နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတွင် အိန္ဒိယ ရင်းနှီးမြှုပ်နှံမှုများ အလွန်နိမ့်ပါးနေသေးသည့် အတွက် ‘နည်းလမ်းသစ်များ ရှာဖွေချဲ့ထွင်’ ကြရန် မြန်မာ ကုန်သွယ်ရေးဝန်ကြီး ဦးဝင်းမြင့်ကတိုက် တွန်း လိုက်သည်။
အင်္ဂါနေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ပြုလုပ်ခဲ့သည့် အိန္ဒိယ-မြန်မာ လေးကြိမ်မြောက် ကုန်သွယ်ရေး ကော်မရှင် အစည်းအဝေးတွင် မြန်မာ ဝန်ကြီးက အိန္ဒိယ စက်မှုအသင်းချုပ်ကြီး CII က ရန်ကုန်မြို့တွင် နိုဝင်္ဘာလ၉ ရက်မှ ၁၂ ရက်နေ့အထိ ကျင်းပရန် စီစဉ်နေသည့် အိန္ဒိယ စီးပွားပြပွဲအား ရည်ရွယ်၍ ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။
အဆိုပါပြပွဲတွင် လယ်ယာ စိုက်ပျိုးရေး၊ အစားအစာ ထုတ်လုပ်ရေး၊ ဆေးဝါး၊ ပညာရေးနှင့် သတ္တု တူးဖော်ရေး အပြင် နည်းပညာ၊ သစ်တော၊ စွမ်းအင် စသည့်ကဏ္ဍများစွာ ပါဝင်မည် ဖြစ်သည်။
လာမည့် ၂ဝ၁၅ တွင် အိန္ဒိယ-မြန်မာ ကုန်သွယ်မှု ပမာဏ ဒေါ်လာသန်းသုံးထောင်ဖြင့် နှစ်ဆ တိုးမြှင့်နိုင်ရန် အတွက် ရည်ရွယ်ပြီး နယ်စပ် ကုန်သွယ်ရေး တိုးချဲ့မှု အပါအဝင် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ကိစ္စများဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ အိန္ဒိယ ကုန်သွယ်ရေးဝန်ကြီး Sri Anand Sharma လည်း တက်ရောက်ခဲ့ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ဥက္ကဋ္ဌ ဦးဝင်းမောင်လည်း တက်ရောက်ခဲ့သည်။
“အိန္ဒိယအနေဖြင့် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု နည်းပညာနှင့် အရင်းအနှီးများ ကြွယ်ဝလှသဖြင့် မြန်မာနိုင်ငံအတွင်း သတင်းနှင့် ဆက်သွယ်ရေး နည်းပညာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံနိုင်ကြောင်း” ဦးဝင်းမြင့်က အကြံပြုထားသည်။
CII ကလည်း ကျန်းမာရေး စောင့်ရှောက်မှု၊ နည်းပညာ၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်း စသည်တို့တွင် ပူးပေါင်းဆောင်ရွက်ပါက နှစ်နိုင်ငံကြား နားလည်မှု ပိုမိုကောင်းမွန်လာစေပြီး ရေရှည် ဖွံ့ဖြိုးတိုးတက်မှု အတွက် အကျိုးဖြစ်ထွန်းစေမည်ဟု ပြောသည်။
ယခုနှစ် ဇူလိုင်လအတွင်းကလည်း မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ် ဖြစ်သည့် ချင်းပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး အတွက် အိန္ဒိယက ဒေါ်လာ ၆ သန်း ကူညီထားသည်။
အိန္ဒိယ အရှေ့မြောက်ပြည်နယ်များကို မြန်မာစစ်တွေ ဆိပ်ကမ်းမှ တဆင့် ပြင်ပကမ္ဘာကြီးအားဆက်သွယ် ပေးမည့် ကုလားတန်ပရောဂျက်ကို ၂ဝ၁၃ မှာ အပြီးသတ်ရန် ဆွေးနွေးခဲ့ကြသည်။
မီဇိုရမ်ပြည်နယ် (ဇောကထား)နှင့် ချင်းပြည်နယ် (ရိ)တို့အကြားရှိ ဒုတိယ နယ်စပ်ကုန်သွယ်ရေးအား လာရောက် ဖွင့်လှစ်ပေးရန် ဦးဝင်းမြင့်အား Mr Sharma က ဖိတ်ကြားခဲ့သည်။
လက်ရှိ ကုန်သွယ်မှုပမာဏမှာ ဒေါ်လာသန်း ၁၅ဝဝ ဖြင့် အိန္ဒိယသည် မြန်မာနိုင်ငံ၏ ပဥ္စမ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ကြောင်း ဦးဝင်းမြင့်က ပြောသည်။
UMFCCI ဖေဖော်ဝါရီလထုတ် ကိန်းဂဏန်းများအရ အခြားအိမ်နီးချင်း နိုင်ငံများဖြစ်ကြသည့် တရုတ်နိုင်ငံက ၉.၆ ဘီလီယံနှင့် ထိုင်းနိုင်ငံက ၉.၅ ဘီလီယံ မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံထားကြသည်။