ချင်းမိုင် (မဇ္ဈိမ) ။ ။ ပုဂ္ဂလိကစာသင်ကျောင်း များ ထူထောင်ခွင့် ဥပဒေမူကြမ်းတွင်အထက် လွှတ်တော်က ကန့်သတ်ထားချက်ကို အောက် လွှတ်တော်က ပယ်ဖျက်လိုက်သဖြင့်လွှတ်တော် နှစ်ရပ် သဘောမတူနိုင်ဘဲ ဖြစ်နေရာ လွှတ်တော် နှစ်ရပ် ပထမဆုံး သဘောကွဲလွဲမှု ဖြစ်သည်။
ဗုဒ္ဓဟူးနေ့က အထက်လွှတ်တော် ဆွေးနွေးမှုတခုတွင် အောက်လွှတ်တော်က ပြန်လည်ပေးပို့သည့် အစိုးရက တင်သွင်းသော "ပုဂ္ဂလိကကျောင်း တည်ထောင်ခွင့် ဥပဒေမူကြမ်း" တွင် မူလတန်း အဆင့်ကိုပါ ကျောင်း ထောင်ခွင့်ပြုထားပြီး တိုင်းနှင့် ပြည်နယ် အုပ်ချုပ်ရေးမှူးများကိုလည်း ကျောင်းထောင်လိုပါက ထူထောင်နိုင်ခွင့် ပြုထားသည့် အပေါ် အဓိက သဘောမတူဟု ဆုံးဖြတ်လိုက်ကြသည်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အမတ်များဖြစ်သည် ဦးနု၊ ဦးခင်မောင်ရီ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ်မှဦးဖုန်းမြင့် အောင်၊ ဝ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းပေါင်းနပ်တို့က အောက်လွှတ်တော် ဥပဒေမူကြမ်း ကော်မတီ၏ ပြင်ဆင်ချက်များကို ကန့်ကွက်ကြခြင်း ဖြစ်သည်။
အထက်လွှတ်တော်တွင် အမတ်ဦးရေ ၃၀၀ ကျော်ရှိသည့်အနက် အောက်လွှတ်တော်မှ ပြန်ပို့သောဥပဒေမူကြမ်း ကို သဘောတူသူ တဦးမှ မပေါ်ထွက်ခဲ့ခြင်းလည်း ဖြစ်သည်။
လွှတ်တော်နှစ်ရပ်ပေါင်း ဖြစ်သော ပြည်ထောင်စု လွှတ်တော် ဆွေးနွေးမှုတွင် ယခုဥပဒေမူကြမ်းကို ဆက်လက်
ဆွေးနွေးရန် သတ်မှတ်လိုက်ကြသည်။ ပြည်ထောင်စုလွှတ်တော်ကို မည်သည့်နေရက်တွင် ကျင်းပမည်ဟု မသတ်မှတ်ရသေးပေ။
ပညာရေးဝန်ကြီး ဒေါက်တာမြအေးက အထက်လွှတ်တော်တွင် စတင်သွင်းသော ဥပဒေ ၄၁ ခုပါရှိကာ အခန်း ၈ ခန်းဖြင့် ဖွဲ့စည်းထားသည့် ဥပဒေမူကြမ်းတွင် မူလတန်းအဆင့်ကို ပုဂ္ဂလိက ကျောင်းထောင်ခွင့်ကန့်သတ် ထားသော်လည်း အထက်လွှတ်တော်က စက်တင်ဘာ ရ ရက်နေ့တွင် အတည်ပြုပေးခဲ့သည်။
ထို့နောက် အောက်လွှတ်တော်သို့ ရောက်သွားရာတွင် အောက်လွှတ်တော် ဥပဒေမူကြမ်း ရေးဆွဲရေးကော်မတီ ကပြင်ဆင်ရေးဆွဲမှုများ ပြုလုပ်ခဲ့ပြီး တင်သွင်းဖတ်ကြားရာ ဆွေးနွေးမည့်သူ မရှိ၍ အလိုအလျောက် သဘောတူညီမှုမြောက်သွားခဲ့သည်။
ဥပဒေမူကြမ်းတွင် တိုင်းရင်းသားများအနေဖြင့် ယင်းတို့၏ ကိုယ်ပိုင်ဘာသာစကားနှင့် သင်ကြားခွင့်တို့အတွက် ထပ်ဆောင်းဘာသာရပ်အဖြစ် သင်ကြားနိုင်သည်ဟု ပါရှိသည်။
ယင်းအပြင် ပညာရေးဝန်ကြီးဌာန၏ သင်ရိုးညွှန်းတမ်းများ အတိုင်း သင်ကြားကြရမည်ဖြစ်ကာ နိုင်ငံခြားသား ဦးစီး တည်ထောင်သည့် ကျောင်းမဖြစ်ရန်လည်း ကန့်သတ်ထားသည်။ ဥပဒေ ချိုးဖေါက်ပါက အမြင့်ဆုံး ပြစ်ဒဏ်အဖြစ်ထောင်ဒဏ် သုံးနှစ်နှင့် ငွေဒဏ် သုံးသိန်းကို သတ်မှတ်ထားသည်။