မြန်မာနှင့် ဘင်္ဂလာဒေချ့် ရေတပ်သင်္ဘောများ အငြင်းပွားနေသည့် ရေပိုင်နက် အနီးတွင် ကင်းလှည့်နေကြ

မြန်မာနှင့် ဘင်္ဂလာဒေချ့် ရေတပ်သင်္ဘောများ အငြင်းပွားနေသည့် ရေပိုင်နက် အနီးတွင် ကင်းလှည့်နေကြ
by -
တာကလူး

မြန်မာနှင့် ဘင်္ဂလာဒေချ့် နိုင်ငံတို့မှ ရေတပ်သင်္ဘော နှစ်စီးသည် နှစ်နိုင်ငံ နယ်စပ်ရှိ အငြင်းပွါးနေသည့် ပင်လယ်ပြင်တွင် တစ်စီးနှင့် တစ်စီး ထိပ်တိုက် ရင်ဆိုင်ကာ ကင်းလှည့် နေကြကြောင်းသတင်းရ ရှိသည်။

မြန်မာနိုင်ငံဘက်မှ ရေတပ်စစ်သင်္ဘောတစ်စီးသည် နှစ်နိုင်ငံ နယ်စပ်အနီး ပင်လယ်ပြင်တွင်ယခုရက်ပိုင်း အတွင်းမှ စတင် ကင်းလှည့် လာခြင်းကြောင့် ဘင်္ဂလာဒေချ့် နိုင်ငံဘက်မှလည်း ၄င်း၏ ရေပြင်ပိုင်နက်ကို ကာကွယ်နိုင်ရန် ရေတပ် သင်္ဘောတစ်စီးကို ယမန်နေ့မှ စတင် စေလွှတ်လိုက်ခြင်းဖြစ်သည်ဟု ဘင်္ဂလာဒေချ့် ထောက်လှမ်းရေးက ပြောသည်။

Myanmar-ships၂၀၀၈ ခုနှစ်က ဤကဲ့သို့ နှစ်ဘက်နိုင်ငံ နေဗီများကို စေလွတ်ခဲ့ကြသည်။ "မြန်မာဘက်က ရေတပ်စစ် သင်္ဘောတစ်စီးဟာ ဒီရက်ပိုင်းအတွင်းမှာပဲ ကျွန်တော်တို့နိုင်ငံရဲ့ နယ်စပ်အနီးမှာ ကင်းလာလှည့်နေ တာကြောင့် ကျွန်တော်တို့ဘက်ကလည်း ကိုယ့်ရေပိုင်နက် ကိုယ်ကာကွယ်နိုင်ဖို့ စစ်သင်္ဘောတစ်စီးကို ယမန်နေ့ကနေ စေလွှတ်လိုက်ရခြင်း ဖြစ်ပါတယ်" ဟု နယ်စပ်အခြေစိုက် ဘင်္ဂလားဒေချ့် စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့မှ အမည်မဖေါ်လိုသူ ၀န်ထမ်းတစ်ဦးက ပြောသည်။

နှစ်ဘက်နိုင်ငံမှ ရေတပ်သင်္ဘောနှစ်စီး နယ်စပ်ပင်လယ်ပြင်တွင် ကင်းလှည့် နေကြကြောင်းကို မြန်မာဘက်မှ ပင်လယ်ပြင် ငါးဖမ်းသမားတစ်ဦးကလည်း ယခုကဲ့သို့ အတည်ပြုပြောကြားသည်။

"သင်္ဘောနှစ်စီး ကင်းလှည့်နေကြတာက တစ်စီးနဲ့ တစ်စီး လှမ်းမြင်နိုင်တဲ့ အကွာအဝေး လောက်မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာပြဿနာမှ မရှိပါဘူး။ ကိုယ့်ဘက်ကကိုယ် သူ့ဘက်ကသူကင်းလှည့်နေကြ တာပဲ ဖြစ်ပါတယ်" ဟု ငါးဖမ်းသမားက ပြောသည်။

မြန်မာရေတပ်စစ်သင်္ဘော (၅၅၂)သည် ယခုအပတ် တနင်္လာနေ့မှစ၍ ဘင်္ဂလာဒေချ့် နယ်စပ်ရှိ ရခိုင် ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန်းတူ ကျောက်တန်းအလွန် ပင်လယ်ပြင်တွင် ကင်းလှည့်နေခြင်းဖြစ်ပြီး၊ ဘင်္ဂလားဒေချ့် ဘက်သို့ မှောင်ခိုကုန်ကူးနေသည့် မြန်မာဘက်မှ စက်လှေများနှင့် ပိုင်နက်ကျော် ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေချ့် ဘက်မှ ငါးဖမ်းလှေများကို လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဘင်္ဂလာဒေချ့် စစ်သင်္ဘောမှာလည်း စိန့်မာတင် (ခေါ်) အုန်းကျွန်း၏ အရှေ့တောင်ဘက် (၄) မိုင်ခန့် အကွာတွင် ကင်းလှည့်နေခြင်းကြောင့် မြန်မာစစ်သင်္ဘောနှင့် တစ်စီးနှင့် တစ်စီးလှမ်းမြင်ရသည့် အကွာအဝေးတွင်သာ ရှိကြောင်းလည်း သိရှိရသည်။

ယခုကဲ့သို့ နှစ်ဘက်နိုင်ငံမှ ရေတပ်စစ်သင်္ဘောများ နယ်စပ်ပင်လယ်ပြင်တွင် ထိပ်တိုက် ရင်ဆိုင်ပြီး ကင်းလှည့်နေကြခြင်းမှာ ၂၀၀၈ ခုနှစ်တွင် နှစ်နိုင်ငံအကြား နယ်စပ်တင်းမာမှု နောက်ပိုင်း ပထမဆုံး အကြိမ်ဖြစ်သည်။

၂၀၀၈ ခုနှစ် တင်းမာမှုနောက်ပိုင်း ဘင်္ဂလားဒေချ့်ဘက်မှ နှစ်နိုင်ငံ ရေပိုင်နက်အငြင်းပွားမှုကို ဖြေရှင်းရန် နိုင်ငံတကာ ပင်လယ်ပြင် တရားခုံရုံး (ITLOS) သို့ ၂၀၀၉ ခုတွင် တင်သွင်းခဲ့သည်။

နိုင်ငံတကာခုံရုံးမှလည်း မြန်မာနှင့် ဘင်္ဂလားဒေချ့် နှစ်နိုင်ငံ အကြားအငြင်းပွားမှုကို ယခုလ အတွင်းတွင် ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပြီး လာမည့်နှစ် မတ်လ အတွင်းအတွင် တရားဆုံးဖြတ်ချက်ကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နှစ်ဘက်နိုင်ငံမှ စစ်သင်္ဘောများမှာ နယ်စပ်ပင်လယ်ပြင်တွင် ၂၀၀၈ ခုနှစ်ကကဲ့သို့ ထိပ်တိုက် ရင်ဆိုင်ပြီး ကင်းလှည့်နေကြခြင်းကြောင့် ပြဿနာ ပိုမို ကြီးထွားလာမည်ကို နှစ်ဘက်နယ်စပ်နေ ပြည်သူများ အထူးစိုးရိမ်နေကြကြောင်း သိရှိရသည်။

Most read this week