ချင်းမိုင် (မဇ္စျိမ) ။ ။ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စယင်လပ်ရှင်နာဝါထရာသည် သမ္မတ ဦးသိန်းစိန် အပါအဝင်ထိပ်တန်း ဝန်ကြီးများနှင့်နှစ်နိုင်ငံကုန် သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး ကိစ္စများကို အဓိကထား တွေ့ဆုံဆွေးနွေးပြီးနောက် ဗုဒ္ဓဟူးနေ့ ခရီးစဉ်ကို အဆုံးသတ် လိုက်သည်။
ဇူလိုင်လရွေးကောက်ပွဲမှ ရွေးချယ်ခံရကာ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် စတင်တာဝန် ထမ်းဆောင်အပြီးနှစ်လခန့် အကြာတွင် ယခုခရီးစဉ်ဖြစ်ပေါ်လာသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ စတင်နေသည့် မြန်မာခရီးစဉ် အတွင်း အစိုးရဘက် တဘက်တည်းနှင့်သာ တွေခဲ့ပြီး အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့ခြင်း မရှိပေ။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုမရှိခဲ့ခြင်းသည် မြန်မာနိုင်ငံ ပြောင်းလဲရေး လုပ်ငန်းစဉ်အတွင်း ထိုင်းနိုင်ငံ၏ အခန်းကဏ္ဍကို မှေးမှိန်ပျောက်ကွယ်စေသည်ဟု ထိုင်းနိုင်ငံ ကြာသာပတေးထုတ် နေရှင်း သတင်းစာတွင်ဆောင်းပါးရှင် Supalak Ganjanakhundee သုံးသပ်ထားသည်။
“ဝန်ကြီးချုပ် (မစ္စယင်လတ်) က ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဆုံခဲ့တဲ့အတွက် မြန်မာနိုင်ငံပြုပြင်ပြောင်း လဲရေး ကနေတဆင့် ဒေသဆိုင်ရာနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအထိ ထိုင်းနိုင်ငံက ဦးဆောင်နိုင်ဖို့ဆိုတဲ့ တန်ဘိုးကြီးတဲ့ အခွင့်အလမ်းတခုကို လက်လွတ်လိုက်ရတာပါပဲ” ဟု သုံးသပ်ထားသည်။
မိတ်ဆက်ခရီးစဉ်ဟု ထိုင်းဘက်က ရည်ညွှန်းပြီး မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်သို့ ရောက်ရှိခဲ့သည့်
မစ္စယင်လပ်ကို သမ္မတဦးသိန်းစိန်က နေပြည်တော် သူ၏ ရုံးတွင် အခန်းအနားဖြင့် ဂုဏ်ပြု ကြိုဆိုခဲ့ကြောင်း ကြာသပတေးထုတ် နိုင်ငံပိုင်သတင်းစာများက ဖော်ပြကြသည်။
ဦးသိန်းစိန် ဦးဆောင်သည့် ဆောက်လုပ်ရေး၊ ကာကွယ်ရေး၊ စီမံ/စီးပွား၊ ပို့ဆောင်ရေး၊ စွမ်းအင်၊ စီးပွား/ ကူးသန်းပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများနှင့် မစ္စယင်းလပ်ဦးဆောင်သည့် ထိုင်း ကိုယ်စားလှယ်အဖွဲ့တို့ ညနေ ၄ နာရီ မိနစ် ၅ဝတွင် တွေ့ဆုံကြစဉ် နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံမှု၊ ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားများ ကိစ္စ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စများ ဆွေးနွေးကြသည်။
မစ္စယင်လပ်သည် ထိုင်းအစိုးရကိုယ်စား မိုးလေဝါသနှင့် ဇလဗေဒဆိုင်ရာ ကိရိယာများကို လွှဲပြောင်းသည့် အထိမ်း အမှတ် ဆိုင်းဘုတ်ပေးအပ်ပြီး နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများအကြား ကရင်ပြည်နယ်သင်္ကန်း ညီနောင်မှကော့ကရိတ်အထိ လမ်းဖောက်လုပ်ရန် သဘောတူခဲ့ကြသည်။
နေးရှင်းသတင်းစာ ဆောင်းပါးရှင် Supalak Ganjanakhundee ကမူ ဒေသတွင်းအင်အားကြီး အိန္ဒိယ၊ တရုတ်နိုင်ငံနှစ်နိုင်ငံအကြား နယ်စပ်ချင်း ဆက်စပ်နေပြီး ကမ္ဘာ့မဟာဗျူဟာ ပထဝီအနေအထားတွင် တည်ရှိနေသည့် မြန်မာနိုင်ငံကို စီးပွားရေး အကျိုးအမြတ်တခုထဲဖြင့် စဉ်းစားမဆက်ဆံသင့်ကြောင်း ဆောင်းပါးရှင်က ဝေဖန်ထားသည်။
မြန်မာနိုင်ငံ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ရေးလုပ်ငန်းစဉ်များကို နိုင်ငံတကာအသိုင်းအဝန်းမှ သတိထား စောင့်ကြည့်နေကြပြီး ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပသမဂ္ဂ တို့ကလည်း သူတို့၏ ထိပ်တန်း ကိုယ်စား လှယ်များကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပြီး အနာဂတ်ပုံစံသစ်ကို သိရှိနိုင်ရန်ကြိုးပမ်းနေကြ သည်ကိုလည်း သတိချပ်မိစေရန် ထောက်ပြထားသေးသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံခဲ့သည့် မစ္စယင်လပ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘောလုံးပွဲ အတူ
