အပြောင်းအလဲ ဖြစ်နေတာ မဟုတ်ဘူး ( ဦးအေးသာအောင်နဲ့ အင်တာဗျူး)

အပြောင်းအလဲ ဖြစ်နေတာ မဟုတ်ဘူး ( ဦးအေးသာအောင်နဲ့ အင်တာဗျူး)
by -
နိရဥ္စရာ သတင်းဌာန

၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲမှာ မြန်မာနိုင်ငံမှာ တတိ ယ အမတ်အများ ဆုံးအနိုင်ရခဲ့တဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟို ခေါင်းဆောင်တွေရဲ့ မျက်နာစုံညီ အစည်းအဝေးနဲ့ ၂၃ နှစ်မြောက် နှစ်ပတ်လည် နေ့တွေကို အောက်တိုဘာလ ၁၀ ရက်နေ့ကနေပြီး ၁၂ ရက်နေ့အထိ ရန်ကုန်မြို့မှာ ကျင်းပ ခဲ့ပါတယ်။

အောက်တိ်ုဘာလ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပါတီ ဗဟိုခေါင်းဆောင်တွေရဲ့ မျက်နာ စုံညီ အစည်းအဝေးကို ပါတီ ခေါင်းဆောင်တွေ၊ ရခိုင်ပြည်နယ်က ALD မြို့နယ် ဥက္ကဌတွေ၊ ၁၉၉၀ ရွှေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီ အစည်းအဝေး အပီးမှာ နိရဥ္စရာက အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်ကို တယ်လီဖုန်း ကတဆင့် ပါတီရဲ့ ပေါ်လစီ၊ ရပ်တည်ရေးပိုင်းနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို မေးမြန်းခွင့် ရခဲ့ပါတယ်။ ဦးအေးသာအောင်ကို ပါတီ နောက်ဆုံး လူပ်ရှား ဆောင်ရွက်မူ အခြေအနေတွေကို စမေးမြန်းတဲ့အခါ သူက အခုလို ပြောပါ တယ်။

ဦးအေးသာအောင်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ ဒီနှစ်မှာတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က နှစ်ပတ်လည် နေ့ကို ကျင်းပတာက အောက်တိုဘာ ၁၂ ရက်နေ့က ဖြစ်ပါတယ်။ အောက်တိုလဘာ ၁၀ ရက်နဲ့ ၁၁ ရက် နေ့မှာတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က CEC နောက်ပြီး ရခိုင်ပြည်နယ်က မြို့နယ် ဥက္ကဌ၊ အတွင်းရေးမှူး တွေရယ်။ ပြီးတော့ ၁၉၉၀ ပြည့်ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စား လှယ်တွေ တက်ရောက်ပြီး လက်ရှိ နိုင်ငံရေး အခြေအနေကို ဆွေးနွေး သုံးသပ်ကြပါတယ်။ အဓိက သုံးသပ်တာက သမ္မတ ဦးသိန်းစိန်နဲ့ဒေါ်အောင်ဆန်းစု ကြည် တွေ့ဆုံပွဲကို အခြေခံပြီး ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကနေ ကောင်းတာတွေ ထွက်လာ မယ်လို့ မျော်လင့် ပါတယ်။ ဆွေးနွေးပွဲမှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာဖို့၊ ၉၀ ရွေး ကောက်ပွဲ ရလာဒ်ကိုလည်း တစုံတရာ အသိမှတ်ပြုဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်သွားဖို့ စတဲ့ အခြေအနေတွေကို ကြားရတဲ့အတွက် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရှေ့ကို သွားဖို့ မျှော်မှန်းချက် ရပ်တည်ချက်တွေကိုအဓိက ထားပြီး ဆွေးနွေး ကြပါတယ်။

နိရဥ္စရာ။ အခု လက်ရှိ အနေအထားမှာ ALD ကိုလည်း အစိုးရက ဖျက်သိမ်းထားပါတယ်။ တကယ်လို့ လက်ရှိ နိုင်ငံရေး အခင်းအကျင်းမှာ ပါ၀င်မယ်ဆိုရင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို အခြေခံပြီး တရားဝင် ရပ်တည်လူပ်ရှား ဖို့ အတွွက် ပါတီ မှတ်ပုံတင်ရမယ်။ အဲဒီတော့ ALD အနေနဲ့ နောက်ထပ် ပါတီ တရပ်အနေ ရပ်တည် ဖို့ မှတ်ပုံတင်ဖို့ အစီအစဉ်ရှိပါသလား။

ဦးအေးသာအောင်။ အဓိကတော့ ၉၀ ရွေးကောက်ပွဲမှာ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က တတိယ အများဆုံး အနိုင်ရ ထားပေမဲ့ ဖျက်သိမ်းခံထားရတဲ့ ပါတီတရပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်သူတွေက ပေးထားတဲ့ တာဝန်ကို ဆက်လက်ထမ်းဆောင်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အညီ အခု အခြေအနေမှာတောင် မဟုတ်ဘူး။ အရင်က အခြေအေနမှာလည်း တာဝန် ၀တ္တရားတွေကို မပျက်မကွက် ဆောင်ရွက်လာတာ ဖြစ်တယ်။ ရှေ့ကိုုလည်း လိုအပ်ရင် လိုအပ် သလို မပျက်မကွက် ဆောင်ရွက်သွားမဲ့ အစီအစဉ်တွေရှိပါတယ်။

နိရဥ္စရာ။ အခုလက်ရှိ အနေအထားမှာ ဦးသိန်းစိန် အစိုးရနဲ့ ALD ဆွေးနွေးဖို့ အစီအစဉ် ရှိပါလား။

