အစိုးရက တောင်ပိုင်း SSA ကို ငြိမ်းချမ်းရေးစကား ကမ်းလှမ်း

အစိုးရက တောင်ပိုင်း SSA ကို ငြိမ်းချမ်းရေးစကား ကမ်းလှမ်း
by -
ဇော်ကြီး

အစိုးရက ရှမ်းပြည်တပ်မတော် တောင်ပိုင်း ခေါ် ရှမ်းပြည် ပြန်လည် တည်ဆောက်ရေး ကောင်စီ SSA/ RCSS တပ်ဖွဲ့အား ဌာနေပြည်သူ့စစ် တပ်ဖွဲ့များမှ တဆင့် ငြိမ်းချမ်းရေးစကား ကမ်းလှမ်းလာသည်ဟု SSA ကပြောသည်။

nmg-ssas-01

ရှမ်းပြည်အလယ်ပိုင်း နမ့်ဆန်ဒေသ အခြေစိုက် ဦးစိုင်းယီ ဦးဆောင်သည့် ပြည်သူ့စစ် ခေါင်းဆောင် များနှင့် ရှမ်းပြည်တောင်ပိုင်း ဟိုမိန်းဒေသ အခြေစိုက် မဟာကြာဦးဆောင်သည့် SSS တပ်ဖွဲ့မှ ပြည်သူ့စစ် ခေါင်းဆောင်များမှ တဆင့် စက်တင်ဘာ လကုန်ပိုင်းက စကားကမ်းလှမ်းခဲ့သည်ဟု တောင်ပိုင်း SSA အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက အခုလို ပြောသည်။

“နိုင်ငံတော် အစိုးရက ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ဆန္ဒရှိကြောင်း ကြေငြာချက်တွေလည်း ထုတ်ပြန် ကြေငြာပြီးဖြစ်တယ်။ ဒီတော့ ကျနော်တို့ အဖွဲ့အစည်းအပါအဝင် လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနဲ့ ငြိမ်းချမ်းရေးတွေ ဖော်ဆောင်ဖို့အတွက် လိုလားတဲ့ အကြောင်း ဌာနေ ပြည်သူ့စစ်တွေ ဆီကို စကား ပါးလာတာပဲ ဖြစ်ပါတယ်။”

ပြည်ထောင်စု အစိုးရ အဖွဲ့မှ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း ကြေငြာချက်အား လွန်ခဲ့သည့် သြဂုတ်လ (၁၈) ရက်နေ့က တရားဝင် ထုတ်ပြန်လိုက်သည်။

ယင်းကြေငြာချက် ထုတ်ပြန်ပြီးနောက် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ နေ၍ ထိုင်းအာဏာပိုင်များ မှတဆင့် စကားကမ်းလှမ်းမှု ပြုလုပ်ခဲ့သေးသည်ဟုလည်း ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောသည်။

ထို့အပြင် SSA နှင့် အစိုးရအဆက်ဆက်တို့ အကြား ဖြစ်ပွားနေသည့် ပဋိပက္ခများ ဖြေရှင်းနိုင်ရန် SSA အနေဖြင့် ယခင်ကတည်းက တောင်းဆိုထား ခဲ့ပြီး အစိုးရဘက်မှလည်း တရားဝင် ကမ်းလှမ်း လာလိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းက အခုလို ပြောသည်။

“မပြေလည်သေးတဲ့ ပြဿနာတွေကို ငြိမ်းချမ်းတဲ့ နည်းနဲ့ အဖြေရှာကြဖို့ ကျနော်တို့ အမြဲတန်းဘဲ တခါးဖွင့်ပြီးတော့ ကြိုဆိုထားတဲ့ အကြောင်း ကျနော်တို့ ထုတ်ပြန် ကြေငြာထားတာတွေ ရှိတယ် ဆိုတော့ လက်ရှိ အခြေအနေအရ သုံးသပ်ကြည့်မယ်ဆိုရင် ကျနော်တို့ RCSS/ SSA ကို သူတို့ကလည်း တရားဝင် အနေနဲ့ ကမ်းလှမ်းလာ လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။”

လောလောဆယ် အစိုးရဘက်မှ တရားဝင် စာဖြင့် ကမ်းလှမ်းမှုမျိုး မဟုတ်သည့်အတွက် ဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်၍ တစုံတရာ ပြောဆိုခဲ့ခြင်း မရှိသေးကြောင်း ဆက်ပြောသည်။

လွန်ခဲ့သည့် ၂၀၀၇ ခုနှစ် မေလက တောင်ပိုင်း SSA နှင့် စစ်အစိုးရ ကိုယ်စားလှယ်တို့ ထိုင်းမြန်မာ နယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့များတွင်  ငြိမ်းချမ်းရေး ဆွေးနွေးရန် သဘောတူ ခဲ့ကြ သော်လည်း နယ်မြေ ရွေးချယ်သတ်မှတ်မှု အဆင်မပြေသည့်အတွက် ဆွေးနွေးပွဲ အစီအစဉ် ပျက်ပြားခဲ့သည်။

တချိန်တည်းတွင် ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ထံ အစိုးရမှ ပြည်နယ် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ စေလွတ်၍ ကမ်းလှမ်းစာ တစောင် ပေးပို့ခဲ့ပြီး စက်တင်ဘာလကုန်ပိုင်းက ထိုင်းနယ်စပ် တနေရာ၌ နှစ်ဖက် ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ကြသည်။

ယင်းအပေါ် KNU ဘက်မှ သက်ဆိုင်ရာ ခေါင်းဆောင်များ ဆွေးနွေးညှိနှိုင်းပြီး သင့်လျော်သည့် အချိန်တွင် စာဖြင့် အကြောင်းပြန်ကြားရန် ရှိသည်ဟု KNU တပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စောလှငွေက ပြောသည်။

အလားတူ ကရင်ပြည်နယ်နှင့် နယ်မြေချင်း ထိစပ်နေသည့် မွန်ပြည်သစ်ပါတီ NMSP တပ်ဖွဲ့ထံ အစိုးရက ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့များ စေလွတ်ရန် ပြင်ဆင်နေသည်ဟု မော်လမြိုင် မြို့ပေါ်၌ သတင်းများ ထွက်ပေါ်နေကြောင်း NMSP တပ်ဖွဲ့ဝင် ခေါင်းဆောင်တဦးက အခုလို ပြောသည်။ 

“ကျနော်တို့ဖက်ကို ဆက်သွယ်လာတာတော့ မရှိသေးဘူး။ ဒါပေမယ့် ပြည်တွင်းကနေပြောလာတာပေ့ါ နော်။ သူတို့(အစိုးရ)ဖက်က ဆက်သွယ်ဖို့ ကြိုးစားနေတဲ့အကြောင်း ပြောလာတာတော့  ကြားရတယ်။”

KNU နှင့် NMSP တပ်ဖွဲ့များက ပြည်နယ် အစိုးရနှင့် ဆွေးနွေးခြင်းထက် တစုံတရာ ဆုံးဖြတ်ပိုင်ခွင့် ရှိသည့် ဗဟိုအစိုးရနှင့် တိုက်ရိုက် ဆွေးနွေးလိုကြောင်းနှင့် တိုင်းရင်းသား (၁၂) ဖွဲ့ ပူးပေါင်း ပါ၀င်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC တပ်ဖွဲ့ မူအရသာ ဆွေးနွေး နိုင်မည်ဟု ပြောဆိုကြသည်။