ရေကာတာ တည်ဆောက်မည့် ဧရိယာများတွင် သွားလာခွင့် မပြု

ရေကာတာ တည်ဆောက်မည့် ဧရိယာများတွင် သွားလာခွင့် မပြု
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်တွင် မြန်မာအစိုးရနှင့် တရုတ်တို့ တည်ဆောက်မည့် ရေကာတာ ၃ ခု၏ ဧရိယာများ တွင် ကရင်နီတပ်မတော်မှ မြေမြုပ်မိုင်းများ ၀င် ရောက်ထောင်ထားမှာကို စိုးရိမ်သဖြင့် အစိုးရတပ်က သွားလာခွင့် ပိတ်ပင်ထားကြောင်း သိရသည်။

ဘောလခဲမြို့နယ်အတွင်း သံလွင်မြစ်နှင့် ပွန်ချောင်းပေါ်၌လည်းကောင်း၊ လွိုင်ကော်မြို့နယ်မြောက်ဘက် သဘက်ချောင်းပေါ်၌လည်းကောင်း ရေကာတာ တည်ဆောက်ရန် သတ်မှတ်ထားသော ဧရိယာများတွင် ဒေသခံရွာသူရွာသားများ သွားလာရန် အစိုးရတပ်များက ပိတ်ပင်တားမြစ်ထားခြင်း ဖြစ်သည်ဟု ကရင်နီ ပြည်ထဲရေး ဒု-တာဝန်ခံ ဗားမားနိုင်က  ပြောသည်။
dam
၎င်းက “သတ်မှတ်ဧရိယာတွေမှာ စစ်တပ်က ရွာသားတွေကို ပေးမသွားဘူး။ သူတို့က ကျနော်တို့ (ကရင်နီတပ်) ဘက်က မိုင်းတွေ သွားထောင်ထားမှာကို ကြောက်တယ်။ ကျနော်တို့ ကရင်နီ ရဲဘော်တွေက ရွာသားတွေလို ဟန်ဆောင်ပြီး မိုင်းတွေ သွားထောင်မှာကို စစ်တပ်တွေက စိုးရိမ်နေတယ်လေ” ဟု ပြောသည်။

ရေကာတာ စီမံကိန်း အနီးအနားတွင် ရွာသူရွာသားများ သွားလာ၍ မရကြောင်း ဒေသခံများကလည်း ဆိုကြသည်။ သံလွင်မြစ် အနီးရှိ ရွာသစ် ရွာသားတဦးက “ကျနော်တို့ကို ဆည်တည်ဆောက်မယ့် နေရာအနီး ဘယ်နေရာကိုမှ သွားခွင့် မပြုဘူး” ဟု ကရင်နီ ဖွံ့ဖြိုးရေး သုတေသန အဖွဲ့ (KDRG) အစီရင်ခံစာသို့ ပြောထားသည်။

ရေကာတာ စီမံကိန်း ၃ ခုအနက် သံလွင်မြစ်ပေါ်၌ ရွာသစ် ရေကာတာကို ယခုနှစ်ဆန်းပိုင်းမှ စတင်ဆောက် လုပ်နေပြီဖြစ်ကြောင်း၊ ပွန်ချောင်း ရေကာတာကို နေရာ တိုင်းတာမှု ပြုလုပ်ပြီး မှတ်တိုင်များရိုက်နှက်ထားပြီး ဖြစ်ကြောင်း၊ သဘက်ချောင်း ရေကာတာကိုတော့ နေရာ တိုင်းတာမှုသာ ပြုလုပ်ခဲ့ပြီးသေးကြောင်း ဗားမားနိုင်က ဆက်ပြောသည်။

သံလွင်မြစ် (ရွာသစ်) ရေကာတာတွင် လျှပ်စစ်ဓါတ်အား ၆၀၀ မီဂါ၀ပ်၊ ပွန်ချောင်း ရေကာတာတွင် လျှပ်စစ် ဓါတ်အား ၁၃၀ မီဂါ၀ပ်နှင့် သဘက်ချောင်း ရေကာတာတွင် လျှပ်စစ်ဓါတ်အား ၁၁၀ မီဂါ၀ပ် ထုတ်လုပ်ရန် မြန်မာအစိုးရက လျာထားသည်။ သို့သော် ထွက်ရှိမည့် ယင်းလျှပ်စစ်ဓါတ်အားများကို မည်သည့် နေရာတွင် အသုံးပြုသွားမည်၊ မည်သည့် နိုင်ငံကို ရောင်းထုတ်သွားမည် ဆိုသည်ကိုတော့ အစိုးရကထုတ်ပြန်ကြေညာ ထားခြင်း မရှိသေးပေ။

ယင်းရေကာတာ စီမံကိန်းများကြောင့် ကရင်နီပြည်နယ်တွင် ကျေးရွာပေါင်း ၂၁၂ ရွာနှင့် ဒေသခံပြည်သူ ၃၂၀၀၀ ကျော် အခက်အခဲနှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု KDRG က ဆိုသည်။ ယင်းရေကာတာ စီမံကိန်းများအတွက် ယခင် မြန်မာစစ်အစိုးရနှင့် တရုတ် နိုင်ငံတောင်ပိုင်း အကြီးစား ရေအားလျှပ်စစ် ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်သည့် ဒါးတန်း ကော်ပိုရေးရှင်း (Datang Corporation) တို့က ယခင်နှစ် ဇန်နဝါရီလတွင် နားလှည်မှု စာချွန်လွှာတရပ် လက်မှတ်ရေးထိုးခဲ့ကြသည်။