နယ်စပ်ကုန်သွယ်လမ်းများ ဖောက်လုပ်ရေး အိန္ဒိယ-မြန်မာ ဆွေးနွေးစေလို

နယ်စပ်ကုန်သွယ်လမ်းများ ဖောက်လုပ်ရေး အိန္ဒိယ-မြန်မာ ဆွေးနွေးစေလို
by -
သဲသဲ

နယူးဒေလီ(မဇ္စျိမ)။          ။ အိန္ဒိယအစိုးရ၏ အကူအညီဖြင့် ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးလမ်းများ တိုးမြှင့် ဖောက်လုပ်ရေးကို မြန်မာသမ္မတသစ်၏ အိန္ဒိယနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း   ထည့်သွင်း ဆွေးနွေးစေလိုကြောင်း ဒေသခံ ချင်းတိုင်းရင်းသား ပါတီများက ပြောဆိုသည်။

သမ္မတ ဦးသိန်းစိန်၏ တတိယမြောက် နိုင်ငံခြားခရီးစဉ်အဖြစ် အောက်တိုဘာလအတွင်း  အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားသည့်အပေါ် ချင်းတိုးတက်ရေးပါတီ CPP နှင့် ချင်းအမျိုးသားပါတီ CNP တို့က ပြောဆိုခြင်းဖြစ်သည်။

မြန်မာနှင့် အိန္ဒိယအစိုးရ ခေါင်းဆောင်များတွေ့ဆုံရာတွင် နှစ်နိုင်ငံ နယ်စပ်လုံခြံုရေးနှင့် စီးပွားရေး ကိစ္စရပ်များဆွေးနွေးဖွယ်ရှိကြောင်း သမ္မတ အကြံပေး ဒေါက်တာနေဇင်လတ်က မဇ္စျိမနှင့်မေးမြန်းခန်း တခုတွင် ဖြေကြားခဲ့သည်။

Chin-Road4
အိန္ဒိယ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ် (ဇောကွတ်ထား)နှင့် ချင်းပြည်နယ် (ရိဒ်)ရှိ ဒုတိယ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ၂ဝဝ၄ ခုနှစ်ကပင် ဖွင့်လှစ်ခဲ့သော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ကုန်သွယ်မှု နှေးကွေးနေကြောင်း CPP ပါတီကပြောသည်။

“နယ်စပ်လမ်းဖောက်လုပ်ရေးကို ဦးစားပေးစေချင်တယ်။ တမူးမိုးရေး နယ်စပ်လမ်း ဖောက်သလိုမျိုးပေါ့။ ရိဒ်နဲ့ဖလမ်း နယ်စပ် ကုန်သွယ်ရေး အတွက် လက်မှတ်ထိုးထားတာ အဲဒါ အခုထိ အကောင်အထည် မပေါ်ဘူးဖြစ်နေတယ်”ဟု CPP ပါတီ ဥက္ကဋ္ဌ ဦးနိုထန်ကပ်က ပြောသည်။

အိန္ဒိယနှင့် ချင်းပြည်နယ်အတွင်းရှိ မြို့များသို့ တိုက်ရိုက် ကုန်သွယ်နိုင်မည့် ရိဒ်- ဖလမ်း၊ ရိဒ်- တီးတိန် ကားလမ်းများမှာ ဂျစ်ကားငယ်များသာ သွားလာနိုင်ပြီး မိုးရာသီတွင် လမ်းအသုံးပြုနိုင်ရန် ခက်ခဲသည်ဟု CPP က ဆိုသည်။

အိန္ဒိယ မြန်မာနယ်စပ် ကုန်သွယ်ရေး စခန်းများကို အိန္ဒိယဘက်မှ မဏိပူပြည်နယ် မိုးရေးနှင့် မြန်မာဘက်မှ စစ်ကိုင်းတိုင်း တမူးမြို့၊ အိန္ဒိယ မီဇိုရမ်ပြည်နယ် ဇောကထားနှင့် ချင်းပြည်နယ် ရိဒ်ခေါသာမြို့တို့တွင်  ဖွင့်လှစ် ထားသည်။

