ကရင်နီပြည်နယ်တွင် မြန်မာနိုင်ငံသား စိစစ်ရေးကဒ် ပြား မရှိသေးသူများအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနများမှ မှတ်ပုံတင်ကဒ်ပြား များ အခမဲ့နီးပါးဖြင့် ပြုလုပ်ပေးနေသည်။
အစိုးရသစ်တက်လာပြီးနောက်ပိုင်း မှတ်ပုံတင်ပြုလုပ်ရာတွင်တဦးလျှင် မြန်မာကျပ်ငွေ ၆ ကျပ်နှင့် ဓါတ်ပုံခ ကျပ် ၁၀၀၀ ပေးဆောင်ရသည်။ ယခုလအတွင်း ရွာသစ်မြို့တွင် မှတ်ပုံတင်ကဒ်ပြားများပြုလုပ်လျက်ရှိ သည်။
“မှတ်ပုံတင်လုပ်ပြီးရင် မဲလည်း ပြန်ထည့်ကြအုံးနော်။ အရင်က လူတွေ လာလုပ်ပြီးတော့ မဲထည့်တဲ့ချိန်မှာ တယောက်မှ ပေါ်မလာတော့ဘူး” ဟု နိုင်ငံသားကဒ်ပြား ပြုလုပ်ပေးနေသော တာဝန်ရှိသူ တဦးက ပြောသည်။
ထိုနည်းအတူ ကရင်နီပြည် ဘောလခဲမြို့နယ် ရွာသစ်ကျေးရွာမှ ရွာသူကြီးတဦးကလည်း မှတ်ပုံတင်ကဒ်ပြား ပြုလုပ်သူများသည် လာမည့် ရွေးကောက်ပွဲတွင် မဲပြန်လာထည့်ကြရန် မှာကြားသည်။ဒီးမော့ဆိုမြို့နယ် တွင် လည်း မှတ်ပုံတင်ကဒ်ပြားများ ပြုလုပ်ပေးနေသည်ဟု ဒီးမော့ဆိုမှ ဒေသခံတဦးက ပြောသည်။
“ဒီးမော့ဆိုမှာတော့ ကျေးလက်တောရွာတွေမှာ လုပ်ပေးနေတာကြာပြီလေ။ အခုဆို အားလုံးနီးပါး ပြီး လောက်ပြီ” ဟု ဒေသခံကပြောသည်။
ပြည်ပရောက်မြန်မာနိုင်ငံသားများ မှတ်ပုံတင် ကဒ်ပြား ပြုလုပ်လိုပါက လူဝင်မှုကြီးကြပ်ရေး(လဝက)ရုံးသို့ အချိန်မရွေး လာရောက် ပြုလုပ်နိုင်သည်ဟု ဒီးမော့ဆိုမြို့ လဝကရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။
ယခင်စစ်အစိုးရလက်ထက်တွင် မှတ်ပုံတင်ပြောက်ဆုံး၍ အသစ်ပြန်လုပ်လိုသူများအား ၆၀၀၀ကျပ်အထိ ကုန်ကျခံရပြီး လုံးဝမရှိသေးသူများမှာ ၆ ထောင်ထက်မက ပေးဆောင်ရသည်ဟုသိရသည်။
“ကျနော့မှတ်ပုံတင်ပျောက်တော့ ပြန်လုပ်ပါတယ်။ ပြန်လုပ်တော့ရှာလို့မတွေ့ဘူးလို့ ရုံးကပြောတယ်။ အလုပ်ရှုပ်တယ်ရှာရတာ အဲ့လိုပြောတော့ ကျနော်လည်း ကျပ်၂ သောင်းခွဲလောက် ပေးလိုက်ရတယ်။ အဲဒါမှဘဲ အသစ်ပြန်ရပါတယ်” ဟု ဒီးမော့ဆိုမြို့ခံတဦးက ပြောပါတယ်။
အသက် ၁၀ နှစ်ပြည့် (သို့) ၁၈နှစ်ပြည့် မှတ်ပုံတင်လျှောက်ထားသူများသည် ကျပ်ငွေ ၆ ကျပ်ဖြင့်လည်း ကောင်း၊ မှတ်ပုံတင်လဲလှယ်ခြင်းအတွက် ကျပ်ငွေ ၃ကျပ်ဖြင့်လည်းကောင်း၊ မှတ်ပုံတင်ပျက်စီး၊ ပျောက် ဆုံးမှုကြောင့် ပြန်လည်လျှောက်ထားမှုအတွက် ကျပ်ငွေ ၁၀ ကျပ်ဖြင့် ပေးဆောင်ရမည်ဟု ပြည်ထဲရေး ၀န်ကြီးဌာန၏ ကြေညာချက်ကို ပြည်တွင်းထုတ်သတင်းဂျာနယ်များတွင် ဖော်ပြထားသည်။