ရခိုင် နိုင်ငံရေး အကျဉ်းသားများ လွတ်လာလိမ့်မည်ဟု မိသားစုများ မျှော်လင့်

ရခိုင် နိုင်ငံရေး အကျဉ်းသားများ လွတ်လာလိမ့်မည်ဟု မိသားစုများ မျှော်လင့်
by -
နိရဥ္စရာ သတင်းဌာန

အကျဉ်းသား ၆၃၅၉ ဦးကို ၀ါကျွတ် လပြည်နေ့ အောက်တိုဘာလ ၁၂ ရက်နေ့တွင်လွှတ်ပေးမည် ဟု မြန်မာ ရုပ်မြင်သံကြားမှ ယနေ့နေ့လယ်တွင် ကျေညာသွားသဖြင့် ရခိုင်နိုင်ငံရေး သမားများ လည်းလွှတ်မြောက် လာလိမ့်မည်ဟုမျှော်လင့်နေ ကြောင်း မိသားစု အဖွဲ့ဝင်များက ပြောသည်။

လွန်ခဲ့သော နှစ်က ထောင်ချခံရသူ ရခိုင်လူငယ် ၁၁ ဦးထဲမှ မြစ်ကြီးနားထောင်သို့ ပြောင်းရွေ့ ထောင်ချ ခံထားရသည့် ှနိုင်ငံရေးအကျဉ်းသား ကိုကျော်ဝင်း၏ မိခင်ဖြစ်သူက နိရဥ္စရာသို့ ယခုကဲ့သို့ ပြောသည်။

" ကျွန်မလည်း အခြေအနေတွေကို စောင့်ကြည့်နေပါတယ်။ သားတို့ လွတ်လာ မလားလို့ပါ။ အခု ရုပ်မြင်သံကြားတွေမှာလည်း လွတ်ငြိမ်း ချမ်းသာခွင့် ပေးတယ်လို့ ပြောထားတယ်ဆိုတော့ သူတို့ လွတ်လာဖို့ မျှော်လင့်နေပါတယ်" ဟု သူမက ပြောသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ နေ့လည် ၁နာရီ အချိန်တွင် မြန်မာ ရုပ်မြင်သံကြားမှအကျဉ်းသားများအား လုံးအနက် ထိုက်သင့်သော ပြစ်ဒဏ်ကို ကျခံပြီး စည်းကမ်းရှိ၍ အကျင့်စာရိတ္တ ကောင်းမွန်သူ၊ အသက်အရွယ် ကြီးရင့်သူ၊ ကျန်းမာရေး မကောင်းသူ၊ ကိုယ်လက် အင်္ဂါချို့ယွင်းနေသူ အကျဉ်းသား ၆၃၅၉ဦးကိုလွှတ်ပေး မည်ဟု ကျေညာသွားခဲ့သည်။

သို့သော်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများ အကြောင်းကိုမူ တစုံတရာ ကျေညာသွားခြင်း မရှိကြောင်း သိရသည်။

" အခုက ဦးသိန်းစိန် အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်က နိုင်ငံရေး အကျဉ်းသားတွေ အတွက် လုပ်တာ ဖြစ်တယ်လို့ သတင်းထွက်နေတဲ့ အတွက် အားလုံးက နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာ လိမ့်မယ် ဆိုပြီး ထင်ကြေးပေးနေကြတယ်။ ဒါကြောင့် ကျွန်မတို့ မျှော်လင့်ရတာ အားရှိပါတယ်" ဟု သူမက ဆက်ပြောသည်။

ကိုကျော်ဝင်း အပါအဝင် ရခိုင်လူငယ် ၁၁ ဦးကို ၂၀၀၉ ခုနှစ် စက်တင်္ဘာလက ရန်ကုန် နှင့်စစ်တွေမြို့များ တွင် ရဲထောက်လှမ်းရေးက ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရပြီးနောက် သူတိုးအား ဖေါက်ခွဲမှု၊ နယ်စပ်ဖြတ်ကျော်မှု၊ တရားမဝင် အသင်းများနှင့် ဆက်စပ်မှု စသည့် အမှုများ အပါအဝင် အမှု စုစုပေါင်း (၅)ခုဖြင့် တရားစွဲဆိုကာ ၂၀၁၀ ခု သြဂတ်စ်လ ၁၁ ရက်နေ့တွင် အင်း စိန်ထောင် အနောက်ပိုင်းခရိုင်တရားရုံးမှ ဒုတိယ (၁) ခရိုင်တရားသူကြီး ဦးမြင့်စန်းက ထောင်ဒဏ် ၃နှစ်မှ ၉ နှစ်အထိ အသီးသီးချမှတ်ခဲ့သည်။

သူတို့ကို ယခုအခ့ အယူခံတင်ထားဆဲ ဖြစ်ပြီး ၁၁ ဦးထဲမှ ကိုကျော်ဝင်း (မြစ်ကြီးနားထောင်)၊ ထွန်းလင်းကျော် (ကသာထောင်)၊ နိုင်စိုး(ကြီး) မဲလုံး (ပခုက္ကူထောင်)၊ နိုင်စိုး(ငယ်) ဗန်းမော်ထောင်သို့ ပို့ဆောင် ထားပြီး ကျန် လူများမှာ အင်းစိန်ထောင်ထဲတွင် ရှိနေသည်ဟု သိရသည်။

ရခိုင်မှ တခြား ရခိုင်နိုင်ငံရေး သမားအများအပြားလည်း ဖမ်းဆီးခံထားရရာ ထိုအထဲတွင် ဘူးသီးတောင် ထောင်ထဲမှ ဦးအိသရိယ၊ ကလေးထောင်မှ ကိုမင်းအောင်၊ မြောင်းမြထောင်မှ ဦးမြတ်ထွန်းတို့လည်း လွတ်လပ်လာမည်ဟု သတင်းထွက်ပေါ်နေသည်ဟု သိရသည်။

Most read this week