ကရင်နီပြည်နယ်တွင်းမှ စစ်ပြေးဒုက္ခသည်များ ခိုလှုံနေထိုင်ကြသည့် ထိုင်းနိုင်ငံမယ်ဟောင်ဆောင် ခရိုင်အတွင်းရှိ ကရင်နီ ဒုက္ခသည် စခန်းအမှတ် ၂ တွင် မိုးဆက်တိုက်ရွာသွန်းပြီး တလနီးပါး မယ်စူး ရင်းချောင်းရေကြီးမှုကြောင့် စခန်းသူ၊သားများ သွားလာရေး အခက်အခဲနှင့် ကြံုတွေ့နေကြရသည်။
ချောင်းကမ်းပါး၌ ရေတိုက်စားမှုကြောင့် မြေပြိုကျပြီး ရပ်ကွက် ၁ တံတားတခု ပျက်စီးသွားသည်။ ရပ်ကွက် ၃ နှင့် ရပ်ကွက် ၂ ကြား တံတားမှာလည်း သစ်ပင်လှဲကျ၍ တံတား ကျိုးသွားသဖြင့် ယခုတပတ် ကျောင်းပိတ်ထားရသည်ဟုသိရသည်။
“ရေကြီးလို့ အခု ကျမတို့ ကျောင်းမတက်ရဘူး။ ကျောင်းခဏခဏ ပိတ်တယ်။ ပြီးခဲ့တဲ့ လမှာလည်း ရေကြီးလို့ နှစ်ပတ်တောင် ပိတ်သေးတယ်” ဟု အလယ်တန်း ကျောင်းသူမ တဦးဖြစ်သည့် မနှင်းရည်က ပြောသည်။
ရပ်ကွက်အတွင်း စခန်းသူ၊သားများ ကျန်းမာရေးအတွက် အခက်အခဲမရှိစေရန် ရပ်ကွက်တခုလျှင် ယာယီဆေးခန်း တခုစီ ဖွင့်ထားပေးရသည်ဟု ရပ်ကွက် ၂တွင် တာဝန်ကျသော ဆရာဝန်မ တဦးက ပြောသည်။
ကရင်နီဒုက္ခသည် စခန်း ၂ ချောင်းရေကြီးခြင်းကြောင့် နေအိမ်ပျက်စီးရတဲ့ မိသားစုတစု (ဓါတ်ပုံ- နော်ရုသ)
ထို့အပြင် ထိုင်းနိုင်ငံခွန်ယွန်း လမ်းမှ စခန်း၂သို့ သွားရာလမ်းတွင်လည်း မိုးကြီးသည့်ဒဏ်ကြောင့်လမ်းပျက်စီး နေသည်။
NGO ကားများသည် စခန်းထဲသို့ မဝင်နိုင်သဖြင့် စခန်းတွင်းမှ လူနာများသည် မယ်ဟောင်ဆောင်ဆေးရုံသို့ သွားလိုပါက စခန်းအနီး ထိုင်းကျေးရွာ ၀ါကာသို့ ခြေခြင်ဖြင့် သုံးနာရီ ခရီး သွားရသည်ဟုဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလမှစပြီး မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းခဲ့သဖြင့် ရပ်ကွက် ၁ တွင်ရေတိုက် စားပြီး မြေပြိုကျမှု ဖြစ်ပွားရာ အိမ် ၈ လုံး ပျက်စီးသွားသည်။ ထိုအချိန်မှစပြီး မြေကြီးပြိုကျသည့်နေရာတွင် ရေများ တဖြည်းဖြည်း တိုက်စားသွားသဖြင့် မြေပြိုပြီး အိမ်များရေထဲသို့ မပါသွားစေရန် အိမ်ခြေအလုံး ၂၄ ဖြုတ်ထားရသည်ဟု စခန်း ၂ ရပ်ကွက်၁မှ ရွာသားတဦးက ပြောသည်။
TBBC နှင့် UNHCR မှ ရေဘေးဒုက္ခရောက်သူများကို မိုးကာ၊ သံမို၊ အိုး၊ ဖျာ၊ ပန်းကန် စသည်ဖြင့် ကူညီပေးပြီး ရေချောင်းများ ကျော်ဖြတ်နိုင်ရန် အောက်တိုဘာလ ၅ ရက်နေ့တွင် NGOs အဖွဲ့များက စက်လှေတစီးပို့ပေး သည်ဟု စခန်း ၂ မှ အုပ်ချုပ်ရေးမှ တာဝန်ရှိသူ တဦးက ပြောသည်။
“အဲဒီမော်တော်က ကျမတို့ လှော်လို့မရဘူးဆိုတော့။ ဘာဖြစ်လဲဆိုတော့ ချောင်းကလည်း နည်းနည်းသန် တယ်။ ဖြတ်လမ်းနဲ့ လာလို့မရတဲ့ ရပ်ကွက် ၂ နဲ့ ရပ်ကွက်၁ ကြားက ချောင်းမှာပဲ ထားရမယ်။တခြားရပ်ကွက် တွေဆို ဖြတ်လမ်းနဲ့ လာလို့ရသေးတယ်လေ” ဟု ဆိုသည်။
ထိုစက်လှေသည် မောင်းနှင်နိုင်ရန် စက်မပါသည့်အတွက် ကြိုးဖြင့် ဆွဲရသည်။
ပြီးခဲ့သည့် သြဂုတ်လတွင် မိုးဆက်တိုက်ရွာသွန်းပြီး ချောင်းရေကြီးမှုကြောင့် အသက် ၅၀ ကျော်အရွယ် အမျိုးသား တဦး ရေထဲမျောပါပြီး သေဆုံးခဲ့သည်။
ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ တွင် လူဦးရေ ၃၀၀၀ ကျော်ခန့်ရှိပြီး ရပ်ကွက် ၄ ခုရှိပါသည်။ စခန်းထဲတွင် တိုင်းရင်းသားများဖြစ်သည့် ကရင်နီ၊ ရှမ်း၊ ကချင်နှင့် အများစုမှာ ကရင်လူမျိုးများ နေထိုင်ကြသည်။စခန်း သည် တောင်များနှင့် ၀ုိင်းရံထားပြီး ချောင်းနံဘေးတွင် လူနေအိမ်များ ရှိသည်။ ရပ်ကွက် တခုနှင့် တခုကို ရေချောင်းများ ခြားထားသည်။