ကရင်နီပြည် ဖရူဆိုမြို့နယ်ကြယ်ဖိုးကြီးကျေးရွာ အုပ်စုရှိ ဒေါတနောကျေးရွာတွင် ကရင်နီ ပျောက် ကျားတပ်နှင့် မြန်မာအစိုးရတပ်ဖွဲ့တို့ရင်ဆိုင်တိုက် ပွဲဖြစ်ပွား၍ ကျေးရွာဥက္ကဌနှင့်ရွာသားငါးဦး ဖမ်း ဆီးခေါ်ဆောင်သွားခြင်းခံရကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားပြီး မြန်မာအစိုးရ တပ်ဖွဲ့မှ ဒေါတနောကျေးရွာသူ၊သားများပိုင် ပစ္စည်းတချို့ကို ယူဆောင်ပြီး ကျေးရွာ ဥက္ကဌ ခူးငါးရယ်၊ ခူးသိုးရယ်၊ ခူးလူရယ်၊ ဦးကျော်ဝင်းနှင့် ခူးမီရယ်တို့ကိုဖမ်းဆီးခေါ်ဆောင်သွား သည်ဟု မျက်မြင်ဒေသခံများက ပြောသည်။
“ပစ်ကြတာ ၅ မိနစ် ၁၀ မိနစ်ပါပဲ။ ပြီးတာနဲ့ ကျေးရွာက ဥက္ကဌ ဦးငါးရယ်အပါအဝင် ရွာသား ၅ယောက်ဖမ်း သွားတယ်။ ပြန်မလာကြသေးဘူး” ဟု ဒေါတနောမှ ရွာသား တဦးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲအချိန်တွင် အင်အား ၅ ဦးရှိ ကရင်နီပျောက်ကျား တပ်ဖွဲ့မှ ဒေါတနော ကျေးရွာအတွင်းသို့ ၀င်လာစဉ် လွိုင်ကော်မြို့ အခြေစိုက်ခလရ ၂၅၀ မှ ဒု- ရင်းမှူး ဗိုလ်မှူး သန့်တင်စိုး ဦးစီးသည့် အစိုးရတပ်ဖွဲ့တို့ဆုံတွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ကရင်နီစစ်တပ်တွေက ရွာပြင်ကနေ ၀င်လာတယ်။ မြန်မာစစ်တပ်တွေကလည်း အဲမှာ ၀င်လာပြီးတိုးသွား တယ်။ သူတို့က သိကြတာ မဟုတ်ဘူး။ ရွာသားတွေလည်း ကြိုတင်သိတာ မဟုတ်ဘူး။ ရွာထဲမှာဘဲ တိုးကြရင်းနဲ့ ပစ်ကြတယ်” ဟု ကရင်နီ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ခူဒယ်နီယာက ပြောသည်။
တိုက်ပွဲတွင်နှစ်ဦးနှစ်ဘက် ထိခိုက်ဒဏ်ရာရရှိမှု တစုံတရာမရှိသော်လည်း တိုက်ပွဲအပြီး ရွာတွင်းသို့ လက်နက်ကြီးပစ်ချမှုကြောင့် မော်ညေးမာ၏ နေအိမ် ထိမံပျက်စီးသွား၍ နွားတစ်ကောင်ထိမံသွားကြောင်း ဒေါတနောမှ ဒေသခံများကပြောသည်။
ဒေါတနော ကျေးရွာတွင် အိမ်ခြေ ၃၇ အိမ်ခန့်ရှိပြီး ထီးဖိုးကလိုး၊ ဒေါတာကလဲ စသည့် ကျေးရွာနှင့် နီးပြီး ၂၀၁၁ ခုနှစ်တွင် ဖရူဆိုမြို့နယ်အတွင်း ပြည်သူပိုင် လယ်ယာမြေများကို သိမ်းဆည်းသည့် စစ်သင်တန်း လေ့ကျင့်ရေးကျောင်း တည်ဆောက်သည့် နေရာနှင့် ၂ မိုင်ခန့်နီးသည်ဟု ခူဒယ်နီယာက ပြောသည်။