ဂီရိ တနှစ်ပြည့်တော့မည် ဖြစ်သော်လည်း အစိုးရ၏ လျစ်လျူရှု့မူကို မုန်တိုင်းသင့် ပြည်သူများ ခံနေကြရဆဲ

ဂီရိ တနှစ်ပြည့်တော့မည် ဖြစ်သော်လည်း အစိုးရ၏ လျစ်လျူရှု့မူကို မုန်တိုင်းသင့် ပြည်သူများ ခံနေကြရဆဲ
by -
မောင်အေး

ယခုလ ၂၂ ရက်နေ့တွင် ဂီရိ မုန်တိုင်း တိုက်ခတ်ခဲ့ သည်မှာ တနှစ်ပြည့်မြောက်တော့မည် ဖြစ်သော် လည်း သက်ဆိုင်ရာ အစိုုးရ၏ လျစ်လျူရှု့မူကို မုန်တိုင်းသင့် ရခိုင်ပြည်သူများ ခံနေကြရဆဲဖြစ် သည်။

Giri-area--in-Maybon-Arakan
မုန်တိုင်း အဓိက တိုက်ခတ်ခဲ့ရာ နေရာ ဒေသများ ဖြစ်ကြသည့် ကျောက်ဖြူ၊ မြေပုံ၊ အမ်းနှင့် ပေါက်တောမြို့နယ် များမှ မုန်တိုင်းသင့် ပြည်သူများမှာ ယခု အချိန်ထိ အိမ်ယာများ ဆောက်လုပ် နိုင်ခြင်း မရှိသည့် အပြင် အစား အသောက် မဖုံလုံခြင်း၊ သောက်သုံးရေများ မရရှိခြင်း၊ ကျန်းမာရေး စောင့််ရှောက်မူ ကင်းမဲ့ခြင်းများနှင့်ရင်ဆိုင် နေကြရသည်။

မြေပုံမြို့နယ် ကျွန်းသာယာ ကျေးရွာမှ ရွာသား တဦးကို လက်ရှိ အခြေအနေနှင့် ပတ်သက်ပြီး နိရဥ္စရာမှ ဆက်သွယ် မေးမြန်းရာ သူက ယခုကဲ့သို့ ပြောသည်။

" အခြေအနေက အခုအချိန်ထိ ဆိုးနေတုန်း ဖြစ်ပါတယ်။ စားစရာလည်း မရှိ။ နေစရာလည်း မရှိ ဖြစ်နေပါ တယ်။ ခက်တာက ဒီနှစ်မှာ ရာသီဥတုကလည်းဆိုးနေလို့ အလုပ် အကိုင်ကလည်း အဆင်မပြေတဲ့အတွက် လူတွေက ဘာကိုမှ ပြန်မပြင်နိုင်သေးပါဘူး။ ဒါကြောင့် အိမ်မဆောက်နိုင်တဲ့ မိသားစုက ကျွန်တော်တို့ ရွာမှာ ဆိုရင် တဝက်ကျော်ခန့် ရှိနေပါတယ်။ မိုးကာတွေကို မိုးပြီး တမိုးလုံးနေခဲ့ရတဲ့ မိသားစုတွေလည်း ရှိပါတယ်" ဟု ပြောသည်။

မုန်တိုင်းတိုက်ပြီးစတွင် ယခင် မြန်မာ့ နအဖ စစ်အစိုးရမှ အိမ်မိုးသွပ်များ၊ အစားအသောက်များ ပေးပို့ ကူညီ လှူဒါန်းနေကြောင်း သတင်းစာများက နေ့တိုင်းလိုလို ရေးသားဖေါ်ပြခဲ့သဖြင့် အဆိုပါ အကူအညီများကို ရရှိခြင်း ရှိ - မရှိ မေးမြန်းရာ သူက ယခုလို ဆက်လက် ပြောကြားသည်။

" အစိုးရက အိမ်မိုး သွပ်တွေ ကူညီတာ မရှိပါဘူး။ အိမ်ဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီး အရပ်သား တွေကို အစိုးရ ကူညီတာ ဘာမှ မရှိပါ။ စာသင်ကျောင်းတွေ အတွက်တော့ သွပ်တွေ ကူညီတာ ရှိပါတယ်။ ဒါကလည်း များများစားစား မဟုတ်ပါ။ အစားအသောက်ကတော့ အန်ဂျီအိုတွေက ပေးတာဘဲ ရှိပါတယ်။ ဒါလည်း နှစ်လ ကျော် သုံးလလောက်ဘဲ ရပါတယ်။ ကျန်တဲ့လတွေမှာ မရတော့ ပါဘူး" ဟု ပြောသည်။

