မလေးရှားတွင် တိုင်းရင်းသား ပေါင်းစုံ လက်တွဲ၍ ရွှေဂတ်စ် ရပ်တန့်ရေး ဆန္ဒပြ

မလေးရှားတွင် တိုင်းရင်းသား ပေါင်းစုံ လက်တွဲ၍ ရွှေဂတ်စ် ရပ်တန့်ရေး ဆန္ဒပြ
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ်တွင် အကောင်အထည် ဖေါ်နေ သော ရွှေဂတ်စ် သဘာဝ ဓါတ်ငွေ့ စီမံကိန်းကို ရပ်တန့်ရန် တိုင်းရင်းသားပေါင်းစုံ ပါ၀င်သော မြန်မာနိုင်ငံသား ၂၅၀ ခန့်က မလေးရှားရှိ မြန်မာ သံရုံးရှေ့တွင် ယနေ့ (အောက်တိုဘာလ ၁၃ ရက်နေ့) တွင် သွားရောက် ဆန္ဒပြခဲ့ကြ ကြောင်း သတင်း ရရှိသည်။

Arakanese-in-Malaysia-demonstration-for-Arakan-Shwe-Gas
ဆန္ဒပြပွဲကို နံနက် ၁၀ နာရီက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရခိုင်အမျိုးသားများသာမ တိုင်းရင်းသားပေါင်းစုံက လက်တွဲပါ၀င်ကာ ဆန္ဒပြခဲ့ကြသည်ဟု ဦးဆောင်သူ တစ်ဦးဖြစ်သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ- မလေးရှားဌာနခွဲ)မှ အတွင်းရေးမှူးကို မျိုးခိုင်ကပြော သည်။

" တိုင်းရင်းပေါင်းစုံ ပါ၀င်တယ်။ အကုန်လုံး လက်တွဲပြီး ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကို ရပ်တန့်ဖို့ တောင်းဆို ဆန္ဒပြကြတာ ဖြစ်ပါတယ်။ ခန့်မှန်းချေအားဖြင့် လူပေါင်း ၂၅၀ ကျော်ပါ၀င်ပါတယ်။ ဒီရွှေဂတ်စ် စီမံကိန်းကို အဓိက ရပ်တန့်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်" ဟု ပြောသည်။

ဆန္ဒပြပွဲ အခမ်းအနားအား ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ- မလေးဌာနခွဲ)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (မလေးရှာ ဌာနခွဲ)၊ ရခိုုင် ဒုက္ခသည်များ ကူညီ ထောက်ပံ့ရေး ကော်မီတီ၊ မြန်မာနိုင်ငံ လူမျိုး ပေါင်းစုံ ညွှန့်ပေါင်း အဖွဲ့ ( COBEM) တိုမှ ဦးစီးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ- မလေးဌာနခွဲ)မှလည်း ပူးပေါင်း ပါ၀င်ခဲ့သည်။

"အဓိက ကျနော်တို့ တောင်းတာက ရခိုင်က ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကို ရပ်တန့်ဖို့တောင်းဆိုတယ်။ နောက်တစ်ခု နိုင်ငံရေး အကျဉ်းသား အားလုံးကို ချွင်းချက်မရှိ ပြန်လည် လွှတ်ပေးဖို့ တောင်းဆိုတယ်။ နောက်တစ်ခု လူ့အခွင့်အရေး ချိုးဖေါက်နေမူတွေကို ရပ်တန့်ရန်နဲ့ မတရား လုပ်အားပေးစေခိုင်းနေတာကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်" ဟု ကိုမျိုးခိုင်က ဆက်ပြောသည်။

ဆန္ဒပြပွဲသို့ မလေးများ အနီးကပ် စောင့်ကြည်ေ့နသော်လည်း တစ်စုံတရာ ဟန့်တားခဲ့ခြင်း မရှိသဖြင့် နံနက် ၁၀ နာရီမှ စတင်ခဲ့သော ဆန္ဒပြပွဲကို နံနက် ၁၁ နာရီထိ ပြုလုပ်ခဲ့ကြသည်ဟု သူက ပြောသည်။

မြန်မာ အစိုးရသည် နိုင်ငံခြား ကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်နေသော ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းမှ ဓါတ်ငွေကများကို ယခုအခါ တူးဖေါ်နေသည်။ အဆို စီမံကိန်းမှ ရရှိသော ဓါတ်ငွေ့များကို တရုတ်နိုင်ငံသို့ ပိုက်လုံးများ သွယ်တန်းက ရောင်းချရန် တရုတ် အစိုးရနှင့် သဘောတူထားပြီ ဖြစ်သည်။

