ကျမလည်း မွေးရပ်ဌာနေကို မခွဲခွာချင်ဘဲ ခွဲခွာ နေရသူပါ။ တိုင်းတပါးမှာ ရောက်နေတဲ့ကျမလို မြန်မာနိုင်ငံသားတွေလည်း ကိုယ့်ရပ်၊ ကိုယ့်ရွာကို လွမ်းတတ်ကြမှာပါ။ တရက်တာမှာ ကျမအတွက် အိမ်ကိုလွမ်းရဆုံးအချိန်ဟာ ညနေစောင်းနေဝင် ဆည်းဆာချိန်တွေပါဘဲ။
ကျမကအခု ထိုင်းနိုင်ငံနယ်စပ်တနေရာမှာပါ။ ညနေစောင်းတိုင်းဆိုရင် ကျမရဲ့စိတ်တွေက မှိုင်းညှိတဲ့ တောင်စဉ်တန်းရဲ့ တဘက်မှာရောက်နေပါတယ်။ မျက်စိတဆုံးမြင်ရတဲ့ တောင်စဉ်တန်းရဲ့တဘက်မှာ ကျမရဲ့မွေးရပ်မြေ “ငွေတောင်ပြည်”ဆိုတာ ရှိနေလို့ပါဘဲ။
တချိန်က ရွှေအိုရောင် စပါးခင်းတွေရဲ့ အလယ်က ဘော်ငွေရောင် ရေသင်ဖြူးခင်းထားတဲ့ ငွေတောင် ဆည်ကြီးရဲ့ အလှကို အခုတိုင်းတပါးရောက်မှဘဲ ပိုမိုခံစားတတ်လာတာတော့အမှန်ပင်။ တခါကကျမတို့ရဲ့ ဖိုးဖွားတွေရဲ့ ရိုးရာဓလေ့ ဖားစည်သံနဲ့ ဘုံမောင်းသံတွေကိုလည်း လွမ်းမောကာ တမ်းတမိရပြီလေ။
ရယ်မောကာ ကန်ဘောင်ပေါ် အတူပျော်ခဲ့ကြတဲ့ ငယ်ပေါင်းဖော် ရောင်းရင်းတွေလည်း ဘယ်ဆီဘယ်မှာ ဘယ်အခါမှ ပြန်ဆုံတွေ့ကြမှာပါလိမ့်။ အေးမြတဲ့မိဘရင်ခွင်၊ နွေးထွေးတဲ့မိသာစုနဲ့လည်း ဝေးခဲ့ရသည်မှာ အခုဆိုရင် နှစ်တွေကြာညောင်းလှပေါ့။ လွမ်းရပါပေါ့ ငွေတောင်ပြည်ရယ်… အခုဆိုရင်အစိုးရသစ်တွေ တက်လာပြီး တိုင်းပြည်အေးချမ်းတော့မယ်၊ ဒီမိုကရေစီအစိုးရတွေ စတင်ဖြစ်ပေါ်လာတဲ့အတွက် တိုင်းပြည်မှာ အလင်းတန်းတွေ အစပျိုးလာပြီဆိုတဲ့အသံတွေကို ထပ်ကြားရတော့ အိမ်ပြန်ချင်စိတ်ကို ပိုပြီးတွန်းပို့ပေးနေသလိုပါဘဲ။
ကျမလိုဘဲ တိုင်းတပါးမှာရောက်နေကြတဲ့ သူတွေအနေနဲ့ ကိုယ့်ပြည်နဲ့ ကိုယ့်အရပ်ဒေသကို မလွမ်းသူ၊ မပြန်ချင်သူမရှိကြပါဘူး။ အားလုံးလိုလိုက ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဌာနေကိုအမြဲတမ်းလွမ်းဆွတ် တမ်းတနေကြတဲ့သူတွေပါ။
ဒါပေမယ့် ကျမတို့ဘာပြန်လုပ်ကြမလဲ???... ကျမသိရသလောက်ဆိုရင် ကျမတို့ကရင်နီပြည်ကအစိုးရ ၀န်ထမ်းတွေ သူတို့ရတဲ့ ခံစားခွင့်လစာနဲ့တောင် မဖူလုံနိုင်သေးတဲ့ အခြေအနေမျိုးမှာ ကျမတို့လိုတရက် လုပ်မှတရက်စားရတဲ့ လူတန်းစားတွေအတွက် ဘယ်မှာလဲ… အလုပ်???... အလုပ်ဖန်တီးပေးမှုတွေ မရှိသေးတဲ့အခြေအနေအောက်မှာ စားဝတ်နေရေးအတွက် ဘယ်လိုမှ ငွေရှာလို့မရပါဘူး။
ကရင်နီပြည်နယ်က ကျမတို့လို အလုပ်လုပ်နိုင်တဲ့ လူတန်းစားအများစုဟာ မိမိတို့ခြေပေါ်မိမိရပ်တည်နိုင်ဖို့နဲ့ တဝမ်းစာစားဝတ်နေရေးတွေအတွက် အိမ်နီးနားချင်းနိုင်ငံတွေမှာဘဲ သွားရောက်အားကိုးပြီးလုပ်ကိုင် နေကြရတာပါ။ အခုအစိုးရသစ်လက်ထက်မှာ ကျမတို့ကရင်နီပြည်နယ်က ထူးခြားတာတခုကကျမ တို့ပြည်နယ်နဲ့လူထုအတွက် ကိုယ်စားပြုတဲ့ ခေါင်းဆောင်ဆိုတာမတွေ့ရသေးပါဘူး။ ဒါကြောင့်ပြည်နယ် အတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုဖူလုံံရေးတို့နဲ့ အလုပ်အကိုင်ဖန်တီးပေးမှုကိစ္စတွေဘာတခုမှ မယ်မယ်ရရမရှိပါဘူး။ စီးပွားရေးဆိုတာကလည်း စစ်အုပ်စုနဲ့ပိုင်တယ်ဆိုတဲ့ လူနည်းစုကသာလုပ် ကိုင်ဆောင်ရွက်နေကြတာပါ။