ယခုကဲ့သို့ အကူအညီများ ဖြတ်တောက်ခံခဲ့ရသဖြင့် အများစု ပြည်သူများမှာ စားဝတ်နေရေး အထူးအခက်အခဲ ဖြစ်ပေါ်ခဲ့ပြီး အထူးသဖြင့် ကျွန်းသာယာ၊ ပြင်းဝန်း စသည့် ကျေးရွာများတွင် ထမင်းနပ်မှန်အောင် မစားရသူများ ရှိခဲ့သည်ဟု သိရသည်။

အဆိုပါဒေသတွင် လယ်ယာ လုပ်ငန်း မရှိသဖြင့် ဆန်များကို တခြားဒေသများမှ မှာယူတင်သွင်း ကြရသည်။ ယခု အချိန်ထိ ဆန်အညံ့စားတအိတ်ကို ကျပ် ၂၀၀၀၀ ကျော်ရှိကြောင်း သူက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် ပြည်သူများ၏ အခြေအနေကိုလည်း ကျောင်းထိုင် ဆရာတော် တစ်ပါးကယခုလိုပြော သည်။

" ဦးဇင်းတို့ မောက်တုန်းကြီး၊ ချောင်းကြီးဖျား၊ ရွှေညိုမကျေးရွာတွေမှာ အကူအညီဆိုလို့ Save the Children က ကူညီတာဘဲ ရှိပါတယ်။ တာတမံ (ကာရီ) ဆိုတာလည်း အစိုးရက ဆည်ဖို့ပေးတာ ဘာမရှိပါဘူး။ အခု လူတွေက တောင်ကို တက်သူတက်၊ ချောင်းကို ဆင်းသူဆင်း ဒီလိုဘဲ လုပ်စားနေကြရတယ်။ ငတ်တဲ့သူတွေ လည်း ရှိမှာပေါ့။ ဒီရခိုင်မှာက အသေသာခံသွားမယ်။ ရှက်လို့ ထမင်းငတ်နေတယ်လို့ ပြောကြမှာ မဟုတ်တဲ့ အတွက် ငတ်နေသူတွေ ရှိသလားဆိုရင် ဘယ်လိုလုပ် သိနိုင်မှာလဲ။ အစိုးရက ဒီဒေသမှာ ဘာမှ ကူညီတာ မရှိပါဘူး။ ရွာသားတွေကို ဒီမှာ ကူညီနေတာက Save The Children နဲ့ ကျောက်ဖြူက လာကူညီနေတဲ့ ပေါင်းကူး လူငယ်အဖွဲ့ဘဲ ရှိပါတယ်" ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် အဆိုးဆုံးမှာ ကျိုးပျက်သွားသော တာတမံများကို အစိုးရ တာဝန်ယူပြီး ပြန်လည် တည်ဆောက်ပေးခြင်း မရှိသဖြင့် လယ်သမားများ အနေဖြင့် ယခုနှစ် စိုက်ပျိုးရာသီတွင် ဧက သောင်းချီပြီး စပါးများ မစိုက်ပျိုးနိုင်ဘဲ ဖြစ်ခဲ့ကြရကြောင်း သိရသည်။

လက်ရှိ ပေါက်တောမြို့နယ် အခြေအနေနှင့် ပတ်သက်ပြီး ပေါက်တောမြို့နယ် ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်မေးမြန်းရာ သူက ယခုလို ပြောသည်။

" မုန်တိုင်းသင့် ဒေသမှာ လူတွေက အခုအချိန်ထိ အခက်အခဲ ရှိနေကြပါတယ်။ ဒါကို ဒီလမှာ ပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ ပြည်နယ်လွှတ်တော်မှာ ကျွန်တော်တို့ တင်ပြဖို့ စီစဉ်နေပါတယ်" ဟု ပြောသည်။

မြန်မာနှင့် အိမ်နီးချင်း ဘင်္ဂလာဒေချ့်နိုင်ငံတွင် မုန်တိုင်းကြောင့် ဒုက္ခရောက်ကြသူများကို ပြန်လည်ထူထောင် ပေးရာတွင် ဒေသအတွင်းက အန်ဂျီအိုများနှင့် နိုင်ငံခြားမှ အန်ဂျီအိုများသာမက အစိုးရက ကပါ နှစ်နှင့် ချီပြီး တာဝန် ယူဆောင်ရွက်ပေးသဖြင့် ပြည်သူများမှာ အခက်အခဲ များစွာ မရှိကြောင်း သိရသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် ထိုကဲ့သို့ အကူအညီများကို လေဘေး၊ ရေဘေးသင့် ပြည်သူများ ရရှိ မခံစားရကြောင်းသိရ သည်။

Most read this week