ကရင်နီပြည်ရေအောက်ရောက်နေ၍ ဆယ်စီမံကိန်းရပ်စဲရန် KDRG မှ သမ္မတသိန်းစိန်ထံ တောင်းဆို

ကရင်နီပြည်ရေအောက်ရောက်နေ၍ ဆယ်စီမံကိန်းရပ်စဲရန် KDRG မှ သမ္မတသိန်းစိန်ထံ တောင်းဆို
by -
နှောင်းလှိုင်

ကရင်နီဖွံ့ဖြိုးရေး သုတေသနအဖွဲ့မှ သမ္မတဦးသိန်း စိန်၏ မြစ်ဆုံရေကာတာ ရပ်စဲရေးကြေညာ ချက် အပေါ် ထောက်ခံကြိုဆိုလိုက်ပြီး ထိုကဲ့သို့နည်းတူ ကရင်နီပြည်နယ်ရှိ တရုတ်ရေကာတာ စီမံကိန်း သစ်များကိုလည်းရပ်စဲပေးရန်တောင်းဆိုလိုက် သည်။

ရေကာတာများကြောင့် ယခုလက်ရှိကရင်နီပြည်သည် ရေအောက်သို့ တလကျော်ကြာ နှစ်မြုပ်နေပြီဖြစ်၍ ပြည်နယ်အတွင်း ဖြတ်သန်းစီးဆင်းသော သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းတို့ကို ရပ်ဆိုင်းပေးရန် ယမန်နေ့က ထုတ်ပြန်ကြေငြာချက်ဖြင့် သမ္မတအားတောင်းဆိုလိုက်ခြင်းဖြစ်သည်။

စက်တင်ဘာလအတွင်း အဆက်မပြတ် ရွာသည့်မိုးကြောင့် ကရင်နီပြည်ရှိ မိုးဗြဲရေကာသည် စိုးရိမ်ရေ အမှတ်ထက် ကျော်လွန်လာပြီး ဆည်ရေများကို ဖောက်ချလိုက်သည့်အတွက် လွိုင်ကော်မြို့မှ ကျေးရွာ ၃ ရွာရှိ အိမ်ခြေ ၅၀၀ ကျော်သည် ခေါင်မိုးအထိ ရေလွမ်းမိုးခြင်းခံလိုက်ရပြီး စပါးစိုက်ခင်း ဧက ၅၀၀ကျော် သည် ရေအောက်တွင် တလကျော်ကြာ နစ်မြုပ်သွားခဲ့ရသည်။

“လူလုပ်လို့ဖြစ်လာတဲ့ ရေကြီးမှုက ရေကာတာနဲ့ ဆက်စပ်နေတာလေ။ အဲဒီကိစ္စကို အခု တည်ဆောက်နေ ဆဲ ပြင်ဆင်နေတဲ့ ရေကာတာကို ရပ်ဆိုင်းဖို့ ဆိုတဲ့သဘောနဲ့ ကျနော်တို့ Press release လုပ်ရခြင်းဖြစ် တယ်” ဟု ကရင်နီဖွံ့ဖြိုးရေး သုတေသန-KDRG မှ တာဝန်ခံ ခူးတော်ရယ်က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်မှစ၍ ရေကြီးမှုကြောင့် ကရင်နီပြည်ဒီးမော့ဆိုမြို့နယ်တွင်လည်း အိမ်ခြေ ၁၃၁ အိမ်ရှိ ဘုရားဖြူကျေးရွာတွင် စပါးခင်း ဧက ၆၀၀ ကျော် ရေအောက်တွင်နစ်မြုပ်သွားသည်ဟု ဒီးမော့ဆိုမှ ဒေသခံ တဦးက ပြောပါသည်။

“ရေကြီးတာအခုထိ မကျသေးဘူး။ ပိုတောင်ကြီးလာသလားပဲ။ ရေကြီးတာ အကြီးအကျယ် ထိခိုက်မှု မရှိပေမယ့် ဒီထက်ကြာလာရင်တော့ ဘယ်လိုနေမယ် မပြောတတ်တော့ဘူး” ဟု ဒီးမော့ဆိုမှ ဒေသခံ တဦးက ပြောသည်။

“အခု မြန်မာနိုင်ငံမှာက ရေကာတာ စီမံကိန်းဆိုလို့ မြစ်ဆုံမှာ တခုတည်းမဟုတ်ဘူးလေ။ မြန်မာနိုင်ငံမှာ တန်းစီပြီးတော့မှ ဧရာဝတီရယ်၊ တခြား မြစ်ကြီး မြစ်ငယ်တွေမှာလည်း ရှိတယ်။ အများကြီးပဲ ဆိုတော့ မြစ်ဆုံတခုတည်းကိုပဲ ရပ်ခိုင်းတာမျိုးကတော့ မလုံလောက်သေးဘူး” ဟု ခူးတော်ရယ်က ပြောသည်။

ထို့ကြောင့် ကရင်နီပြည်တွင်း ရေကာတာကြီး ၃ ခု တည်ဆောက်ရေးအတွက် မြန်မာအစိုးရနှင့်တရုတ်ဒါ တန်း ကော်ပိုရေးရှင်းအကြား နားလည်မှုစာချွန်လွှာချုပ်ဆိုမှုကိုု ရပ်စဲပေးရန် အောက်တိုဘာလ ၄ရက်နေ့ တွင် KDRG က ထုတ်ပြန်ထားသည်။

၄င်း တည်ဆောက်မည့် ရေကာတာကြီး ၃ ခုမှာ သံလွင်မြစ်ပေါ် မီဂါ၀ပ် ၆၀၀ ရှိ ရွာသစ်ရေကာတာ၊ ပွန်ချောင်းပေါ် မီဂါ၀ပ် ၁၃၀ ရှိ ပွန်ချောင်းရေကာတာ၊ လွိုင်ကော်မြို့မြောက်ဖက်၊ သဘက်ချောင်းပေါ် မီဂါ၀ပ် ၁၁၀ ရှိ သဘက်ချောင်းရေကာတာ ဖြစ်သည်။