မိုးဗြဲရေကာတာအကြောင်း မီဒီယာများသို့မရောက်စေရန် ပိတ်ပင်မှုများပြုလုပ်နေ

မိုးဗြဲရေကာတာအကြောင်း မီဒီယာများသို့မရောက်စေရန် ပိတ်ပင်မှုများပြုလုပ်နေ
by -
ဖဲမော့

ကရင်နီပြည်နယ် လွိုင်ကော်မြို့၏ အပေါ်ဘက် ရှမ်းပြည်နယ်အတွင်းတွင် တည်ရှိသော မိုးဗြဲရေ ကာတာအကြောင်း သတင်းမီဒီယာများသို့မရောက် စေရန် ဓါတ်ပုံနှင့်ဗီဒီယို မှတ်တမ်းသွားရောက်ကူး ခွင့်မပြုဘဲ လုံခြံုရေးတင်းတင်း ကျပ်ကျပ်ချထား သည်ဟု သိရသည်။

moe_bhye
အာဏာပိုင်များမှ မိုးဗြဲဆည်ရေဖောက်ချမှုများ ပြုလုပ်နေသဖြင့် လွိုင်ကော်မြို့မှာမူ ရေအောက်သို့ရောက်ရှိနေပြီး ဒေသခံထောင်နှင့်ချီ၍ ရေဘေးဒုက္ခနှင့်ရင်ဆိုင်နေကြရပါသည်။

မိုးဗြဲဆည်အားတည်ဆောက်ခဲ့၍ ဆည်အနီးနားတွင် နေထိုင်လျက်ရှိသော ဒေသခံပြည်သူလူထုများ၏ အိုးအိမ်စည်းစိမ်များနှင့် သာဘာဝ ပတ်ဝန်းကျင်များစွာ ပျက်စီးဆုံးရှုံးမှုတို့၏ ပုံရိပ်များကို ဒေသခံပြည်သူများ တွေ့မြင်မည်ကို စိုးရိမ်၍ ယခုလို ပိတ်ပင်မှုများပြုခြင်းဖြစ်နိုင်ကြောင်း ကရင်နီဖွံ့ဖြိုးတိုးတက်ရေး သုတေသနအစုအဖွဲ့ KDRG က ဆိုပါသည်။

ဓါတ်ပုံရိုက်ခွင့်ပိတ်ပင်ထားတဲ့ မိုးဗြဲရေကာတာ (ဓါတ်ပုံ-ကယားလီဖု)

ယခုလက်ရှိ မိုးဗြဲဆည်တဝိုက် စစ်တပ်၊ ရဲနှင့် ဆည်ဝန်ထမ်းများက အတင်းအကျပ်ချထားသည်ဟု ဆိုသည်။

ရေကာတာတည်ဆောက်ခြင်း၏ ဆိုးကျိုးကို မီဒီယာများမှတဆင့် ဒေသခံလူထုများ သိမြင်သွားလျှင် နောင်ဆောက်မည့်ရေကာတာများအတွက် အဟန့်အတားများ ပြုလုပ်လာနိုင်၍ ထိုကဲ့သို့ ဖုံးဖိထားရခြင်းဖြစ်သည်ဟု KDRG တာဝန်ခံဆရာတော်ရယ်က ပြောပါသည်။

“မိုးဗြဲကန်ဆည်ရေဖောက်ချတာတောင် လွိုင်ကော်မြို့မှာရှိတဲ့ ကျေးရွာအချို့ နေအိမ်များရေမြုပ်ခံရရင်မိုးဗြဲရေကာတာ ပြိုကျရင်တော့ ရေတွေအရှိန်အဟုန်နဲ့ ကြီးမားစွာစီးဆင်းလာပြီးတော့ လွိုင်ကော်မြို့တစ်မြို့လုံးက မလွဲမသွေ ရေထဲပါသွားနိုင်တယ်” ဟု ဆရာတော်ရယ်က ဆက်ပြောပါသည်။

မိုးဗြဲဆည်သည် ဆယ်စုနှစ် ၅ စုကျော်မျှရှိနေပြီဖြစ်၍ သတ်မှတ်ထားသော သက်တမ်းထက် ၁၀နှစ်ပိုနေပြီဖြစ်သော ကြောင့် ပြိုကျမည့်အန္တရာယ်ကို ဒေသခံတို့အနေဖြင့် စိုးရိမ်ပူနေကြကြောင်း လွိုင်ကော်မြို့ခံတဦးက ပြောပါသည်။

မိုးဗြဲဆည်တည်ဆောက်ခဲ့သောကြောင့် ဆည်အနီးပတ်ဝန်းကျင်တွင် နေထိုင်သာ ဒေသခံ ပြည်သူများသည် အတင်းရွေ့ပြောင်းခံရမှု၊ လယ်ယာမြေဆုံးရှုံးမှုစသည့် ဆုံးရှုံးနှစ်နာမှုများစွာရှိခဲ့သည်ဟု ဆိုကြသည်။

မိုးဗြဲရေကာတာသည် ရေအရင်းအမြစ် ဖြစ်သော အင်းလင်းကန်မှတဆင့် ဘီလူးချောင်းသို့ ဖြတ်စေသော ရေလှောင်ကန် ဖြစ်ပြီး လောပိတ ရေအားလျှပ်စစ် ဓါတ်အားပေး စက်ရုံအတွက် ရေလှောင်ကန် ဖြစ်သည်။

မိုးဗြဲရေကာတာကြီးကို မြန်မာနိုင်ငံတော်လှန်ရေး အစိုးရလက်ထက်တွင် ၀န်ကြီး ဗိုလ်မှူးကြီး မောင်ရွှေ ဦးဆောင် သည့် စက်မှုလက်မှုဝန်ကြီးဌာန၏ စီမံကိန်းနှင့် ဥက္ကဌ ဗိုလ်မှူး ဖေသန်း ကြီးမှူးသည့်လျှပ်စစ်ဓါတ်အား ပေးရေး အဖွဲ့သည် ၁၉၇၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် လူထုလုပ်အားများဖြင့် တည်ဆောက်ပြီးစီးခဲ့သည်။