ချင်းပြည်နယ်မြောက်ပိုင်း ကျီခါးမြို့တွင် အခြေစိုက်ထားသော ခလရ ၂၇၄ မှ ဗိုလ်ကြီး အောင်တင်မိုးသည် ဒေသအတွင်း နယ်လှည့်ပြီး ရွာအလိုက် သစ်တောခွန်ကို အကြောင်းပြပြီး ဘိန်းခွန် ကောက်ခံနေသည်ဟု ကြားသိရသည်။
“ယခုလမှာပဲ ဗိုလ်ကြီးအောင်တင်မိုးနှင့် အဖွဲ့ဟာ နယ်လှည့်ပြီး သစ်တောခွန်များ လိုက်ကောက်နေ တယ်၊ တရွာကို ရူပီး ၁၅၀၀၀ စီကောက်တယ်” ဟု ဒေသခံတဦးက ပြောသည်။
စစ်တပ်မှ ယခုကဲ့သို့ သစ်တောခွန် ကောက်ခံခြင်းသည် ဘိန်းစိုက်သည့် ပြည်သူများထံ ဘိန်းစိုက်ခွန် အတွက် ကောက်ခံ ခြင်းဖြစ်နိုင်သည်ဟု ပြောကြသည်။
“အရင်တုန်းကတော့ ဘိန်းခွန်ကို စစ်တပ်ထံ ဆောင်ရတယ်၊ အခု ဒေသခံများဟာ ဘိန်းမစိုက် တော့ ဘူး” ဟု ကျီခါး ဒေသ ခံ တဦးက ပြောသည်။
ဒေသခံ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များသည် ပြည်သူများ ဘိန်းစိုက်ပျိုးမှုများအပေါ် ဘိန်းပပျောက် ရေး ပညာပေး လုပ်ငန်းများ ပြုလုပ်နေကြပြီဖြစ်သောကြောင့် ယခုအခါ ဒေသများတွင် ဘိန်းစိုက်ပျိုးမှု အင်မတန်လျော့ပါးနေပြီဖြစ်ကြောင်း ပြောဆိုကြသည်။
” ဘိန်း နဲ့ ပါတ်သက်ပြီးပညာပေးမှုတွေ အောင်မြင်တယ်လို့ပြောရမှာပါ၊ ဘိန်းစိုက်ပျိုးတာကိုကဘာသာရေး နဲ့လည်း မညီညွတ်ဘူး၊ ပြီးတော့ လူငယ်တွေ ဘိန်းမှီဝဲစားသုံးမှုတွေလည်း ရှိလာတာ ကိုက မကောင်းဘူး” ဟု ဒေသခံလူငယ် ခေါင်းဆောင်တဦးက ပြောသည်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ်အတွင်းက အမှတ် (၂) အိန္ဒိယ မြန်မာ လမ်းကြောင်းအတွင်း နယ်စပ် ချောင်း ကျေးရွာတရွာတွင် ချင်းပြည်နယ် ၊ ရိဒ်ခေါ်ဒါရ် မြို့သစ် အခြေစိုက် ခလရ ၂၇၄ မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူး အောင် အောင် သည် အိန္ဒိယ လူမျိုး ဘိန်းကုန်သည်တဦးနှင့် မူးယစ် ဆေးဝါး ရောင်းဝယ်ရေး ကိစ္စဆွေးနွေးကြ သည်ဟု လည်း သိရ သည်။
စစ်တပ်၏ လုပ်ရပ်အပေါ် ကျီခါး အုပ်ချုပ်ရေး အာဏာပိုင်များအနေဖြင့် အရေးထား လုပ်ဆောင်မှုမရှိခဲ့ ကြောင်း သိရသည်။