အခုကျမတို့ပြည်မှာ “ဒီမိုကရေစီအစိုးရသစ်တက်ပြီ- အလင်းတမ်းတွေစပြုလာပြီ” ဆိုတဲ့ စကားလုံး လှလှလေးတွေအပေါ် နိုင်ငံတကာအနေနဲ့ နိုင်ငံရေးအမြင်မပါဘဲ သာမန်အမြင်ရိုးရိုးနဲ့ ဆုံးဖြတ်လို့ တော့မသင့်ဘူး။ ဒီမိုကရေစီအစိုးရလို့ဆိုနေပေမယ့် ကျမတို့ပြည်မှာ ဘာတွေဖြစ်နေလဲ၊ဘယ်လိုအခက် အခဲတွေ ရင်ဆိုင်ကြံုတွေ့နေရလဲဆိုတာ ကျမတို့အသိဆုံးပါဘဲ။
ယခုလက်ရှိ မြန်မာနိုင်ငံရေးရဲ့ဖြစ်စဉ်တွေအရ ကြည့်မယ်ဆိုရင် ကျမနေထိုင်တဲ့ ငွေတောင်ပြည်ဟာတခြား ပြည်နယ်တွေထက် ထူးခြားနေတာက ကျမတို့အတွက် ကိုယ်စားပြုပေးနိုင်တဲ့နိုင်ငံရေးခေါင်းဆောင် ဆိုတာမရှိပါဘူး။ ယနေ့မြန်မာပါလီမာန်ကိုဘဲ ကြည့်လိုက်ပါ။
ကျမတို့ကရင်နီပြည်သူလူထုတွေ ကြံုတွေ့ခံစားနေရတဲ့ အခက်အခဲတွေအတွက် ဘယ်ကိုယ်စားလှယ်ကမှ တခြားပြည်နယ်ကဲ့သို့ တင်ပြဆွေးနွေးခွင့်ဆိုတာ လုံးဝမရှိပါဘူး။ ဒါလားဒီမိုကရေစီပြုပြင်ပြောင်းလဲမှု ရှိပြီဆိုတာ?...
ကျမတို့မြန်မာနိုင်ငံကအစိုးရဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို လျစ်လျှူရှုပြီး အစိုးရအတွက်ဘဲ လုပ်ကိုင်သေးသ၍ အိမ်ပြန်မယ်ဆိုတဲ့အခွင့်အရေးဟာ ကျမတို့အတွက်ဘယ်တော့မှရှိလာနိုင်မှာတော့ မဟုတ်ပါဘူး။ ကျမတို့လို တိုင်းသူပြည်သားတွေဟာ စားဝတ်နေရေး အကျပ်အတည်းကြောင့် မိမိရဲ့အိမ်၊ မိမိရဲ့ မွေးရပ်ဌာနေကနေမခွဲချင်ဘဲ အတင်းခွဲပြီး တိုင်းတပါးကိုထွက်လာကြရတာပါ။ ဒီခံစားမှု၊ဒီအရ သာတွေကို ကို်ယ်တိုင်မကြံုတွေ့ဖူးတဲ့သူတွေအတွက်တော့ ဘယ်နားလည်ပါ့မလဲ။
တိုင်းတပါးမှာရောက်ပြန်တော့လည်း အိမ်ရှင်နိုင်ငံနဲ့ နိုင်ငံတကာက အဲန်ဂျီအိုအဖွဲ့အစည်းတွေကလည်း နင်တို့တိုင်းပြည်မှာ ဒီမိုကရေစီအစိုးရသစ်ရှိပြီဘဲ မပြန်ချင်ကြတော့ဘူးလားလို့ မေးခွန်းတွေထုတ်ပြန်ပါတယ်။ အိမ်မပြန်ချင်ဘူးလားဆိုတဲ့ မေးခွန်းဟာ ဌာနေကိုမခွဲချင်ဘဲခွဲခဲ့ရတဲ့သူတွေအဖို့ အင်မတန်မှခါးသီးလှ ပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ်လေ ကိုမွေးရပ်မြေဖြစ်တဲ့ ငွေတောင်ပြည်ကို မပြန်သင့်သေးတဲ့အချိန်မှာတော့မပြန်သေး ပါဘူး။ အဝေးမှာရောက်နေပေမယ့် ကျမရဲ့စိတ်တွေကတော့ အေးချမ်းတဲ့ငွေတောင်ပြည်မှာပါဘဲ။ မရောက်ချင်တဲ့နေရာ၊ မနေချင်တဲ့နေရာမှာ နေသင့်လို့နေနေရတာပါ။ ညနေခင်း တိမ်ညိုချိန်တိုင်းမှာ နေရောင်တွေမမြင်တော့တဲ့ တောရိပ်တွေကြားကနေ ကျမရဲ့ အလွမ်းတွေ အမြဲတမ်းဘဲပို့ပေးနေမယ် ငွေတောင်ပြည်ရယ်…