တိုင်းရင်းသားအရေး ဂျာနယ်ထုတ်ဝေမည်

တိုင်းရင်းသားအရေး ဂျာနယ်ထုတ်ဝေမည်
by -
ဖနိဒါ

ချင်းမိုင်(မဇ္စျိမ) ။        ။ မြန်မာနိုင်ငံအတွင်း ထုတ် ဝေရန် တိုင်းရင်းသားဒေသများမှ ဖြစ်ပျက်နေသည့် သတင်းများကို အဓိကဦးစားပေး ရေးသားတင်ပြ မည့် အပတ်စဉ် ထုတ်ဂျာနယ်ကို ထုတ်ဝေရန်  ပြည်တွင်းစီစဉ်နေသည်ဟု ဂျာနယ် အယ်ဒီတာ ကိုဖြိုးဝေလင်းက ပြောသည်။

“The Union” အမည်ဖြင့် မှတ်ပုံတင်ခွင့် လျှောက်ထားသော သတင်းဂျာနယ်တွင် တိုင်းရင်းသားဒေသများ အတွင်းဖြစ်ပျက်နေသည့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး သတင်းများကိုသာ ဦးစားပေးတင်ပြသွား မည်ဟုသူက မဇ္စျိမကိုပြောသည်။

“ကျနော်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားအရေး လုပ်တဲ့လူမရှိသေးလို့ပါ။ တိုင်းရင်းသား အရေးတွေကို ထိထိရောက်ရောက် ဖော်ပြနိုင်တာ မရှိဘူး။ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပျက်နေတဲ့ အကြောင်း အရာတွေကိုလည်း တနိုင်ငံလုံး အတိုင်းအတာ လုပ်တာ မရှိဘူး။ ကျနော်တို့က ဒီလိုဖြစ်ပျက်နေတယ် ဆိုတာကို အားလုံးသိအောင် ချပြချင်တဲ့ သဘောပါပဲ” ဟု သူက မဇ္စျိမကိုပြောသည်။

“ဒီအချိန်မှာ ဒီလိုဂျာနယ်ထုတ်တာက ကျနော်အနေနဲ့တော့ အရေးကြီးနေတယ်ပေါ့ဗျ။ ဘာဖြစ်လို့လည်းဆို တော့ ကျနော်တို့ နိုင်ငံမှာက တိုင်းရင်းသားတွေ့ရဲ့ အခန်းကဏ္ဍ၊ တိုင်းရင်းသားတွေရဲ့အကြောင်းကို အများပြည်သူ သိဖို့က အရေးကြီးတာပေါ့။ တော်တော်တောင် နောက်ကျနေပြီလို့ကျနော်တော့မြင်တာ ဘဲ”ဟု သူက ဆက်ပြောသည်။

ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရတပ်ဖွဲ့များအကြား ဖြစ်ပွားနေသော တိုက်ပွဲသတင်း များကိုလည်း ချင်းတိုင်းရင်းသားသူ ဆရာမ ချင်းချင်းနှင့် SNDP ပါတီမှဘဏ္ဍာရေးမှူး ဦးစောသန်းမြင့်တို့က ထုတ်ဝေ သူများအဖြစ် လျှောက်ထားသည်ဟု သိရသည်။ သို့သော် နိုင်ငံရေးပါတီ ကိုယ်စားပြုအဖြစ် ထုတ်ဝေခြင်း မဟုတ်ဘဲ စီးပွားရေး လုပ်ငန်းရှင်အနေဖြင့်သာ စိုက်ထုတ်ထားခြင်း ဖြစ်သည်ဟု ကိုဖြိုးဝေလင်းက ပြောသည်။

သို့သော် ယနေ့ထိ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ခွင့်ပြုချက် ချပေးခြင်း မရှိသေးပေ။ မကြာမီ အချိန်အတွင်း  ခွင့်ပြုချက် ချပေးလိမ့်မည်ဟု မျှော်လင့်နေသည်။

မည်သူမဆို စာမူများ ပေးပို့နိုင်ပြီး သက်ဆိုင်ရာ ဂျာနယ်အယ်ဒီတာများက ယင်းတို့၏ မူဝါဒနှင့် ကိုက်ညီမှု ရှိမရှိ ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။ လာမည့် နိုဝင်ဘာလကုန်တွင် ထုတ်ဝေနိုင်ရန် ရည်မှန်း ထားသည်ဟု ဆိုသည်။

ကချင်၊ ချင်း၊ ရှမ်း၊ ရခိုင် စသည့် တိုင်းရင်းသားဒေသများတွင် ဖြစ်ပျက်မှုများကို အကျယ်တဝင့် ဖော်ပြနိုင် ရန်၊အချိန်နှင့် တပြေးညီ သတင်းအချက်အလက်များ တင်ပြနိုင်ရန် နေရာယူလိုက်ခြင်း ဖြစ်သည်ဟု ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ SNDP မှ ဘဏ္ဍာရေးမှူး ဦးစောသန်းမြင့်က ပြောသည်။