ဦးအေးသာအောင်။ ALD နဲ့ဦးသိန်းစိန်အစိုးရနဲ့ဆွေးနွေးဖိုးတော့ မရှိဘူး။ ဒါပေမဲ့ CRPP ဆိုတာက ALD အပါအဝင် တခြား ပါတီတွေနဲ့ပါ ပူးပေါင်းဖွဲ့စည်းထားတဲ့ အတွက် ဆွေးနွေးပွဲ ဖြစ်လာလို့ ရှိရင်လည်း ဒီဆွေးနွေးပွဲနဲ့ပတ်သတ်ပြီး CRPP ကသာ တဆင့် အားလုံးပူးပေါင်း ဆွေးနွေးသွားမဲ့ အစီအစဉ် ရှိပါတယ်။

နိရဥ္စရာ။ အခု သတင်းထွက်လာတာ ကျွန်တော်တို့ ကြားရသိရသလောက်ပေါ့လေ။ ALD အနေနဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံကို နည်းနည်း ပြင်ပေးမယ် ဆိုရင် ပါတီ အနေနဲ့ မှတ်ပုံတင်ပြီး နောက်လာမဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မယ် လို့ကြားရတယ်။ ဒါက မှန်ပါသလား။

ဦးအေးသာအောင်။ ရွေးကောက်ပွဲထက် အဓိကတော့ ပြောင်းလဲ တိုးတက် လာတဲ့ အခြေအနေ အပေါ်မှာမူတည်ပြီး မှတ်ပုံတင်သင့်ရင်လည်း တင်ဖို့တော့ သဘောထားရှိပါတယ်။

နိရဥ္စရာ။ ၁၉၉၀ခု ရွေးကောက်ပွဲမှာ ALD ကို ရခိုင်ပြည်သူတွေက တခဲနက် ထောက်ခံ အားပေးခဲ့တယ်။ လူထု ထောက်ခံမူက အဲသလို အဆင့်မျိုး ရှိနေတုန်းဘဲလား။ ၁၉၉၀ ခု ရွေးကောက်ပွဲ ပီးတဲ့ နောက်ပိုင်းမှာ လူထုနဲ့ ထောက်ခံ ပါ၀င်မူ အားက ဘယ်အတိုင်းအတာထိ ရှိသေးသလဲဆိုတာ နည်းနည်း ရှင်းပြပေးစေချင် ပါတယ်။

ဦးအေးသာအောင်။ အဓိကတော့ ALD နိုင်ငံရေးလှုပ်ရှားမှုတွေကို ရန်ကုန်ကို ဗဟိုပြုပြီးလုပ်ရပါတယ်။ ဖမ်းဆီးမှုတွေ ဟန့်တားမှု တွေ အများကြီး ရှိတဲ့ အကြားက တိုင်းပြည် အတွက် ပြည်သူတွေတဲ့ ပူးပေါင်းပြီး လှုပ်ရှားခဲ့တာတွေ အများကြီး ရှိပါတယ်။ လူပ်ရှားမှုတိုင်းမှာ လူထု ပါ၀င်မူက အားနည်း နေပါတယ်။ ဒါပေမယ့် ရှေ့ဆက် ပြီးတော့ ပြည်သူလူထု တွေနဲ့ပါ လက်တွဲပြီး စည်းရုံးရေး လုပ်ငန်းတွေကို လုပ်ဆောင်သွားဖို့ ဆုံးဖြတ် ထားပါတယ်။

နိရဥ္စရာ။ ဒီကနေ့ ဖြစ်ပေါ်နေတဲ့ မြန်မာ နိုင်ငံရေး အခင်းအကျင်းကိုကော ဘယ်လို မြင်ပါသလဲ။ ပြောပြပေးပါ။

ဦးအေးသာအောင်။ ဒီနေ့ နိုင်ငံရေးအခြေအနေကို သုံးသပ်ရရင် ကျွန်တော့်အနေနဲ့ အပြောင်းအလဲ ဖြစ်နေ ပြီလို့တော့ မမြင်ပါ။ ဒါပေမဲ့ နိုင်ငံရေး အလှည့် အကွေ့ တခုကို ရောက်နေတယ်လို့သာ ပြောချင်ပါတယ်။ အဲဒီ အလှည့် အကွေ့ဟာ မှန်မှန်ကန်ကန် လှည့်ဖို့၊ ကွေ့ဖို့တော့ လိုပါတယ်။ အဲဒီ အလှည့်အကွေ့ဟာ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်း စုကြည့်မှာသာ တာဝန်ရှိတာ မဟုတ်ဘဲ ALD, NLD အပါအဝင် နိုင်ငံရေး ပါတီ အဖွဲ့အစည်းတွေမှာလည်း တာဝန်ရှိ သလို တိုင်းရင်းသား ပြည်သူ အားလုံးမှာလည်း တာဝန်ရှိပါတယ်။ ဒါကြောင့် ဦးသိန်းစိန်နဲ့ဒေါ်အောင်ဆန်းစုကြည့်တို့ ဆွေးနွေးလို့ အပေးအယူ လုပ်လို့ တိုး တက်လာတဲ့ အပေါ်မှာ အားလုံး ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုမယ်လို့ ထင်ပါတယ်။ ALD အနေနဲ့လည်း ရခိုင်ပြည်သူတွေ အကျိုး တိုင်းပြည် အကျိုး အတွက်ဆိုရင် မည်သည့် ပါတီ မည်သည့် အဖွဲ့ မည်သည့် ပုဂ္ဂိုလ်နဲ့ မဆိုအားလုံး နဲ့ ပူးပေါင်း ဆောင်ရွက် သွားမယ့် သဘောထား ရှိပါတယ်။

Most read this week