လယ်သမားများပိုင်မြေ ဗိုလ်မှူး တစ်ဦး ရောင်စား၍ လယ်သမားများ လယ်မဲ့ယာမဲ့ဖြစ်

လယ်သမားများပိုင်မြေ ဗိုလ်မှူး တစ်ဦး ရောင်စား၍ လယ်သမားများ လယ်မဲ့ယာမဲ့ဖြစ်
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ပျားတဲရွာအနီးမှ လယ်သမားများပိုင် မြေများကို မြေစာရင်းဦးစီးဌာနတွင် ဗိုလ်မှူး အဆင့်ရှိသူ တစ်ဦးက သူ့အမည်ဖြင့် နာမည် ဖေါက်ပြီး ရောင်စားသွားသဖြင့် လယ်သမားများမှာ လယ်မဲ့ယာမဲ့ ဘဝသို့ အလိုလိုနေရင်း ရောက်ရှိသွားကြရသည်ဟု သတင်း ရရှိသည်။

pyatae
အဆိုပါ မြေကွက် ဧရိယာမှာ ၂၄ ဧက ရှိပြီး ဗိုလ်မှူး ဦးစန်းစန်းမောင်ဆိုသူက အိန္ဒိယ ကုမ္ပဏီ တစ်ခုသို့ သိန်းကျပ် (၄၀၀) ဖြင့်ရောင်းစားသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒေသသို့ ကိုယ်တိုင်သွားရောက်ခဲ့သူ လူငယ် တစ်ဦးက" အဲဒီ ဗိုလ်မှူး ဦးစန်းမောင်မောင်က အဲဒီမြေတွေကို မြေစာရင်းဌာနမှာ သူ့နာမည် ဖေါက်ပြီး Punj Loyd ဆိုတဲ့ အိန္ဒိယ ကုမ္ပဏီကို ရောင်းစားသွားတာပါ။ အခု အဲဒီ ကုမ္ပဏီက မြေကွက်တွေမှာ စီမံကိန်း စတင်နေပါပြီ" ဟု ပြောသည်။

ရွာသာများမှာ ၎င်းတို့ပိုင်သော လယ်မြေများ၊ စားကျက်မြေများကို အိန္ဒိယကုမ္ပဏီမှ စက်ကရိယာများဖြင့် လာရောက် တူးဖေါ်ပြီးမှ မိမိတို့ လယ်မြေများ အသိမ်းခံရသည်ကို သိရှိကြရသည်ဟု သူက ဆိုသည်။

" ကျွန်တော်တို့ သိရသလောက် ဗိုလ်မှူး စန်းမောင်မောင်က ခယက လက်ထက်မှာ ကျောက်ဖြူမှာ တာဝန်ကျဖူးတယ်လို့ သိရပါတယ်။ သူက မြေတိုင်းဌာနက ၀န်ထမ်းတွေကို ငွေနည်းနည်းပေးပြီး အဲဒီမြေတွေကို သူ့နာမည်နဲ့ ဖေါက်ပြီးတော့ ရောင်းစားသွားတာ ဖြစ်တယ်လို့ သိရပါတယ်" ဟု သူက ဆက်ပြောသည်။

ကျောက်ဖြူတွင် တာဝန်ကျခဲ့သော စစ်ဘက်ဆိုင်ရာ လူကြီးများသည် နိုင်ငံခြား စီမံကိန်းများ တည်ဆောက်မည့် နေရာများ၊ ဂတ်စ်နှင့် ရေနံပိုက်လိုင်း ဖြတ်သန်းမည့် နေရာများကို မြေပုံများကို ကြည့်ပြီး သိရှိထားသဖြင့် အဆိုပါ နေရာများကို မြေတိုင်း ဦးစီးဌာနနှင့် ပေါင်းပြီး မိမိပိုင် မြေအဖြစ် ဂရမ်ဖေါက်ထားခဲ့ကြသည်ဟု သိရသည်။

ထိုအထဲတွင် ယခင် အနောက်ပိုင်းတိုင်းမှူး ဖြစ်ခဲ့သော ပြည်ထဲရေး ၀န်ကြီးဟောင်း ဗိုလ်ချုပ် မောင်ဦးလည်း ပါ၀င်ကာ ကျောက်ဖြူမှ (၆) မိုင် အကွာတွင် တည်ရှိသော ဂုံးချိန်ကျေးရွာရှိ အများပြည်သူပိုုင် မြေကွွက် တစ်ခုကို မိမိပိုင်လုပ်ကာ ဒေးဝူး ကုမ္ပဏီကို ကျပ်သိန်း ၄၀၀ ဖြင့် ရောင်းစားသွားခဲ့သည်။

" ကျောက်ဖြူမှာ နေရာကောင်းမှန်သမျှ စစ်ဗိုလ်ချုပ်တွေ လက်ထဲကို ရောက်သွားပါပြီ။ ဒေသခံတွေမှာ ဘယ်ကို တိုင်ကြားရမှန်းလည်း မသိဘူး။ တိုင်ကြားရင်လည်း အဖမ်းခံရမှာကို စိုးပြီး ဘယ်သူမှ လိုက်မလုပ်ရဲဘူး။ ကျောက်ဖြူမြို့နယ်မှာ လယ်တွေ၊ စားကျက်တွေ တဝက်ခန့်က ပြည်သူတွေရဲ့ လက်ထဲမှာ မရှိတော့ဘူး" ဟု တခြား ကျောက်ဖြူ ဒေသခံ တစ်ဦးကလည်း ပြောသည်။

ယခုကဲ့သို့ ဒေသခံများ ပိုင်ဆိုင်သော လယ်မြေများကို Punj Loyd ကုမ္ပဏီက မြေတူးစက်များဖြင့် တူးဖေါ်နေသဖြင့် ရွာသာများမှာ မျက်ရည် တလည်လည်ဖြင့် ဖြစ်နေပြီး အဆိုပါ ကိစ္စကို မည်သို့ ဆက်လုပ်ရမည်ကိုလည်း မသိဘဲ ဖြစ်နေကြသည်ဟု သိရသည်။

၎င်းအပြင် ဂတ်စ်နှင့် ရေနံပိုက်လိုင်းဖြတ်သန်းမည့် နေရာများကိုလည်း မြေတိုင်းဌာနမှ အလံနီများ စိုက်ထူထားပြီး ပိုက်လိုင်း ဖြတ်သန်းရာနေရာကို ကိုက် (၅၀) သိမ်းယူမည်ဟု သတင်းထွက်နေသဖြင့် ရွာသားများ အထူး စိုးရိမ်နေကြသည်ဟု သိရသည်။

Most read this week