခွဲမှု အသုံးစရိတ်၊ရောင်းချ ဖြန့်ဖြူးမှုအသုံးစရိတ်၊ သုတေသနပြုခြင်း အသုံးစရိတ်၊ ပြည်ပတင်ပို့မှု အသုံးစရိတ်၊ ထောက်ပံ့ငွေများ အသုံးစရိတ်တို့ ပါဝင်သည်ဟုလည်း လွှတ်တော်အမတ်များကပြောသည်။

လွှတ်တော်အမတ်များမှ အစိုးရ၏ ဘဏ္ဍာရေး အသုံးစရိတ်များကို လာမည့် လွှတ်တော်များ အတွင်း ဆွေးနွေး နိုင်ရန် ရည်ရွယ်သည့် ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲများကို စီးပွားရေး တက္ကသိုလ်များမှအငြိမ်း စား ပါမောက္ခများကနေပြည်တော် လွှတ်တော် အဆောက်အအုံ၊ သဘင်ခန်းမဆောင်တွင် သောကြာနေ့ အထိ ရှင်းလင်း ဟောပြောမည်ဖြစ်သည်။

အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ဆွေးနွေးပွဲများကို အင်္ဂါနေ့မှ သောကြာနေ့အထိ နံနက် ၁ဝ နာရီမှနေ့လည် ၁၂ နာရီအထိသာ ကျင်းပမည်ဖြစ်ပြီး မွန်းလွဲ တနာရီမှ ညနေ ငါးနာရီအထိ အဆိုပါ ဘဏ္ဍာရေးဆိုင်ရာဆွေးနွေးပွဲများသို့ လွှတ်တော်အမတ်များ တက်ရောက်ရမည် ဖြစ်သည်။