"မြန်မာ ပြည််သူ တရပ်လုံးက ၀ိုင်းဝန်း ကန့်ကွက်တဲ့ အတွက် တရုတ်နဲ့ ပူးပေါင်း တည်ဆောက်ဖို့ စီစဉ်နေတဲ့ မြစ်ဆုံရေကာ စီမံကိန်းရပ်တန့်သွားပြီးတဲ့ နောက်ပိုင်းမှာ ဒီ ရခိုင်က ရွှေဂတ်စ် စီမံကိန်းကိုလည်း ရပ်တန့် သွားအောင် ကျနော်တို့က ပထမ ဆုံးအနေနဲ့ ဆန္ဒပြပွဲကို စီစဉ်တာ ဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲကနေ မြန်မာပြည်သူ တရပ်လုံး ပါ၀င်တဲ့ ဆန္ဒပြ တောင်းဆိုမူတွေ နိုင်ငံတကာထိ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာအောင် ကျနော်တို့က မျှော်လင့်ထားပါတယ်။ ဒီလို အတိုင်းအတာထိ ဖြစ်လာအောင်လည်း ကျနော်တို့က ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ကိုမျိုးခိုင်က ပြောကြားသွားသည်။

အဆိုပါ စီမံကိန်းမှ ထွက်ရှိသော သဘာဝ ဓါတ်ငွေ့အား တရုတ်နိုင်ငံသို့ ရောင်းစားထားသဖြင့် မြန်မာ အစိုးရမှာ နှစ်ပေါင်းသုံးဆယ် အတွင်း အမေရိကန် ဒေါ်လာ ဘီလီယံ ၂၉၀၀ ကျော် ရရှိမည်ဟု ခန့်မှန်း ပြောဆိုထားသည်။ ၎င်းပြင် အရှေ့အလယ်ပိုင်း နိုင်ငံများနှင့် အာဖရိကတိုက် မှ သင်္ဘောများဖြင့် တင်ပို့သော ရေနံစိမ်းများကိုလည်း ကျောက်ဖြူ ရေနံတင် ဆိပ်ကမ်းမှ တဆင့် ပိုက်လိုင်းများဖြင့် တရုတ်ကို တင်ပို့မည် ဖြစ်ရာ မြန်မာ အစိုးရမှာ နောက်ထပ် ဘီလီယံ ဆယ်နှင့် ချီပြီ အကျိုး အမြတ် ရရှိမည် ဖြစ်သည်။

ရခိုင်မှ ထွက်ရှိလာမည့် သဘာဝဓါတ်ငွေ့အား မြန်မာ အစိုးရမှ ရခိုင်ပြည်နယ် တိုးတက်ရာ တိုးတက် ကြောင်း အတွက် တစုံတရာ သုံးစွဲရန် အစီအစဉ် မရှိသည့် အပြင် ရရှိလာသော နိုင်ငံခြား ၀င်ငွေများမှလည်း တချို့တဝက်ကို ရခိုင်ပြည်နယ် အတွက် ခွဲဝေပေးရန် သဘောထား မရှိကြောင်း ထွက်ပေါ်လာသော လတ်တလော သတင်းများ အရ သိရသည်။

တရုတ်ကို ရောင်းချရန် တူးဖေါ်နေသော သဘာဝ ဓါတ်ငွေ့များ အတွက် ရခိုင်ပြည်သူများမှာ တစုံတရာ အကျိုးခံစားခွင့်မရသည့် အပြင် လယ်မြေများ အသိမ်းခံရခြင်း၊ နေအိမ်များ ပြောင်းရွှေ့ခံရခြင်း၊ မတရား လုပ်အားပေး စေခိုင်းခြင်း စသည့် လူ့အခွင့်အရေး ချိုးဖေါက်မူများကို ခံစားနေကြရသဖြင့် ရခိုင်ပြည်သူများ အကြားတွင် အဆိုပါ စီမံကိန်း အပေါ် အထူး မကျေနပ်မူ တိုးပွားနေပြီ ရွှေဂတ်စ် စီမံကိန်းကို ရပ်တန့်ရန် အထူး လိုလားနေကြသည်။

ယခု မလေးရှား မြန်မာ သံရုံးရှေ့တွင် မြန်မာ တိုင်းရင်းသား လူမျိုး ပေါင်းစုံ ၂၅၀ ကျော်ခန့်က ရွှေသဘာဝ ဓါတ်ငွေ့ ရပ်တန့်ရန် ဆန္ဒပြမူမှာ ရခိုင်အမျိုးသားများ၏ မကျေနပ်မူကို တစိတ်တဒေသ ရောင်ပြန် ဟပ်နေသော လုပ်ရပ် ဖြစ်ကြောင်း ပြည်တွင်း ပြည်ပ လေ့လာ သုံးသပ်သူများက ဝေဖန် သုံးသပ်လျှက် ရှိကြသည်။

Most read this week