ကြည့်ခဲ့သော ဗိုလ်ချုပ်များနှင့် နီးစပ်သူ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်နှင့်မူ တွေ့ဆုံခဲ့သည်။
စီမံ/ စီးပွားရေး ဝန်ကြီးဌာန၏ ၂ဝ၁၁ ဇွန်လ စာရင်းအရ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအတွင်းနိုင်ငံခြားရင်း နှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂.၄၉ ဘီလီယံဖြင့် ဒုတိယ အများဆုံး နိုင်ငံဖြစ်သည်။ တရုတ်နိုင်ငံက ၁၃ ဘီလီယံဖြင့် အများဆုံးဖြစ်သည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့ ရတနာနှင့် ရဲတံခွန်လုပ်ကွက်မှ သဘာဝဓာတ်ငွေ့များကို ၁၉၉၈ခုမှစ၍ ဝယ်ယူနေသည်။ အရှေ့အလယ်ပိုင်းနှင့် ဥရောပမှ ကုန်စည်များတင်သွင်း ရန် ရည်ရွယ်ပြီး ခန့်မှန်း အမေရိကန်ဒေါ်လာ ၁၃ ဘီလျံ ကုန်ကျခံ တည်ဆောက်မည့် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့်အထူး စီးပွားရေးဇုန် စီမံကိန်းကို BOT စာချုပ်အရ ထိုင်းက နှစ်ပေါင်း ၆ဝ စီမံ ခွင့်ရမည်ဖြစ်သည်။
အပြန်အလှန်အားဖြင့် ထိုင်းနိုင်ငံက ၂ဝ၁၄ တွင် မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနေရာ ရယူရေး
ထောက်ခံထားသော်လည်း လက်ရှိ အလှည့်ကျ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီဂါဝါ Marty Natalegawa ကမူ မကြာမီ ဒေါ်အောင်ဆန်းစုကြည်နှင့် သွားတွေ့ပြီး သဘောထားမေးမြန်းမည်ဟုသိရ သည်။
၂ဝ၁၁ ခု ဇူလိုင် ၃ ရက် အောက်လွှတ် တော် ရွေးကောက်ပွဲတွင် ဖူးရာ့ထိုင်းပါတီခေါင်းဆောင် မစ္စ ယင်လပ် ရှင်နာဝါထရာသည် ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မစ္စတာ အဖိဆစ် ဝေ့ချ်ချာချီဝကို မဲ ၁ဝဝ ကျော်ဖြင့် အနိုင်ရခဲ့သည်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ပြည်နယ်ဇာတိ အသက် ၄၄ နှစ်အရွယ် မစ္စယင်လပ်သည် အမေရိကန် ကင်တပ် ကီပြည်နယ် တက္ကသိုလ်မှ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု မဟာဘွဲ့၊ ချင်းမိုင် တက္ကသိုလ်မှနိုင်ငံရေးသိပ္ပံ ဘွဲ့များ ရရှိထားသော်လည်း သူ၏ အကို ဝန်ကြီးချုပ်ဟောင်း မစ္စတာတပ်ဆင် ၏ အရှိန်ဖြင့်ဝန်ကြီးချုပ်ဖြစ် လာသည်ဟု စွပ်စွဲခံရပြီးနိုင်ငံရေးအတွေ့အကြံုနည်းသည်ဟု ဝေဖန်မှုများ ရှိနေသည်။
မြန်မာ့အရေးဆောင်ရွက်သည့် အာဆီယံ ပါလီမန် အမတ်များအဖွဲ့ AIPMC အင်ဒိုနီးရှားရုံးမှဦးဆောင် ညွှန်ကြာရေးမှူး အာဂွန်း ပူထရီက မြန်မာပြုပြင်ပြောင်းလဲရေးကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် ထိုင်းနိုင်ငံက မစ္စယင်းလပ် သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသင့် ကြောင်းပြောသည်။
“မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်မှာ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍကို ကျဆင်းစေမှာဖြစ်ပြီး ထိုင်းအစိုးရနဲ့ မြန်မာ လူထုအကြားပိုပြီး ကင်းကွာစေမှာဖြစ်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။
မြန်မာ- ထိုင်းနှစ်ဘက် နိုင်ငံခြားရေးဝန်ကြီးများ သဘောတူခဲ့သည့် ကရင်ပြည်နယ် သင်္ကန်းညီနောင်- ကော့ကရိတ် လမ်းသည် ၂ဝဝ၂ ခုတွင် အိန္ဒိယ၊ ထိုင်း၊ မြန်မာ သုံးနိုင်ငံ သဘောတူထားသည့် အိန္ဒိယ အရှေ့မြောက် မိုးရေးမှမြန်မာနိုင်ငံ ပုဂံမြို့ကိုဖြတ်၍ ထိုင်းနိုင်ငံ မဲဆောက်သို့ သွယ်တန်းမည့်အမြန် လမ်းမကြီး၏ အစိတ်အပိုင်းတခုဖြစ်သည်။