ဆွေးနွေးပွဲနှစ်ဖက်ကိုယ်စားလှယ်များ ရေးမြို့သို့ရောက်ရှိနေ

ဆွေးနွေးပွဲနှစ်ဖက်ကိုယ်စားလှယ်များ ရေးမြို့သို့ရောက်ရှိနေ
by -
မင်းသုတ

မင်းသုတ - မွန်ပြည်နယ်အစိုးရနှင့်မွန်ပြည်သစ် ပါတီတို့ အသစ်တဖန်တွေ့ဆုံဆွေးနွေးရန်နှစ်ဖက် ကိုယ်စားလှယ်များ မွန်ပြည်နယ်၊ရေးမြို့သို့ ရောက်ရှိ နေသည်ဟုမွန်ဝန်ကြီးတစ်ဦးနှင့်နီးသူတစ် ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

MNSP-ARMY
“ဒီနေ့လား မနက်ဖြန်လား၊ ဘယ်လိုဘယ်ပုံ ဘာအကြောင်းတွေဆွေးနွေးမှာကို မသိရပါဘူး၊ အထူးသဖြင့် မွန်ပြည်သစ်က အထူးလျှို့ဝှက်ထားတယ်၊” ဟု သူကဆက်ပြောသည်။

မွန်ပြည်နယ်အစိုးရဖက်မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဌေးမြင့်အောင်နှင့်မွန်ပြည်သစ်ပါ တီမှ ဗဟိုအလုပ်အမှုဆောင် နိုင်တလညီတို့ အဓိကဦးဆောင်ဆွေးနွေးမည်ဟု သိရသော်လည်းမွန်ပြည်သစ် ပါတီဗဟိုမှ ယခုဆွေးနွေးပွဲကိစ္စကို ထုတ်ဖေါ်ပြောဆိုရန် ငြင်းပယ်ခဲ့သည်။

မွန်ပြည်သစ်ပါတီ စစ်ရေးအကြံပေးပုဂ္ဂိုလ်အငြိမ်းစားဗိုလ်မှူးကြီးဟောင်း ကောင်းရွတ်က“ပြည်နယ်အဆင့် လောက်နဲ့ဆွေးနွေးလို့တော့ အလုပ်ပြီးမြောက်အောင်မြင်မှာမဟုတ်ပါဘူး၊ UNFC အနေနဲ့ပဲဆွေးနွေးသင့်ပါ တယ်၊ ဒါမှလည်းတပြည်လုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးကိုဖေါ်ဆောင်နိုင်လိမ့်မယ်” ဟု ပြောသည်။

ထို့အပြည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များပါဝင်ခြင်းမရှိပါက မွန်ပြည်နယ် ကြံ့/ ဖွတ်အစိုးရ၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုကို လက်မခံရန် မွန်ပြည်သစ်ပါတီအား အလေးအနက်တိုက်တွန်းထားသော ကြေငြာချက်တစ်ရပ်ကို နိုင်ငံတကာရောက်မွန်အမျိုးသားပူးပေါင်း ဆောင်ရွက်ရေးကော်မတီ (Overseas Mon Coordination Committee- OMCC) ကယမန်နေ့ အောက်တိုဘာလ (၃) ရက် နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သည်။

မွန်ပြည်သစ်ပါတီသည် ယခင်စစ်အစိုးရနှင့် ၂၀၁၀ ခုနှစ်၊ စက်တာဘာလဆန်းပိုင်းတွင် ၁၅ နှစ်ကျော် အပစ်အခတ်ရပ်စဲမှု ပျက်ပြယ်ခဲ့သော်လည်း နှစ်ဖက်တပ်ဖွဲ့များ အပြန်အလှန်ပစ်ခတ်မှုများ မရှိသေးပေ။

ထိုသို့အပစ်ရပ်နိုင်ရန် မွန်ပြည်သစ်ပါတီနှင့် ယခင်စစ်အစိုးရတို့သည် မော်လမြိုင်မြို့ရှိအရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် တစ်နှစ်ခွဲကာလအတွင်း လေးကြိမ်တိတိ ဆွေးနွေးပွဲပြုလုပ်ခဲ့သည်ဟုသတင်းမှတ်တမ်း များအရ သိရသည်။