နယူးဒေလီ (မဇ္ဈိမ) ။ ။ အိန္ဒိယ ဆန့်ကျင်ရေး သူပုန်များ တည်နေရာအား ဂြိုလ်တုမြေပုံ ပေးပါက တိုက်ပေးနိုင် မည်ဖြစ်ကြောင်း မြန်မာဘက်ကပြော ကြားလိုက်သကဲ့သို့ အိန္ဒိယဘက်မှလည်း ကချင် လွတ်မြောက်ရေးတပ် KIA နှင့် အဆက်အဆံ မရှိကြောင်း ပြောဆိုခဲ့သည်။
နှစ်နိုင်ငံ ဆက်ဆံရေး အရှိန်အဟုန် တိုးမြှင့်ရန် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့် ဝန်ကြီး ၁၃ ဦးပါ ကိုယ်စား လှယ် အဖွဲ့ လေးရက်ကြာ လာရောက်စဉ် မြန်မာ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒု-ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် အိန္ဒိယ အမျိုးသား လုံခြံုရေး အကြံပေး အရာရှိ Shiv Shanker Menon တို့ နယူးဒေလီမြို့၌ တွေ့ဆုံ ပြောဆိုခဲ့ကြခြင်း ဖြစ် ကြောင်း တနင်္ဂနွေနေ့ထုတ် Hindustan Times သတင်းစာကြီးတွင်ရေးသား ထားသည်။
စနေနေ့က အဆုံးသတ်ခဲ့သော ဦးသိန်းစိန် ခရီးစဉ်အတွင်း အဓိက ဆွေးနွေးခဲ့သည့် အကြောင်းအရာ တခုဖြစ်သည့်နှစ်နိုင်ငံ နယ်စပ် လုံခြံုရေး ကိစ္စတွင် အပြန်အလှန် စွပ်စွဲချက်များအား အသီးသီးတုန့်ပြန် လိုက်ကြခြင်းလည်း ဖြစ်သည်။
KIA တပ်များသို့ နယူးဒေလီ အစိုးရမှ ရဟတ်ယာဉ်များဖြင့် ရိက္ခာများ ချပေးခဲ့သည် ဟူသော စွပ်စွဲချက်နှင့် အိန္ဒိယ ပိုင် Tirap-Changlang ဒေသတွင်း KIA တပ်များ တပ်စွဲထားသည် ဟူသော မြန်မာဘက်မှစွပ်စွဲချက် ကို အိန္ဒိယ ဘက်မှ ငြင်းဆို လိုက်သည်။
အောက်တိုဘာလအတွင်း အိန္ဒိယ Naxelite နှင့် PLA သူပုန်များက မြန်မာ့ မြေပိုင်နက်အတွင်း စစ်သင်တန်း စခန်း များ ဖွင့်လှစ်ရန် စီစဉ်ထားရှိပြီး ဖြစ်ကြောင်း မြေပုံများနှင့်တကွ အိန္ဒိယ အထူးရဲတပ်ဖွဲ့က မကြာမီက ဖော်ထုတ် သိရှိ ခဲ့သည်။
မြန်မာဘက်မှ အဆိုပါ သူပုန်များအပေါ် အရေးယူ ဆောင်ရွက်မှုများ ရှိပါကြောင်း အိန္ဒိယဘက်မှ ယုံကြည် လက်ခံ လာရန် ကြိုးစားသော်လည်း အိန္ဒိယဘက်မှမူ အခိုင်အမာ သက်သေပြစေလိုသည်။
သို့သော် မြန်မာနိုင်ငံတွင် ဆည်မြောင်း လုပ်ငန်းများ အပါအဝင် စီမံကိန်း လုပ်ငန်းများစွာ အကောင်အထည် ဖော်နိုင် ရန်အတွက် နယူးဒေလီက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ချေးယူခွင့် ပြုလိုက်သည်။
စက်တင်္ဘာ လဆန်းပိုင်းက မြန်မာတပ် စစ်ဆင်ရေး တခုအတွင်း အိန္ဒိယ အာသံသူပုန် ULFA စစ်ဦးစီးချုပ် Paresh Buruah သေနတ် ဒဏ်ရာ ရရှိသွားကြောင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက အတည်ပြုပြောဆို ခဲ့သည်။
သို့သော် အိန္ဒိယ လုံခြံုရေး သတင်းရပ်ကွက်ကမူ မြန်မာစစ်တပ် အနေဖြင့် အိန္ဒိယ သူပုန်များနှင့် စည်းဝါးရိုက် ပူးပေါင်း ကြံစည်မှုများ ရှိနေနိုင်သည်ဟု သံသယရှိနေကြသည်။ မြန်မာတပ် စစ်ဆင်ရေးများ မဝင်နိုင်မီ တရက်
အလိုတိုင်း အိန္ဒိယသူပုန်များက ရှောင်တိမ်းသွားနိုင်ကာ ဗလာ စခန်းများအား ပစ်ခတ်နေလေ့ ရှိသည်ဟုဆို သည်။
နှစ်နိုင်ငံ လေးလပါတ် အစည်းအဝေးများ မကျင်းမမီ မြန်မာဘက်မှ လုပ်ကြံ စစ်ဆင်ရေးများ ခင်းပြလေ့ရှိ ကြောင်း လည်း အဆိုပါ စစ်ဘက်သတင်းရပ်ကွက်က ဆိုသည်။
အိန္ဒိယ အစိုးရ အဆိုအရ မြန်မာပိုင် ဒကာ Taga ဒေသတွင် အိန္ဒိယ အရှေ့မြောက် သူပုန်များဖြစ်ကြသည့် NSCN (K) , PLA နှင့် ULFA စခန်းများ ကီလိုမီတာ ၂၀-၃၀ ကျော် တည်ရှိနေပြီး PLA နှင့် UNLF တို့မဏိပူရ ပြည်နယ် မိုးရေးနယ်စပ်တွင် တောင်မြောက် တပ်စွဲထားသည်ဟု ဆိုသည်။
နှစ်နိုင်ငံ တာဝန်ကျ တပ်မှူးများ လစဉ် တွေ့ဆုံလေ့ရှိပြီး တပ်ရင်း တပ်မမှူးများကလည်း သုံးလတကြိမ်တွေ့ ဆုံလေ့ ရှိကာ ပြည်ထဲရေးဝန်ကြီးဌာန အရာရှိများကလည်း ခြောက်လတကြိမ် တွေ့ဆုံလေ့ ရှိကြသည်။
အိန္ဒိယအနေနှင့် နယ်စပ်တလျှောက် တပ်မတော်ချင်း ဆက်သွယ်ရေးများ တိုးမြှင့်စေလိုပြီး နှစ်နိုင်ငံတပ်မကြီး မှူးများ နှစ်နှစ်တကြိမ် တွေ့ဆုံလိုကြောင်း တင်ပြခဲ့သည်။
နှစ်ဖက် နယ်စပ် တလျှောက် ထိရောက်သော ပူးတွဲစစ်ဆင်ရေးများ မြှင့်တင်ရန်အတွက် ယမန်နှစ်က နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လာရောက်ခဲ့စဉ်က ရရှိခဲ့သည့် သဘောတူချက်များ အပေါ်တွင် အခြေခံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။