မဏိပူ ပြည်နယ် မိုးရေးမှ စစ်ကိုင်းတိုင်း ကလေးဝမြို့အထိ ၉၉ မိုင်ရှည်သည့် တမူး-မိုးရေး ကားလမ်းကို  အိန္ဒိယ အစိုးရက ဖောက်လုပ်ပေးခဲ့ပြီး ၂ဝဝ၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ကာ နှစ်နိုင်ငံ အချက်အချာကုန်သွယ် ရေး လမ်းကြောင်း ဖြစ်လာခဲ့သည်။

ထိုလမ်းကို အိန္ဒိယ- မြန်မာ- ထိုင်း သုံးနိုင်ငံ အမြန်လမ်းမကြီးအဖြစ် မန္တလေး၊ မြဝတီမြို့များမှထိုင်းနိုင်ငံ အထိ၂ဝ၁၄ ခုနှစ်တွင် အပြီးသတ် ဖောက်လုပ်သွားမည်ဖြစ်သည်။

အိန္ဒိယနှင့် နယ်စပ်ကုန်သွယ်ရေး တိုးတက်လျှင် ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာမည့် အပြင်ပြည်နယ်ဝင်ငွေ တိုးတက်လာမည်ဟု CNP ပါတီဆိုသည်။

“နယ်စပ် ကုန်သွယ်ရေးမှာ အိန္ဒိယရဲ့ မားကတ်လိုတယ်။ ချင်းပြည်နယ် ဝင်ငွေကလည်း မားကတ်ကနေ ကောက်ရတဲ့ အခွန်လောက်ပဲ အားကိုးစရာရှိနိုင်ပါတယ်”ဟု CNP ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောသည်။

၂ဝဝ၈ ခုနှစ် မေလ အတွင်း ဒုတိယ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မောင်အေးနှင့် အိန္ဒိယ အစိုးရတို့ သဘောတူ လက်မှတ် ရေးထိုးခဲ့သည့် ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းအပေါ် ဦးဇိုဇမ်က“ချင်းပြည် နယ်အတွက်တော့အခုထိ ဘာအကျိုးကျေးဇူးမှ မတွေ့သေးဘူး” ဟု ဆိုသည်။

အိန္ဒိယ ကုန်းတွင်းပိုင်း ပြည်နယ်များကို ပင်လယ်ရေကြောင်း လမ်းပွင့်စေမည့် ကုလားတန် စီမံကိန်းတွင် အိန္ဒိယ မီဇိုရမ်ပြည်နယ်မှ ချင်းပြည်နယ် ပလက်ဝမြို့သို့ အဝေးပြေးလမ်းဖောက်လုပ်ရေး၊ ရခိုင်ပြည်နယ် စစ်တွေရေနက်ဆိပ်ကမ်း တည်ဆောက်ရေးတို့ ပါဝင်သည်။

မီဇိုရမ်ပြည်နယ်မှ ကုန်စည်များ ပလက်ဝ၊ စစ်တွေတို့ မှတဆင့် နိုင်ငံတကာသို့ တင်ပို့နိုင်ရန်ရည်ရွယ်ထား သည့် ထိုစီမံကိန်းမှာ၂ဝ၁၃ ခုနှစ် တွင်ပြီးစီးမည်ဟု ခန့်မှန်းထားပြီး အမေရိကန် ဒေါ်လာ ၁၃၂ သန်း ကုန်ကျမည် ဖြစ်သည်။

အိန္ဒိယ အစိုးရက ကုလားတန်စီမံကိန်းနှင့် အာရှလမ်းမကြီး စီမံကိန်းများကို နိုင်ငံအတွင်းလုပ်ကိုင်ဆောင် ရွက်နေသော်လည်း ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးမှာ ကွက်ကျန်နေသည်ဟု ချင်းပါတီများက ပြောသည်။

သမ္မတဦးသိန်းစိန်သည် တရုတ်နိုင်ငံသို့ ပြီးခဲ့သည့် မေလ ၂၆ရက်မှ ၂၈ ရက်နေ့အထိ ၃ ရက်ကြာသွား ရောက် လည်ပတ်ခဲ့ပြီး တရုတ်သမ္မတ ဟူကျင်တောင်းနှင့် တွေ့ဆုံခဲ့သည်။ တရုတ်အစိုးရမှအမေရိကန် ဒေါ်လာ ရ၆၃ သန်းကို ချေးငွေအဖြစ် ကူညီခဲ့ပြီး နှစ်နိုင်ငံ သဘောတူစာချုပ် ကိုးခု ချုပ်ဆိုခဲ့သည်။

Most read this week