လန်ဒန် NLD နှစ်ပတ်လည်နေ့ ရခိုင်အမျိုး သမီးငယ် တဦး တက်ရောက် စကားပြော

လန်ဒန် NLD နှစ်ပတ်လည်နေ့ ရခိုင်အမျိုး သမီးငယ် တဦး တက်ရောက် စကားပြော
by -
မောင်ရမ္မာ

စက်တင်္ဘာလ ၂၇ ရက်နေ့တွင် ကျရောက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်သည့် ၂၃ နှစ် ပြည့်မြောက်နေ့တွင် ဗြိတိန်နိုင်ငံ လန်ဒန် မြို့ မြန်မာသံရုံးရှေ့တွင် မြန်မာနိုင်ငံသားများ သွားရောက် ဆန္ဒပြကြရာ ရခိုင် အမျိုးသမီးငယ် တစ်ဦး တက်ရောက် အမှာ စကားပြော ကြားခဲ့ သည်ဟု သတင်း ရရှိသည်။

အဆိုပါ အမျိုးသမီးမှာ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် အမျိုးသမီးတစ်ဦး ဖြစ်သူ မမေသက်နွယ် ဖြစ်သည်။

သူမ အနေဖြင့် အချက်သုံးချက်ကို အဓိက အလေးထား ပြောကြားခဲ့ကြောင်း နိရဥ္စရာသို့ ပြောသည်။

23rd-anniversary-NLD-in-UK"ပထမ သံရုံးရှေ့မှာကျတော့ ကျွန်မက အချက်သုံးချက်ကို ပြောဖြစ်ပါတယ်။ ပထမ အချက်ကတော့ ရွှေဝါရောင် တော်လှန်ရေးနဲ့ဟာ မြန်မာ တနိုင်ငံလုံး အတွက် အရုပ်ဆိုး အကျဉ်းတန်ခဲ့တဲ့ နေ့ ဖြစ်တယ်။ ဒီနေ့ကို ဘယ်လိုမှ မမေ့သင့်၊ မမေ့ပျောက်သင့်တဲ့ အကြောင်းကို ပြောခဲ့ပါတယ်။ ဒုတိယ အချက်ကတော့ NLD ရဲ့ ၂၃ နှစ်မြောက် တည်ထောင်တဲ့နေ့ အခမ်းအနား ဖြစ်နေတဲ့ အတွက်ကြောင့် ကျွန်မတို့ ALD အနေနဲ့ NLD နဲ့ ဘယ်လို နိုင်ငံရေး အရ အဆက်အစပ်ရှိတယ် ဆိုတဲ့ ဟာကို ပြောခဲ့ပါတယ်။ တတိယအနေနဲ့ကျ တော့ ရခိုင် အမျိုးသားတွေကို ကိုယ်စားပြုပြီး အခုအချိန်မှာ ကျွန်မတို့ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ပြောခဲ့ပါတယ်" ဟု ပြောသည်။

မြန်မာ သံရုံးရှေ့ ဆန္ဒပြပွဲသို့ မြန်မာတိုင်းရင်းသား လူမျိုးပေါင်းစုံ ၁၀၀ ခန့် တက်ရောက်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသားများ အားလုံး ချွင်းချက်မရှိ ချက်ချင်း လွတ်ပေးရန်၊ မြစ်ဆုံဆည် စီမံကိန်းကို ရပ်တန့် ပေးရန်၊ တိုင်းရင်းသား လူမျိုးများအပေါ်မှာ ထိုးစစ်ဆင်နေခြင်းများကို ရပ်တန့်ပေးရန် တောင်းဆိုခဲ့ သည်ဟု သိရသည်။

၎င်းအပြင် ညနေပိုင်းတွင် NLD တည်ထောင်သည့် ၂၃ နှစ်ပြည့် ဂုဏ်ပြုပွဲအခမ်းအနားတရပ်ကို ဘားမား ကင်ပိန်း ယူကေ ရုံးတွင် ပြုလုပ်ရာ NLD ယူကေ ဥက္ကဌ ဒေါက်တာ ဦးဝင်းနိုင်က အဖွင့် အမှာစကား ပြောကြားပြီး တက်ရောက်လာသည့် ချင်းတိုင်းရင်းသား ကိုယ်စားလှယ်များ၊ ကချင်တိုင်းရင်းသားကိုယ်စား လှယ်များနှင့် ရခိုင် တိုင်းရင်းသားကိုယ်စားလှယ်များကလည်း သူတို့၏ ပြည်နယ် အကြောင်းကိစ္စများကို ပြောကြားခဲ့သည်ဟု သိရသည်။

အခမ်းအနားတွင် ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သူ မမေသက်နွယ်က ရခိုင်ပြည်နယ် ကိစ္စနှင့် ပတ်သက်ပြီး ပြောဆိုခဲ့ပုံကိုလည်း သူမက ယခုကဲ့သို့ ပြောသည်။

" ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း ကိစ္စပေါ့လေ။ အဲဒီ ပရိုဂျက်ကနေ အစိုးရက ငွေကြေး အမြတ် အစွန်းတွေ အများကြီး ရတယ်။ ထွက်တဲ့ သဘာဝ ဓါတ်ငွေ့ကိုလည်း တရုတ်ပြည်ကို ရောင်းဖို့ အားလုံး စီစဉ် ထားပြီးသားပါ။ အဲဒီတော့ မြန်မာနိုင်ငံမှာ ဒီလိုမျိုး ရေနံနဲ့သဘာဝဓါတ်ငွေ့ကရတဲ့ ဒီငွေတွေဟာနိုင်ငံ အတွက် အများကြီး ၀င်ငွေရှိတယ်။ ဒါပေမယ့် အဲဒီလို အခြေအနေမှာ ကျွန်မတို့ ရခိုင် ပြည်နယ် ဟာ မြန်မာ တနိုင်ငံလုံးမှာ ဒုတိယ အဆင်းရဲဆုံး ပြည်နယ် ဖြစ်နေတယ်။ နောက်တခုက ရခိုင် ပြည်နယ်မှာ ၉၇ ရာခိုင်နှုန်း သော ပြည်သူတွေဟာ လျှပ်စစ်မီး မရကြဘူး။ ကျွန်မတို့ ဒေသက ရွာတွေမှာဆိုရင်လည်း ဘယ်နေရာမှ လျှပ်စစ်မီး မရှိဘူး။ မြို့ဆိုရင်လည်း မဟာဓါတ်အားလိုင်းက သွယ်တဲ့ လျှပ်စစ်ကိုရကြတာ မဟုတ်ဘူး။ လူတွေက အကုန်လုံးက မိမိပြည်နယ်မှာ ဓါတ်ငွေ့တွေ အလျှံအပယ်ထွက်နေပေမယ့် တစုံတရာ သုံးစွဲခွင့်မရဘဲ ဒုက္ခ ဖြစ်နေကြရတဲ့ အခြေအနေတွေကို အဓိကထား ပြောခဲ့ပါတယ်" ဟု ပြောသည်။

NLD တည်ထောင်တဲ့ ၂၃ နှစ်မြောက် အခမ်းအနားကို ဗမာ၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသား ပါတီမှကိုယ်စား လှယ်များ အပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစုပေါင်း ၁၀၀ နီးပါးခန့် တက်ရောက် ခဲ့သည်ဟု သိရသည်။

Most read this week