“အခုထွက်ရှိတဲ့ သတင်းတွေက တိုင်းရင်းသားဒေသဘက်က သတင်းတွေ သိပ်မပါနိုင်ဘူး။ ဦးတို့လည်း ပြောစရာနေရာ မရှိဘူး။ ဒီမှာရှိတဲ့ မီဒီယာမှာ ပြောမယ်ဆိုရင်လည်းသူတို့မေးမှ ဦးတို့က ပြောလို့ရတယ် လေ။ အဲဒီတော့ပြောချင်တာတွေ၊ လုပ်ချင်တဲ့ ကဏ္ဍလေးတွေ၊ နယ်ဘက်ကသတင်းတွေနဲ့ပတ်သက်ပြီး တော့ အကျယ်တဝင့်သိချင်တဲ့ သဘောပါ။ အချိန်နဲ့ တပြေးညီ သိစေချင်တဲ့ သဘောပါ”ဟု သူက မဇ္စျိမကို ပြောသည်။

အကယ်၍ ဂျာနယ်ထုတ်ဝေခွင့်ရပါက ပြည်နယ်အသီးသီးတွင် သတင်းထောက်များ ခန့်ထားခြင်း၊ မီဒီယာ သင်တန်း များကို ပေးသွားရန် အစီအစဉ် ရှိပြီး လက်ရှိတွင် အယ်ဒီတာနှင့် သတင်းထောက် အနည်းဆုံး ၁၅ ဦးခန့် ရှိနေပြီး ခွင့်ပြုချက် မကြာမီအတွင်း ချပေးလိမ့်မည်ဟု မျှော်လင့်နေသည်။

“အခုတော့ နိုင်ငံရေးစနစ် ပြောင်းလာပြီဆိုတော့ ဂျာနယ် ထုတ်ဝေခွင့်ကျမယ်လို့တော့ သတင်းကြားတယ်”ဟု ဦးစောသန်းမြင့်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်အတွင်းက စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသို့ လျှောက်လွာတင်ပြထားရာ ၃ လ ကျော်ကြာစောင့်ဆိုင်းနေရသည်ဟု ပြောသည်။ အလားတူ SNDP  ပါတီအနေဖြင့် ဂျာနယ်ထုတ်ဝေခွင့် တင်ပြထားမှုလည်း ယနေ့ထိ ခွင့်ပြုချက်မရသေးကြောင်း သူက ဆက်ပြောသည်။

စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေကလည်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီ လမ်းကြောင်း သွားနေပြီ ဖြစ်၍ ခေတ်နှင့်လျှော်ညီရန် စာပေစိစစ်ရေးဌာန ထားရှိရန် အသင့်ကြောင်း လွတ်လပ်သော အာရှအသံ မြန်မာပိုင်းအစီအစဉ်တွင်  ယခုလ ၈ ရက်နေ့က ပြောဆိုခဲ့သည်။

“ကျနော်တို့ တကယ်တန်း အိမ်နီးချင်းနို်င်ငံမှာဘဲ ကြည့်ကြည့်၊ နိုင်ငံတကာမှာဘဲ ကြည့်ကြည့် စာမူတွေ ကိုကြိုတင် စိစစ်တယ်ဆိုတဲ့ စာပေစိစစ်ရေးဌာနမျိုးကိုတော့ အခုဒီခေတ်မှာတော့ မရှိသင့် တော့ပါဘူး၊ ကျနော်ကိုယ်ပိုင် အယူအဆနဲ့ ပြောရမယ်ဆိုရင်တော့ ကြိုတင်ပြီးတော့ စာမူတွေကို စိစစ်ခြင်းလုပ်ငန်းဟာ တကယ်သွားနေတဲ့ခေတ်မှာတော့ ဘယ်လိုမှ သဟဇတမဖြစ်ဘူး။ ဒါကြောင့်မလို့စာပေစိစစ်ရေးအနေနဲ့ ကတော့ တိုင်းပြည်ထဲမှာ ထုတ်မယ့်ဟာတွေကို ကြိုတင်စိစစ်တဲ့ ဟာမျိုးကတော့ ရှေ့လျှောက်သွားမဲ့ စနစ်နဲ့လည်း မလိုအပ်တော့ဘူးလို့ ကျနော်ကတော့ယုံကြည်ပါတယ်ခင်ဗျား”ဟု ဗိုလ်မှူး ဦးတင့်ဆွေကို ကိုးကား ဖော်ပြထားသည်။ 

သို့သော် Messanger ဂျာနယ်က ပြီးခဲ့သည့် မြန်မာအစိုးရနှင့် နိုင်ငံတကာ၊ ကုမ္ပဏီများ၊ အသင်းအဖွဲ့များနှင့် လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်လုပ်ကိုင်ရာတွင် စာချုပ်စာတမ်း၊ နားလည်မှု စာချွန်လွာများနှင့််ပတ်သက် ၍နိုင်ငံတကာ ဥပဒေအတိုင်ပင်ခံ ဦးသန်းမောင်အား တွေ့ဆုံ မေးမြန်းထားသည့် အင်တာဗျူးကို ဖော်ပြခွင့် မရခဲ့ကြောင်း သိရသည်။

ထို့ပြင် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲသတင်းများကို ဆင်ဆာဘုတ်အဖွဲ့က ဖော်ပြခွင့် မပေးကြောင်း ပြည်တွင်းမှ အယ်ဒီတာ တဦးက ပြောသည်။ လက်ရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အတွင်း အစိုးရတပ်ဖွဲ့များ ထိုးစစ်ဆင်နေမှုများရှိပြီး တိုက်ပွဲများ ဖြစ်ပွားနေသည့် သတင်းကိုလည်း ယနေ့ထိ အစိုးရပိုင် သတင်းစာတွင် ဖော်ပြ ခဲ့ခြင်း မရှိသေးပေ။